Monday 24 October 2011

ဝါးမလိုချင် သစ်ကိုသာမျှော်မြင်သည်

''ကဲ... ဘယ်လိုလဲ၊ ဘာလုပ်ကြမလဲ... ရွှတ်''
 
တပို့တွဲက နှာရည်တွေကို ထုံးစံအတိုင်း ရှိုက်သွင်းရင်း မေးလိုက် သည်။
 
''ဘာလုပ်ရမှာလဲ... ကန်မှာပေါ့ကွ''
ဝက်သက်က ကားဖြတ်နင်းဖန်များ၍ လေးစိတ်ဖြစ်နေသော ပလက်ဖောင်းခင်းကျောက်ပြားကို ခြေနှင့်ကန်ပြီး ဘုဆတ်ဆတ်ပြန်ဖြေ သည်။
  ''အေး... ကန်ပေါ့၊ လူက ဘယ်လိုခွဲမလဲ''
ရုက္ခစိုးက လက်သန်းနှင့် သွားကြားကော်ထိုးပြီး ခပ်လုံးလုံး ထပ် မေးသည်။
''တောက်..ကွာ... ဒီဓာတ်ဆားဆိုတဲ့ကောင်ကလဲ ခဏခဏ ကို ပန်းနိုင်လွန်းတယ်''
  ''ဟ... ဓာတ်ဆားပါဆိုကွာ''
''အေး၊ သူ့ဘာသာ ဓာတ်ဆားတာ အရေးမကြီးဘူးကွ၊ လူမှ မပြည့် တာ မင်းဘကြီး ဘယ်လိုကန်ကြမှာလဲ''မောင်ရွှီးလည်း စိတ်မရှည်တော့။ အစွန်းထွက်နေသော ခပ်ကြည်ကြည် ပလတ်စတစ်အစကို အရုပ်၏သေ နတ်ပြောင်းဝကနေ ဆွဲဖြတ်ပစ်လိုက်သည်။
''နေစမ်းပါဦးကွာ၊ ငါ စဉ်းစားနေတယ်''
''စဉ်းပြီးမှ စားနေတာလား၊ သြော်... သိပြီ သိပြီ''
မာယာဒူးနာစကားကို မျောက်က ဝင်ဖျက်သည်။
 
''နေစမ်းကွာ မျောက်ရာ... ငါ လူရော၊ ဘောလုံးရောရဖို့တွေး နေတာကွ''
    ''ဆယ်ပြားစေ့နှစ်စေ့ယူဦးမလား... မရှိတဲ့မုတ်ဆိတ်မွှေးလေး  နှုတ်ရင်းပြုရင်းပေါ့ကွာ''မျောက်က ဖျက်ပြောသာ ပြောနေသည်။ မာယာဒူးနာလိုပင် သူ လည်း တွေးနေရပြီ။ ပြောရလျှင် သည်အုပ်စု မှာ မျောက်နှင့် အဘိုးကြီးက အသက်အကြီးဆုံးတွေ။ ဘောလုံးမှာ ပီလီခေတ်မစားတော့သလို မျောက် တို့် လီပီကလည်း လမ်းဘေးပွဲကို စိတ်မဝင်စားတော့။ ကွင်းပွဲတွေပဲ သွား ကစားနေပြီ။ သည်မှာ အရင်အုပ်စုက စိန်တံဆိပ်တို့၊ ပလာတာတို့၊ ဖိုးမန်ချူးတို့ကလည်း ကြီးလာကြပြီ။ ကွင်းပွဲလောက်ပဲ စဉ်း စားနေ ကြပြီ။ မျောက် နှင့် အဘိုးကြီးသာ ဟိုမရောက်သည်မရောက်၊ ကလေးမက လူပျိုမကျ။ လမ်းဘေးပွဲ ကို နွှဲလို့ပျော်နေဆဲ။ ဖိနပ်ဂိုးတိုင်ကို အရသာခံ သွင်းနေဆဲ။အဲ တစ်ခုတော့ရှိသည်။ မျောက်ကသာ ခေတ်ပြောင်းသော်လည်း မျောက်ဟုပင် နာမည်တွင်သည်။ အဘိုးကြီး ကတော့ ကင်ပွန်းတပ်ပွဲ မလုပ် တော့ပဲ နာမည်အသစ်ရနေပြီ။ 'မာယာဒူးနာ'ဟု။ အဘိုးကြီး ဘောလုံးကို သိပ်စိတ်ဝင်စားချိန်မှာ မာရာဒိုနာပေါ်လာသည်။ ဘောလုံးအချစ်တော်တွေ နှုတ်ဖျားမှာမာရာဒိုနာချင်း ထပ်လာသည်။ သည်မှာ အဘိုးကြီး မာရာဒိုနာ ကို ကိုးကွယ်တော့သည်။ လီပီလိုပဲ ရူးသည်။ သူ့ကိုယ်သူ အဘိုးကြီး အခေါ် မခံတော့ဘဲ ကြုံလျှင်ကြုံသလို သူ့အကြိုက် မာရာဒိုနာကို ထည့်ထည့် ပြော သည်။ သို့သော်လည်း လီပီသာ ဖြစ်ခဲ့ရသလို အဘိုးကြီးလည်း မာယာဒူး နာနှင့် ကျေနပ်ရသည်။ ရှုံးခြေပေါ်လျှင် ဒူးနာ၊ ညှို့သကျည်းနာနေလို့ ခြေ မပေါ်သယောင် ပြုတတ် ပြောတတ်သော အဘိုးကြီးအတွက် 'မာယာဒူး နာ'သည်သာ အံဝင်ခွင်ကျ အဖြစ်ဆုံး နာမည်။
သည်အုပ်စုကလည်း သည်လိုပေါက်တတ်ကရ နာမည်ပြောင်ပေး ဖို့ အလွန်ဝါသနာပါသည့် အုပ်စု။ ကိုရင်လူထွက် ဆံပင်နှင့်အောင်မိုးတောင် ဖိုးသင်္ကြန်နှင့် သူလှပြီဆိုကာ အတင်းကာရော အဓမ္မပါ 'ဖိုးသင်္ကြန်' လိုက် ခေါ်ခဲ့တာပဲ ကြည့်။ မာရ်နတ်အခေါ်မခံရတာဘဲ ကျေးဇူးတင်ရမည်။ ငယ် ငယ်က ဝက်သက်မပေါက်ခဲ့ဘဲ မနှစ်က ရှေ့ဆောင်လူငယ်သင်တန်းမှာမှ ပေါက်ခဲ့သည် မြင့်ဦးက ဝက်သက်ဘွဲ့နှင့် စံနေရသည်။ မာလကာပင် အတက်သန်သည့် ဆန်းလွင်က ရုက္ခစိုး၊ နှာရည်ယိုယိုနေတတ်သည့် ခက် သူကိုတော့ 'တပို့တွဲ' ဟု။ ဝမ်းခဏခဏဒုက္ခပေးသော ဇော်မောင်က 'ဓာတ် ဆား'။ ဘောလုံးလည်း ဟုတ်တိပတ်တိမကန်တတ်၊ ဂိုးဖမ်းလည်း မဖြစ် မြောက်သော်လည်း ပါးစပ်က အပြောကောင်းလွန်းသည့် သောင်းထွန်းက ယောင်ရွှီး။
    ''ဟာ သိပြီကွ...''
