Tuesday 18 October 2011

မျက်နှာချင်းဆိုင် ကျောချင်းကပ်

   လက်ယာဘက်ကအဖွဲ့ကမူ အိပ်နေကြပြီ ဖြစ်သည်။ ရှေ့ဘက်ခုံက အဖွဲ့က စကားလက်ဆုံ ကျကောင်းဆဲ။ ကျောင်းက ဆရာတွေ ဆရာမတွေ အကြောင်း၊ ရုပ်ရှင်မင်းသား မင်းသမီးအကြောင်း၊ ကျောင်းဝင်းထဲက ရခိုင်မုန့်တီ အပြိုင်ရောင်းသည့် ဆိုင်နှစ်ဆိုင်အကြောင်း၊ ကျောင်းဝင်းအပြင် မုန့်အုပ်ကလေးဆိုင် ရောင်းကောင်းလာပြီးမှ ကျောင်းထဲကင်တင်းတွင် မုန့်အုပ်ကလေး ဆိုင်သစ် ပေါ်လာသည့်အကြောင်း၊ ဘာပဲပြောပြော ကျောင်းသား ကျောင်းသူတွေ စုစည်စးလာသည်မို့ ကျောင်းထဲတွင်ပင် လည်နေ ကြသည်။
    အနောက်က အဖွဲ့က ရထားကြမ်းခင်းပေါ်ထိုင်ပြီး စကရေဘဲလ် ဆော့နေသည်။ ''ယူ အက်စ် အေ လို့ စီလို့ရလား''၊ ''ဘီအိုအိုတီ ဘွတ် ရှိလား''၊ ''အီးတွေ မရှိပါလား၊ ခက်တာပဲ'' နှင့် ခပ်ဆူဆူ။ အဲ တွဲထိပ်က ဂစ်တာမောင်မောင်၊ ဖိုးဆိုချင်၊ မောင်တီးချင် တစ်စုကတော့ ရထား စထွက်ကတည်းက အရှိန်ခပ်ကောင်းကောင်း။ စဆိုစဉ်ကတော့ လမ်းစဉ်လူငယ်သီချင်းများပင်။ နောက်တော့ ''တေဇလူငယ်၊ တို့လူငယ်''လည်း ဟစ်သည်။ ''တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ''လည်း အော်သည်။ ''အဝေးဆုံး အဝေးဆုံး အဝေးဆုံး''လည်း ဆိုလိုက်ကြသည်။ ''အိုင်အမ်က မမရယ် အိုင်အမ်က မမ''ဆိုပြီးလည်း ကဖျက်ယဖျက် လုပ်လိုက်သေးသည်။ ဘာမျှ ဆိုစရာမရှိလျှင် ''လာ လာ လာ လာ လာ လာ လာ''ဆိုပြီး ဟဲလိုက်ပြန်သည်။ ရပ်နေသည် ဆိုတာ ကတော့မရှိ။ လာမျှ ပူစရာမလို။ တစ်လမ်းလုံး 'ဂွမ်း' အကူအညီ ယူသွားရမှာ သေချာသည်။
    သူတို့ ဂစ်တာအုပ်စုနား တွဲနှစ်တွဲကြားမှာ တပ်ဖွဲ့ထိန်းနေရသည့် သူတွေကိုတော့ သနားချင်သည်။ သို့သော် တွဲစောင့် နေသည့် ပုဂ္ဂိုလ်က သူတစ်ယောက်တည်းနှင့် တွဲပေါက်ကို ပိတ်ထား၍ ရလောက်အောင် တောင့်တင်းလှသည်။ ကိုယ်လုံးအကြီးဆုံး စံပြဆုပေးလျှင် ဝဏ္ဏခိုင်က ကျိန်းသေပေါက်ရမှာ အမှန်ပင်။