မာယာဒူးနာ ခေါ် အဘိုးကြီး ခေါ် သီဟ အသံကြောင့် အားလုံး လန့်ဖျပ်သွားကြသည်။ ဝက်သက်က ယောင်ရွှီး နားရွက် ကို ဆွဲခါပြီး 'လိပ် ပြာ လိပ်ပြာ' ဟု အော်လိုက်သည်။
    ''ဟူး... ဘာလဲ၊ အလန့်ထန်းလျက်''
    မျောက်က ခပ်ငေါက်ငေါက်မေးသည်။
    ''ဟိုကွာ... ဟိုအိမ်ကို ဟိုနေ့က ပြောင်းလာတဲ့ ဟိုကောင်လေး လေကွာ၊ ညနေညနေ အကျဝတ်ဝတ်ပြီး သူ့ခြံထဲ ဘောလုံးဆင်းဆင်း ဆော့ တဲ့ ကောင်လေးလေ... ဟိုကွာ... ဟိုလူကြီးရဲ့သားကွာ၊ ဟိုကားကြီး စီးတဲ့ကောင်ကွာ... ဟေး တွေ့လား၊ တွေ့လား၊ ဟိုမှာ အပီအပြင် သ,ပြီး အိမ်ထဲက ထွက်လာပြီ ပြီးရင်တစ်ယောက်တည်း ငေါင်းစင်းစင်းနဲ့ ဘောလုံး ဆော့ဦးမယ်၊ ဟိုမှာ... ဟိုမှာ တွေ့လား''
    ''အေး တွေ့တယ်ကွ''
    ''ဟာ... အဲဒီကောင်အဖေက ဟိုရုံးကလေကွာ''''အေးကွ.. အဲဒီကောင်အိမ်မှာ တီဗွီရော ဒက်ရောရှိတယ်ကွ၊ ငါ့အမေနဲ့ တစ်ခါရောက်ဖူးတယ်၊ အပြတ်အိုကေတယ်ကွာ၊ အိမ်ထဲမှာ ဇိမ် ပဲ၊ ငြိမ့်နေတာပဲ''
    ''အံမာ ဒါတောင် ဒီအိမ်က သိပ်မကောင်းလို့ ထပ်ပြောင်းဦးမှာ ပြောတာပဲကွ''
    ''ဟာ ဘာတွေလဲ၊ နေကြပါဦးကွာ၊ ငါပြောတာက အဲဒီကောင်နဲ့ ဘောလုံးကန်ဖို့ပါကွ''
မာယာဒူးနာ စိတ်ညစ်သွားသည်။ တစ်ယောက်တစ်ပေါက်နှင့် ဝေဖန်ချက်ရော ကြားသိချက်တွေပါ လာတင်ပြနေသည်။ အရေးကြီးတာ က အဲဒီကောင်အကြောင်းမဟုတ်။ အဓိကကျတာကိုတော့ ဘယ်ကောင်မှ မတွေး၊ မပြော။
    ''ဟာ... မဖြစ်ဘူး ထင်တယ်ကွ''
အဲဒီကောင့်အိမ်ရောက်ဖူးသည်ဆိုသော ဖိုးသင်္ကြန်က ကန့်ကွက် လိုက်သည်။ ထောက်ခံမည့်သူတွေပေါ် လာသည်။
    ''ဟုတ်တယ်... ငါတို့နဲ့ ကီး မကိုက်ပါဘူးကွာ''
    ''ဟာ... ဒီကောင့် ကြည့်ရတာ 'အင်' ကြီးပါကွာ''
    ဘာဘာညာညာ ဝိုင်းတွန်းကြသည်။
    ''ဘာလို့လဲကွ''
 
မျောက်ကတော့ မာယာဒူးနာနှင့် အတွေးချင်းတူမိသူမို့ သည်ဖိုး သင်္ကြန် ကန့်ကွက်စကားကို ဖျက်ချင်သည်။
    ''လုပ်မနေနဲ့ ကိုယ့်လူ... ဒီကောင်က ငါတို့နဲ့ ကစားမှာလဲ မ ဟုတ်ဘူး၊ ကစားလဲ သူ့သားရေဘောလုံး အကောင်းစားနဲ့ လာကစားမှာ မဟုတ်ဘူး၊ နောက်... မကိုက်ပါဘူးကွာ၊ သူက ဖိနပ်ကြီးနဲ့၊ ဒီမှာ ကစား ချင်ရင် ငါတို့ထဲက တစ်ယောက်ကို ခဏထုတ်၊ သုံးယောက်စီ ခွဲကန်၊ တစ် ဂိုးသွင်းပြီးရင် ရှုံးတဲ့ဘက်က တစ်ယောက်ထွက်ပြီး အဲဒီနေရာက ဝင်ကစား၊ ဒါပဲ၊ ဘောလုံးလဲ ပိုက်ဆံစုပြီး အသစ်ဝယ်တာပေါ့၊ အဲဒီ ပိန်ရှုံ့ရှုံ့နဲ့တော့ ဇယားမကိုက်တာ သေချာတယ်၊ ဒါပဲ ရှိတာပဲ''