    ဝဏ္ဏခိုင်ဘေးမှာ နေစိုး ရှိသည်။ နေစိုးက နိမ့်နိမ့်၊ ဝဏ္ဏခိုင်က ပြည့်ပြည့်နှင့် မြတ်အောင်အေးက ပိန်ပိန်။
    ညအမှောင်ကြောင့် ပတ်ဝန်းကျင်ရှုခင်းကို မမြင်ရ။ မဟူရာကတ္တီပါသား ကျက်ထားသည့် နံရံ့တစ်လျှောက် ပြေးသွားနေရ သကဲ့သို့ ဝဲယာဘေးဘက်သည် အမှောင်အတိ။
    အိပ်ချင်စိတ်သည် လရောင်နှင့်အတူ ပုန်းလျှိုးပျောက်ကွယ်နေတော့သည်။ ရထားမီးရောင် အလင်းလေးကြောင့်သာ စာဖတ်နေနိုင်ခြင်းပင်။ သို့သော် စာကို ကြာကြာမဖတ်နိုင်။ မျက်စိတွေ ကျိန်းစပ်လာသည်။ စာအုပ်ကို ခဏပြန်ပိတ်ပြီး ဘာမျှမမြင် ရသည့် အမှောင်ထုကိုသာ ကြည့်နေလိုက်သည်။ မမြင်ရတာကို ကြည့်နေရခြင်းသည် ဘာအဓိပ္ပာယ် ရှိပါသနည်း။ သို့သော် အမှောင်ကို မြင်ရခြင်းကပင် ထူးခြားနေသည် မဟုတ်ပါလား။
    ''မအိပ်သေးဘူးလား''
    ဆတ်ခနဲလှည့်ကြည့်မိသည်။
    ''သြော်...ဟန်လင်း၊ လာလေ...ထိုင်ပါလား၊ စိုးမိုးနဲ့ နှင်းပန်းညွန့် ဟိုဘက်တွဲ ရောက်နေတယ်''
    ''အင်းဗျာ၊ ကျွန်တော်လဲ ပျင်းပျင်းရှိတာနဲ့၊ အိပ်ချင်စိတ်ကလဲ မရှိဘူးလေ''
    ''အေး...ကိုယ်ရောပဲ၊ ဒါကြောင့် ငေးနေမိတာ။ ဟိုဘက်တွဲမှာရော ငြိမ်ရဲ့လား၊ ဒီမှာတော့ ခပ်ဆူဆူပဲ''
    ''ဒါပေါ့လေ၊ စခန်းမှ မဝင်ရသေးတာ၊ ဆူချင်ဆူကြပေါ့၊ သိပ်မလွန်ရင် ပြီးတာပဲ''
    ''လက်ထဲက စာအုပ်က ဘာလဲ''
    စာအုပ်အဖုံးကို ပြလိုက်သည်။ 'ဆိုဗီယက် လက်ထရစ်ချာ' မဂ္ဂဇင်း။
    ''ဟ...စာကြီးပေကြီးပဲ''
    ဟန်လင်းတစ်ယောက် သည်စကားစပြီဆိုလျှင်ပင် ကိုယ် သက်ပြင်း ခိုးရှိုက်မိတော့သည်။ သည်ကောင်ကတစ်မျိုး။ လူဟန် ကိုက သွယ်နွဲ့နွဲ့၊ နောက် သန့်သန့်ရှင်းရှင်းလည်း သိပ်မရှိလှ။ ခက်တော့ခက်သည်။ လောင်းရိပ်ခေါ်မလား၊ သြဇာလို့ပဲ သုံးရမလား မသိ။ စာသမား ကဗျာသမားဆိုလျှင် လူပုံနွဲ့နွဲ့၊ ညစ်တီးညစ်ပတ်၊ ဖရိုဖရဲ၊ လွယ်အိတ်စုတ်ပြဲပြဲလွယ်၊ ဆေးပေါ့လိပ်များများဖွာ၊ သည်ပုံစံက စာရူးပေရူး။ လူငယ် တော်တော်များများအတွက်တော့ ခေါက်ရိုးကျိုးနေသည့်ပုံစံပင် ဖြစ်သည်။ ဟန်လင်းကလည်းသည်ပုတ်ထဲက သည်ပဲ။