ဖိုးသင်္ကြန်က ရှင်းလင်းရေးတာဝန်ကို အပြည့်အဝ ဝင်ယူသည်။ သို့သော် မည်သူမှ မရှင်း။ လူ သတ်သတ်မှတ် မှတ် မရှိဘဲ 'ဂိုး' မှဝင်ကစား ရမည်ဆိုသည်ကိုက အဟုတ် မဟုတ်သေး။ ဟိုဘက် အားပေးရမလို၊ ဒီ ဘက် အားပေးရမလို ဖြစ်တာအသာထား။ မတော်လို့ ဘယ်ဘက်ကမှ ဘာ ဂိုးမှ မသွင်းနိုင် ဘဲ မိုးချလာ ရင် ပြဿ နာ။ အူကြောင်ကြောင်နဲ့ အိမ်ထဲ ပြန်ဝင်ရမည့်အဖြစ်။ နောက် တစ်ဖက်သုံးယောက်က သိပ်မလှ။ ပြီးတော့ ကျောင်းပိတ်ရက်မှာ မုန့်ဖိုးအပြည့်မရသူတွေချင်းဆိုတော့ အကြောင်းသိ၊ သဘောပေါက်။ အသစ်စု ဝယ်ရအောင် မလွယ်။
    ''နေကွာ... ဘာပဲဖြစ်ဖြစ်ပေါ့၊ ငါခေါ်ကြည့်လိုက်မယ်လေ... မကစားဘူးဆိုလဲ နေပေါ့၊ အစမ်းသဘောပေါ့''
    ယောင်ရွှီးကစပြီး စေတနာ့ဝန်ထမ်းသည်။
    ''အောက်ပါတယ်ကွာ... လုပ်မနေပါနဲ့''
    ရုက္ခစိုးက မာနပြချင်သည်။
    ''ဟာ... ငါတို့က အိမ်ရှင်ပဲ၊ အဲ... ဘာလဲ သူက ပြောင်းလာ တဲ့ ကောင်ကွာ၊ ငါတို့ စ,ခေါ်တာ မအောက်ပါ ဘူး''
    တပို့တွဲက ဝင်တားသည်။ ပြေရာပြေကြောင်းဆိုစေ့ချင်သည်။
    ''မင်း သွားခေါ်ပါလား၊ ဘောလုံးစိုက်ဖို့ပါ ပြောရမှာနော် ဟေ့ကောင်''
    ''ရွှတ်''
တပို့တွဲ စကားပြန်မရ။ နှာရည်တွေပဲ ရှိုက်သွင်းပြသည်။ ရုက္ခစိုး က နှာခေါင်းရှုံ့ပြီး တစ်ဖက်လှည့်ကာ မြောင်းထဲကို တံတွေးလှမ်းထွေးသည်။ မြောင်းနားက မျောက်က ခြေတပေါင်ကျိုး ခုန် ပြီး နေရာရွှေ့ရင်းကနေ 'အေး အဲဒါ ယောင်ရွှီး မင်း ပြောပါလား' ဟု အကြံပေးသည်။ 'ဟား ဟုတ်တယ်၊ ဒီနေရာမှာ ယောင်ရွှီးတို့ပွဲပဲကွ၊ သဘောပေါက်' မာယာဒူးနာ ဝမ်းသာအားရ ဝင်တာဝန်ပေး ရင်း မြှောက်လိုက် သည်။ 'အင်း...အဲ' နှင့် ယောင်ရွှီး စကားလမ်းကြောင်းပြောင်းဖို့ ကြံသည်။ နောက်မှ မင်းတို့လည်း လိုက်ခဲ့လေ ကွာ' ဟု ဆိုသည်။
    ''သွားလေကွာ... မင်းရှေ့ကသွားမှပေါ့''
    ''အေးပါကွ၊ မင်းတို့ လိုက်ခဲ့ပါဆို''
    ''သြော်... ယောင်ရွှီးရာ သွားမှ သွားပါကွာ''
    ''ငါ့ဘောလုံးတော့ ပေးကန်လို့ မဖြစ်ဘူးကွ၊ ဒါ ငါ့အဖေ...''