    ''ဒါများကွာ၊ ကိုယ်လဲ သိပ်နားလည်တာ ကြိုက်တာတော့ မဟုတ်ပါဘူး၊ နောက် ခုမှ တစ်အုပ်စ နှစ်အုပ်စ မြည်းဖြစ်တာပါ။ ကျောင်းပိတ်တုန်းလေးလေ''
    ''အေးပေါ့ဗျာ၊ အနားမယူစတမ်းပေါ့''
    ဟန်လင်းက ပြောပြေဆိုဆို ရှေ့ကထိုင်ခုံလွတ်မှာ ဝင်ထိုင်သည်။ စာအုပ်ကို ပိတ်ထားလိုက်သည်။ အမှောင်ကိုငေးပြီး ငိုင်နေမည့်အစား၊ စာဖတ်ပြီး မျက်စိကျိန်းနေမည့်အစား၊ စကားတစ်ခုခု ပြောရလျှင် ဘာပဲဖြစ်ဖြစ် ကုန်ကြမ်းလေးဘာလေး ထွက်လာ နိုင်သေးသည်။
    ''မတာ၊ တခြားဘာစာအုပ်တွေ ပါလာသေးလဲ''
    ''အင်း...မြန်မာဝတ္ထုတော့ နည်းပါတယ်၊ အင်္ဂလိပ်ကဗျာစာအုပ် တစ်အုပ်တော့ ထည့်ခဲ့သေးတယ်၊ တတ်တာလေးတွေ ရွေးဖတ်ရအောင်လေ၊ ကျောင်းစာအုပ် တစ်အုပ်တလေလဲ ပါတယ်လေ၊ မင်း ကြိုတင်လေ့လာချင်ရင် လေ့လာပါလား''
    ဟန်လင်း မျက်နှာ ရှုံ့သွားသည်။ သူ့မျက်လုံးတွေဆီမှ အထင်သေးငွေ့ကို မြင်ရသည်။ လက်ကို ဝှေ့ယမ်းလိုက်သည်။
    ''သွားစမ်းပါဗျာ၊ ကျောင်းစာစကား မပြောပါနဲ့''
    ''ဟင်...ဘာလို့လဲ''
    ကိုယ် နည်းနည်းတော့ အံ့သြသွားသော်လည်း သိပ်တော့လည်း မအံ့သြတော့ပါ။ သည်လိုအရွယ်မှာ စိတ်တွေက မခိုင်မာ မပြတ်သားသေးဟု မပြောနိုင်သော်လည်း သည်လိုစိတ်ကူးနှင့် ရူးနေသည့် လူတွေအဖို့တော့ နံရံလေးဘက်ကြားက စာကို အထင်မကြီးဘူး ဘာဘူး ဖြစ်ချင် ဖြစ်နေတတ်သည်ပဲလေ။
    ''ကျွန်တော် ကျောင်းစာကို စိတ်မဝင်စားဘူး၊ မတာ စဉ်းစားကြည့်လေ၊ ကျွန်တော်တို့ လူသားတွေအဖို့ ကိုယ်ဝါသနာပါ တဲ့ စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်မှသာလျှင် အဲဒီလုပ်ငန်းဟာ ပိုပြီး ဖြစ်ထွန်းတယ်၊ အောင်မြင်တယ်။ ကျွန်တော် တကယ်ပြောတာ ပါ။ ဒီ ဆေးအကြောင်းတွေ၊ ရောဂါအကြောင်းတွေကို စိတ်ဝင်စားတာက လူတွေအကြောင်း၊ လူတွေရဲ့ လူနေမှုဘဝ၊ စိတ်၊ သက်မဲ့ ဝန်းကျင်ရဲ့ လျှို့ဝှက်ခိုအောင်းနေတဲ့ အနုပညာ''
    ကိုယ် တစ်ချက် ရယ်လိုက်မိသည်။ ဟန်လင်း စကားစရပ်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သည်။ နောက် ကိုယ်ကို ရှေ့ဘက်သို့ အနည်းငယ်ကိုင်းကာ ''ကျွန်တော့်စကားလုံးတွေက မတာလို စာရေးဆရာမ တစ်ယောက်ဖို့ ရယ်စရာ ဖြစ်နေပြီလား'' ဟု မေးသည်။ သည်စကားကြားမှပင် ကိုယ့်မှာ ရယ်ချလိုက်မိတော့သည်။
    ''ကိုယ့်ကို စာရေးဆရာမလို့ မသုံးနှုန်းနဲ့ကွာ။ မင်းစကားဆက်ဦးလေ။ တစ်ခုတော့ရှိတယ်နော်။ ကိုယ် မင်းကို ပြောစရာ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ပွင့်လင်းတော့ မမှားတော့ဘူးပေါ့။ မင်း လက်ခံချင် လက်ခံနိုင်မယ်၊ လက်မခံနိုင်လို့ ပယ်ချင် ရင် ပယ်လိုက်ပါ၊ ကိုယ်တော့ ပြောရမှာပဲ''
    ဟန်လင်း နောက်ကို ပြန်မှီသည်။ ကောင်းကင်ကို မက်မောတကြီး မော့ကြည့်သည်။ မေးစေ့တဝိုက်ကို ညာလက်နှင့် ပွတ်သပ်သည်။ နောက်မှ အသံတိုးတိုးနှင့် တဖြည်းဖြည်း ပြောသည်။ သြော်...လွမ်းလွမ်းဆွေးဆွေး၊ တွေးတွေးဆဆပုံပေါ့လေ။
    ''တကယ်ပြောတာ၊ ကျွန်တော် မြန်မာစာတက်ဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမယ့် အိမ်က အရမ်းထည့်လို့ ကျွန်တော် ဒီကျောင်း ရောက်လာခဲ့တာ။ ကျွန်တော့်ရဲ့ ရုပ်ပိုင်းအပြုအမူကိုသာ အိမ်က ချုပ်ချယ်လွှမ်းမိုးလို့ ရတာပါ။ ကျွန်တော့် စိတ်ဝိညာဉ်ကိုတော့ ဘယ်တော့မှ ဘယ်လိုမှ ချုပ်ကိုင်လို့မရဘူး မှတ်ပါလေ...မှတ်ပါ''
    ဟန်လင်း ခေါင်းကို ဘယ်ညာယမ်းသည်။ ခပ်ထေ့ထေ့ ပြုံးသည်။ သြော်...လောကကို စိန်ခေါ်တဲ့ သရော်အပြုံးလေးနဲ့ပေါ့။
    ''မင်း...သတ္တိမရှိဘူးလား''
    ''ဗျာ...''
    ဟန်ထင်း ထရပ်လိုက်သည်။ နောက်မှ ရထားပြတင်းဘောင်ကိုကိုင်ပြီး ပြန်ထိုင်သည်။
    ''သတ္တိ၊ ဘာသတ္တိလဲ၊ ဘာအတွက်လဲ...''
    ဟန်လင်းအသံတွေ တုန်နေပြီ။ ရထားမီးအလင်းအောက်တွင် သူ့မျက်ဝန်းမှ စိတ်အားထက်သန်မှု အရောင်အရိပ်ကို တွေ့လိုက်ရသည်။    ''မင်း မငြင်းဘူးလား၊ မင်း စကတည်းက ငြင်းခဲ့ရင်ကော...''
    ''ဟာဗျာ...''