 
ဟိုကောင်စကားမဆုံးခင်မှာပင် 'မင်းမှာ ပလတ်စတစ်ဘောလုံး မရှိဘူးလားကွ...၊ ငါတို့ဘောလုံးက မနေ့ကပဲ ကားကြိတ်သွားတာ ပြန် ဖောင်းလို့မရတော့ဘူး' ဟု မျောက်က ဝင်ပြောလိုက်သည်။ ဟိုကောင်က မကြည်ကြည့် ပြန်ကြည့်ပြီးမှ သူကစားနေသော သားရေဘောလုံးကို ကား ဂိုထောင်အတွင်းထဲဆီ ကျုံးကန် လိုက်သည်။
    ''ဟဲ့.. သား ဘာဖြစ်တာလဲ''
    ''ဘာမှ မဖြစ်ပါဘူး မာမီ... ဘာမှ မဖြစ်ပါဘူး''
    မာယာဒူးနာက စိတ်ထဲ နည်းနည်းပေါ့သွားသည်။ သူ့အမေကို တောင် ပြန်ဟောက်သည့်အကောင်ဆိုတော့ ငါတို့ကို အကြောကြီးနှင့် ပြော ချင်ပြောမှာပေါ့ဟု တွေးမိသည်။ သူရော သူ့ဆီက ဘောလုံးရော ရမှာဆို တော့ သည်းခံမှဟု တွေးမိပြီး 'ဘယ်လိုလဲ၊ မင်းတစ်ယောက်ထဲ ပျင်းနေမှာ စိုးလို့ပါကွ'' ဟု စကားရောဖောရော ဝင်လုပ်သည်။
    နောက်ဆုံးတော့ 'ငါ့ဘောလုံးကို ဂရုစိုက်ရမယ်၊ နောက် ငါ့ဖိနပ် တော့ မချွတ်နိုင်ဘူး...၊ ငါ ရပ်ချင်ရင် ငါ့ဘောလုံးပါ ယူပြီး ထွက်သွား မှာပဲ' ဆိုသည့် သဘောသူညီချက်တွေကို ဇွတ်ကျေနပ်ပြီး ကစားဖြစ်သည်။ ဘောလုံးက ပလတ်စတစ်ဘောလုံးအသစ်စက်စက်။ ခုပဲ ဟို ကောင့်အစ်မအပ်နှင့် လေလျှော့ပေး လိုက်ခြင်းဖြစ်သည်။ ခုန်လည်း မခုန်တော့။ ပိန်ရှုံ့လည်းမသွားသေးသည့် ဘောလုံးလေးကို ကန်ရပြီဆို သည်နှင့် မျောက်တို့ ကျေနပ်ရသည်။
    ''ဟို.. ဟို.. ဟိုကောင် မင်းကိုပြောနေတယ် မဟုတ်လား၊ ငါ့ ကိုပေးပါဆို မင်းနော် ငါ မကန်ချင်တော့ဘူး''
''ဟေ့ကောင်.. ဘာလဲ မင်းက ဘာကောင်လဲ ဘာလို့ ရှေ့တက် လာရတာလဲ၊ သွား... နောက်မှာ ပြန်နေ၊ သေ မယ်၊ ဘာထင်လဲ၊ အေး ဂိုးသွားလို့က မင်းသိမယ်..ငါ့အတွက်အရုပ်ကို မင်းပေးရမှာပဲ၊ ဟင်း...''      
''ဟာ.. ဘာကွ.. မရဘူး.. ငါတို့အောက်ပဲ.. ဟိုကောင့် ခြေထောက်ဖျားနဲ့ ထိသွားတယ်၊ ငါတွေ့တယ်.. ငါတွေ့တယ်ဆိုကွာ.. အေး.. ညစ်ထားပေါ့လေ.. ထားပေါ့''''ဘာလဲ ဂိုးတယ်ကွာ၊ ဂိုးတယ်၊ ကပ်ဝင်သွားတာပဲကွ၊ မင်းပေး မလား၊ မပေးဘူးလား၊ မပေးရင်နေ ငါ့ဘောလုံးပြန်ပေး၊ တော်ပြီ ငါထွက် မယ်''
ပွဲမှ ပီပီပြင်ပြင်မစရသေး။ ဂူးလစ်အသံက ညံစီလာသည်။ အာဏာစက်က ထန်ပြင်းလာပြီ။ တစ်ယောက် နာမည် တစ်ယောက် ပြော ပြစဉ်က နာမည်ပြောင်တွေသာ ပြောဖြစ်သည်။ သည်မှာ မာရာဒိုနာ လက် သစ် မာယာဒူးနာအကြောင်းသိသွားတော့ ဟိုကောင်ကလည်း အကြောမခံ၊ သူ့နာမည် 'ဂူးလစ်' တဲ့။ မျောက်တို့ နားမလည်။ ဘာမှန်းမသိ။ ဟိုကောင် ကပဲ ပြောပြသည်။ ခုနှစ်ဥရောပ တံခွန်စိုက်ပွဲမှာ အကောင်း ဆုံးဘောလုံး သမားဆုရတဲ့ကောင်နာမည်က 'ဂူးလစ်' တဲ့။ 'နယ်သာလန်' ကတဲ့။ မာရာ ဒိုနာက နှစ်ဟောင်းတော့မှာတဲ့ ဟုတ်မဟုတ်တော့ မသိ။ မျောက်တို့နည်း နည်း ဖြုံသွားသည်။ ဒီကောင်က ညတိုင်း ဂြိုဟ်တုသတင်းကြည့်တဲ့ကောင် မဟုတ်လား။ နောက်ဆုံးပေါ် ဘောလုံးသမားသစ် နာမည် ဆိုတာ ဖြစ်ကောင်း ဖြစ်မည်။ ယုံလိုက်ရသည်။ မယုံလို့လည်းမရ။ ဘောလုံးစိုက်ထားတာက 'ဂူးလစ်'။ လူလိုလို့ ဝင်ဖြည့်ကန်နေတာက 'ဂူးလစ်'။ မပြစ်မှားရဲ။ မပြစ် မှားနိုင်။
    ပွဲက စည်တော့ စည်သည်။ ဂူးလစ်တစ်သံတည်းနှင့်ကို စီသည်။ ညံစီသည်။
 