    ဟန်လင်းက စိတ်ပျက်လက်ပျက်ပုံနှင့် သူ့နဖူးသူ ပြန်ရိုက်လိုက်သည်။ ခေါင်းထပ်ခါသည်။
    ''ကျွန်တော် ငြင်းခဲ့တာ အကြိမ်ကြိမ်အလီလီပါ မတာရယ်၊ အကြိမ်ကြိမ်အလီလီပါ။ မအောင်မြင်ပါဘူးဗျာ။ တခြားအခက် အခဲတွေကိုတော့ ကျွန်တော် မပြောလိုဘူးဗျာ၊ ထားပါတော့။ ကျွန်တော် ဆေးကျောင်းသား ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် မပျော်ဘူး။ ဒါကြောင့်လဲ ကျွန်တော် အတန်းတော်တော်များများ မတက်တော့ဘူး။ ခုဆို ကျွန်တော် တစ်နှစ်လုံးနေလို့မှ မိုက်ခရိုဘိုင် အော်လော်ဂျီ သုံးချိန်ပဲ တက်ဖူးတယ်။ မနှစ်က အလောင်းလုံးဝ မကိုင်ခဲ့ဖူးဘူး။ နောက် ဒီနှစ်မှာ မောဘစ် နှစ်ချိန်ပဲတက်တယ်။ ကျွန်တော်မှ စိတ်မဝင်စားဘဲ။ အဲဒါ တက်မယ့်အချိန်မှာ ကဗျာရေးတယ်၊ ဝတ္ထုရေးတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒီအလုပ်တွေ လုပ်ရတာဟာ လောကီစည်းစိမ်ပဲ''
    ''ဒါပေါ့၊ ဒါကြောင့်လဲ နောက်ဆက်တွဲ ငရဲထိ လိုက်သေးတာပေါ့နော်''
    ကိုယ် ရယ်မောရင်းက ထေ့လိုက်ဖြစ်သည်။ ဟန်လင်း ပုခုံးတစ်ချက်တွန့်သည်။
    ''မတာ...ဒါတွေ ဂရုစိုက်လား၊ ဟုတ်လား၊ ကျွန်တော်တော့ ဂရုမစိုက်နိုင်ဘူးဗျ''
    ''နေဦး၊ မင်း...ကိုယ်မေးတာ အရင်ဖြေပါဦးလေ၊ မင်း ဘွဲ့ရရင် ဆရာဝန်လုပ်မယ်လို့ စဉ်းစားလား၊ ဒါမှမဟုတ် တခြား အလုပ် လုပ်မှာလား''
    ဟန်လင်း ပြုံးလိုက်သည်။ ထေ့ပြုံး။ လှောင်ပြုံး။ ရှက်ပြုံး။
    ''မင်း နောက်ဆုံးတော့ ဘွဲ့တော့ရသွားမှာပဲ။ အဲဒီတော့ မင်းကိုယ်တွယ်ရမှာက သက်ရှိတွေ။ သက်မဲ့တွေမဟုတ်ဘူး။ ဒါကို မင်းသိတယ်။ မင်းနားလည်တယ်။ နှလုံးသား နူးညံ့စေချင်တယ်။ အသိပညာ ရစေချင်တယ်။ ဒါတွေ မင်း ပြောဦးမလား... ရတယ်။ အေး ဒါပေမယ့် လူနာတွေဟာ 'ဟန်ရဲ' ဆိုတဲံ ကလောင်ရှင်ရဲ့ လူနာတွေ မဟုတ်ဘူး။ လူမှုရေး နာကျည်းချက်တွေကို ရင်ဖွင့်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေအတွက် 'ဒေါက်တာ ဟန်လင်း'ကို ပုံအပ်ကြမှာ။ လူ့ကိုယ်ခန္ဓာ တည်ဆောက်ပုံအကြောင်း မသိတဲ့၊ ကူးစက်ရောဂါပိုးတွေကို မသိတဲ့ ဆရာဝန်တစ်ယောက်ဆီမှာ မင်းကိုယ်တိုင်ကရော မင်းကိုယ်ကို မင်းအပ်မလား''