မျောက်၊ ရုက္ခစိုး၊ ယောင်ရွှီးနှင့် ဂူးလစ်က တစ်ဖက်။ လမ်းထိပ် ဘက် ဂိုးတိုင်။ မာယာဒူးနာ၊ ဖိုးသင်္ကြန်၊ ဝက်သက်နှင့် တပို့တွဲက တစ် ဖက်။ သည်ဘက်က ဂိုးတိုင်။ ခုထိတော့ ဂိုးမရှိ သရေ။ ငြင်းတာကတော့ ခဏခဏ၊ ဂူးလစ်ဖိနပ်နှင့် တက်နင်းခံရလို့ မကျေမနပ်ဖြစ်ရတာလည်း မကြာမကြာ။ မျောက်နှင့်မာယာဒူးနာ က ကိုယ့်လူကိုယ်ချော့ရတာ အကြိမ် ကြိမ်။ ဂူးလစ်ကို ဖျောင်းဖျရ ဖားရ မော့ပြောရတာက အခါခါ။
    ''ဟေ့ကောင်... မချနဲ့ကွ၊ မင်းက ဖိနပ်ကြီးနဲ့ လူချတာတော့ မတရားဘူးကွာ''
ဖိုးသင်္ကြန် မခံနိုင်တော့၊ ဒေါသအိုးကို ဖောက်ခွဲလိုက်ပြီ။ ပြော ပြောဆိုဆို ဘောလုံးကို ကျုံးကန်ပစ် လိုက်သည်။ ဘောလုံးက ခြံစည်းရိုး တစ်ခုကိုမှန်ပြီး ကတ္တရာလမ်းပေါ် ပြန်ရောက်လာသည်။ ဝက် သက် ဘော လုံးကို မိသည်။ ဆွဲပြေးသည်။ ဂူးလစ်တောက်တစ်ချက် ခေါက်၊ ထွီ ခနဲ တံတွေးတစ်ချက်ထွေးပြီး ဝက် သက်နောက်လိုက်သည်။ ဘောလုံးက တပို့တွဲဆီ ရောက်သွားပြန်သည်။ ရုက္ခစိုး ဝင်ဖျက်သည်။ မရ။ တပို့တွဲက ဘောလုံးကို ပင့်ထိုးပြီး ဖိုးသင်္ကြန်ဆီ ပြန်ပေးသည်။ ဖိုးသင်္ကြန်ရှေ့က ဝင် လာသော ယောင်ရွှီးကို လိမ်ပြီး ထောင်တင်လိုက်သည်။ မာယာဒူးနာ ရ သည်။ ဆွဲပြေးပြီ။ ဂူးလစ် မနေသာတော့။
''တက်ဖျက်လေကွာ... ဖျက်... ဖျက်... ဟိုကောင် ရုက္ခစိုး ဝင်ဖျက်''
ရုက္ခစိုး အပြေးလိုက်လာသည်။ မရ။ မျောက်လည်း ဂိုးနားမှာ နေရာ ပြန်ယူသည်။ ဘောလုံးက မယာဒူး နာ ခြေထဲမှာပင် ရှိသေးသည်။ ဂူးလစ် အပြေးဝင်ပြီး ဖျက်သည်။ ဘောလုံးကို မထိ။ မယာဒူးနာခြေဖမိုးကိုသာ အဖျားခတ် ထိသွားသည်။ မျောက် ကြောင်တက်တက်နှင့်မို့ ဘောလုံးက ဂိုးတိုင်ထဲ ဆင်မယဉ်သာ ဝင်သွား သည်။
''တောက်... မင်းကွာ... မင်း အသုံးမကျဘူး.... အဲဒါ... မင်း အသုံးမကျတာ...''