    ဟန်လင်း သက်ပြင်းချသည်။
    ''မင်း စဉ်းစားတတ်ပါတယ်လေ။ ခု မင်းတော်တော် ခရီးပေါက်နေပြီ။ မင်း ဘာဆက်လုပ်ချင်လဲ။ အေး...မင်းမှာသတ္တိ ရှိရင် မင်း အခု ကျောင်းထွက်...ကျောင်းပြောင်းလိုက်။ ကဲ...မင်း လုပ်နိုင်မလား''
    ဟန်လင်း တိတ်ဆိတ်နေသည်။ သည်တစ်ခါတော့ ကောင်းကင်ကို မော့မကြည့်၊ ထိုင်ခုံကြားရှိ ဆွဲခြင်းကို ငုံ့ကြည့်နေသည်။
    ''နောက်ဆုံးတော့ မင်း ဆရာဝန်တစ်ယောက် ဖြစ်လာမှာပဲလေ''
    ''အေ ဂျေ ခ ရို နင် တို့၊ ဆမ်း မား ဆက်မွန်တို့ဆို ဘွဲ့ရပြီးမှ ဒီအလုပ်ကို ဆက်မလုပ်တော့ဘဲ သေတပန်သက်တစ်ဆုံး စာရေးသွားတာပဲ''
    ခပ်ဖြည်းဖြည်း ပြောသည်။
    ''အေးလေ၊ သူတို့က အေဂျေခရိုနင်ပဲ၊ ဟန်လင်းမှ မဟုတ်တာ။ နောက် သူတို့စာက ကမ္ဘာကျော်တယ်။ စာနဲ့ ထမင်းစား နိုင်တယ်။ နောက် သူတို့ သတ္တိရှိတယ်။ မင်းအနေနဲ့ကတော့ ဘယ်နည်းနဲ့မဆို ဒီဆေးကုတဲ့အလုပ်ကို လက်လွှတ်ချင်မှာ မဟုတ်ဘူး။ လက်လဲမလွှတ်ရဲပါဘူးလေ။ ဟုတ်တယ် မဟုတ်လား...''
    တိတ်ဆိတ်နေပြန်သည်။
    ''အေးလေ၊ ဒီတစ်ခုက ပြောရခက်တယ်။ မင်း သူတို့လောက် ဖြစ်မြောက်အောင် ရေးနိုင်မလား။ ဒီစကားပြောရတာ ကောင်းတော့ မကောင်းလှပါဘူး။ ဒါပေမယ့် မင်းကို ပြောချင်လို့ကို ပြောရတော့မယ်''
    ''ပြောပါလေ...ပြောပါ၊ မတာက ကျွန်တော်ထက် ပိုပြီး အောင်မြင်နေတာကိုး''
    ''အဲဒါကြောင့်ပြောတာ။ ကိုယ် ဒီစကားကို မပြောချင်ဘူး။ ကဲပါလေ...ဒါတွေ ပြောလဲ ပြောပြောပဲရှိမှာပဲ။ ကိုယ်ကိုယ်တိုင် ကျင့်မှ ဖြစ်တဲ့ကိစ္စတွေပါ။ မင်း စဉ်းစားပေါ့လေ။ အမြင်မှန်ရရင်တော့ စာပြန်လုပ်ပါ။ နောင်တရတဲ့နေ့ဟာ နောက်ကျမှာ မဟုတ်ပါဘူး။''
    ''ကျွန်တော် စဉ်းစားပြီးပါပြီ။ ဒါပေမယ့်...အို...ကျွန်တော် ဘာမှမပြောလိုပါဘူး။ အခု လောလောဆယ်ကတော့ ဒီလုပ်အား ပေးကိစ္စကိုပဲ ကျွန်တော် အလေးထားတယ်။ ကျွန်တော့်အတွက် အကျိုးရှိမယ်လို့လဲ ယုံတယ်။ အင်းလေ...ကျွန်တော်ဟာ တော်ရုံနဲ့ နောင်တရတဲ့ အကျင့်လဲ မရှိပါဘူး။''
    ''ဒါပေါ့လေ၊ ကိုယ့်စိတ် ကိုယ့်သဘောပေါ့၊ တစ်ခုတော့ရှိတယ်ဟေ့၊ ဝတ္ထုဇာတ်လိုက် တချို့လိုတော့ ကိုယ်ကိုယ်ကို သဘော မထားနဲ့၊ စိတ်ကူးမယဉ်နဲ့...''
    ဟန်လင်း ဘာမျှပြန်မဖြေ။ ငြိမ်နေသည်။ နောက်မှ မတ်တတ်ထရပ်သည်။
    ''ကျေးဇူးတင်ပါတယ် မတာ၊ ကျွန်တော် သွားတော့မယ်''
    ''ကောင်းပါပြီရှင်''
    ဟန်လင်း ထွက်သွားသည်။ သူထပြီး လွတ်ကျန်သည့် ထိုင်ခုံလေးကို ငေးကြည့်နေမိသည်။ သူစိတ်ဆိုးသွားသေးသလား။ ကိုယ် နှုတ်ကျွံမိပြီလား။ တကယ်တော့ စာရေးဆရာတစ်ယောက် ဖြစ်ချင်စိတ်သည် ပြင်းထန်လွန်း၊ လွှမ်းမိုးလွန်းကြောင်း ကိုယ်လည်း အသိ။ သို့သော် ကိုယ်ချစ်သော၊ ဝါသနာပါသော အလုပ်ကို မထိခိုက်ဖို့ဆိုရာတွင် သူများလိုချင်သော အရာကိုပါ လုပ်ရမည်ဆိုသည် ကို ဟန်လင်း နားလည်သင့်သည်။ စာရေးခြင်းကြောင့် စာမေးပွဲကျရခြင်းဟု မယူဆနိုင်အောင် ကျောင်းစာကိုပါ မျှမျှတတ် ဆောင်ရွက် ကျက်မှတ်လျှင် မိမိဝါသနာပါသည့် အလုပ်အပေါ် မည်သူကမျှ နှောင့်ယှက်စရာအကြောင်းမရှိပေ။
    ရထားက အရှိန်ပြင်းပြင်းဖြင့် ဆက်သွားနေသည်။ စိုးမိုးနှင့်နှင်းပန်း ပြန်ရောက်လာပြီး ခုံလွတ်တွင် ဝင်ထိုင်သည်။
    စိုးမိုးက ''ဟယ်...နောက်ပြန်စီးတော့ လေဝင်နည်းလိုက်တာ''ဟု ပြောသည်။
    အတွေး ဆက်နေမိသည်။ တကယ်တော့ ဟန်လင်းနှင့် ကိုယ်သည် စာပေခရီးပန်းတိုင်အရောက် အတူသွားမည့် စာယာဉ်စီး ခရီးသည်များပါပေ။ ကိုယ်က ရထားကို အတည့်ပဲစီးချင်သည်။ စိုက်လိုက်မတ်တတ်။ လုပ်စရာမှန်သမျှကို ရှေ့ရည်မျှော်ပြီး ပြီးအောင် ဖြတ်မည်။ မည်သည့် အဟန့်အတား၊ သံယောဇဉ်ကိုမျှ မချန်လို။ နောက်ဆက်တွဲ စာမေးပွဲ သံယောဇဉ်ကို ဖြတ်သည်။ ရအောင် ဖြတ်သည်။ ပန်းတိုင်ရောက်အောင် ကြိုးစားသည်။ ဟန်လင်းကတော့ ရထားနောက်ပြန်စီးသည်။ နောက်ဆက်တွဲ စာမေးပွဲ သံယောဇဉ်တွေ၊ လူတွေ၏ အမနာပ စကားတွေကို တသသငေးမောရင်း ပန်းတိုင်ဆီ ရွေ့ခဲ့သည်။ သည်လိုပင် တွေးလိုက်မိသည်။
    သြော် ဆေးကျောင်းက စာရူးတွေထဲမှာ ရထားနောက်ပြန်စီးသူ ဘယ်နှစ်ယောက်များ ရှိပေါလိမ့်မလဲနော်။

မသီတာ(စမ်းချောင်း)
၁၉၈၇ ခု၊ အောက်တိုဘာလ၊ ရှုမဝ မဂ္ဂဇင်း

No comments:

Post a Comment