မျောက် ဒေါသတွေ လိပ်တက်လာသည်။ ဂူးလစ်က သူ့ထက်ငယ်သည်။ နောက် သည်အုပ်စု မှာ မျောက် ကို ပြန်အော်ဖို့ မပြောနှင့်။ အချင်းချင်း အပြစ်တင်တာပင် ခပ်ရှားရှား။ အနိုင်အရှုံး အရုပ်အနည်း အများရတာ ဘာမှသိပ်မတွေးကြ။ ဘောလုံးရှိလျှင် ကန်ကြမည်။ ကန်ရလျှင် ပျော်ကြသည်။ ရှုံး လည်း ပျော်နေ သည်။ ရော့ယူ၊ လေးရုပ်ကြေးလည်း ဘာအရေးမှတ်လို့၊ တစ်ယောက်တစ်ရုပ် ထုတ်နေစရာ မလို။ မကစား ခင်က စုထားသည့် လေး ယောက်ပိုင်ထဲက ရွေးယူသွား။
သည်ကောင်နှင့်ကစားမှ တစ်ရုပ်စီစုပြီး ပေးရရှင်းရဖို့ ဖြစ်လာသည်။ နောက် မပျော်ရ။ အားအားရှိ ဟိုအော် သည်ဟစ်။ သူချည်း ကြိမ်းနေမောင်း နေသည်။ သူ့ဆီက ဘောလုံးသာမရလျှင် သူ့ကို ဘောလုံး နည်းတူကန်ပစ် ချင်သည်။ သူမပါလည်း ဖြစ် သည်။ ဘောလုံးသာ မရှိလျှင် ဘောလုံး သည် ဖြစ်မလာ။
''တော်ပြီ၊ သွား...သွား...မင်းတို့ အကုန်တက်ကြ... ငါ ဂိုးစောင့် မယ်''
သည့်နောက် ဂူးလစ် ဥစ္စာစောင့်လို ဂိုးတိုင်က မခွာတော့။ တစ်ထောင့် ထွာအကျယ်ဂိုးပေါက်ကို သူ့ခြေဖဝါးနှင့် အလျားလိုက်ရအောင် ထောင်ပိတ် သည်။ လူကယိုင်ချင်ချင်။ သို့သော် ရှေ့ကို လုံးဝတက်မ လာတော့။ ဂိုးတိုင် မှပင် သြဇာပေးတော့သည်။
''မျောက်... ဝင်ဖျက်လေကွာ၊ ဖျက်ပစ်''
''ဟိုကောင် ရုက္ခစိုး သယ်သွား...သယ်သွား... ယောင်ရွှီးကိုပေး လိုက်''
''ဟေ့... တပို့တွဲကို ကပ်ထားကွ၊ အံမာ ငါတို့အောက်... ငါတို့ အောက်... ရုက္ခစိုး မြှောက်လေကွာ၊ ဟိုမှာ... ဟိုမှာ... ယောင်ရွှီး ကိုပေး...''
''ဟာ... မျောက်ကွာ...၊ အသုံးကို မကျဘူး၊ ဖိုးသင်္ကြန်နဲ့ ဝက်သက် ကြားမှာ ဝင်ဖျက်ပါဆို... ဘာငေးနေမှန်း မသိဘူး၊ တင်... တင်... တင်ထား၊ လိုက်... လိုက်... အပြေးလိုက်၊ ကန်မယ်... ကန် မယ်...ဟာ... တောက်''
မယာဒူးနာတို့ဘက်က လေးယောက်လုံး တက်၊ လေးယောက်လုံးဆင်း အပေးအယူမျှသည်။ အချိတ်အဆက်လုပ်လို့ လွယ်သည်။ ပို့ပေးလျှင် ဖမ်း မည့်လူ အဆင်သင့်။ ပင့်ပေးလျှင် ထောင်မည့်လူ ရှိသည်။ သုံးယောက်က မျောက်တို့သုံးယောက်ကို အသေကပ်ထား။ နောက်တစ်ယောက်က လှုပ် ရှားမည်။ ဖျက်မည်။ ပစ်တင်မည်။ ကျုံးမည်။ လိုလျှင် နောက်ကို အပြေး ဆင်းမည်။ ဂိုးဖမ်းမည်။ ဂိုးစောင့်မည်။ သည်လို... အဆင်ပြေသလား မမေးနဲ့''
မျောက်တို့မှာတော့ သုံးယောက်တည်းနှင့် ဟပ်ထိုးလိုက်နေသည်။ သုံး ယောက်လုံး အသေကပ်ထားခံရတော့ ဘယ်ကနေ ညာကိုပေးလျှင် ဟိုဘက် က ဝင်ဖျက်သွားသည်။ ဘောလုံး ရလာလို့ ရှေ့ကို ထောင် တင်လိုက်လျှင် ထောင်ဖမ်းမည့်လူ မရှိ။ ဟိုဘက်က ဝင်သယ်သွားသည်။ ဂိုးနားမှာဆို တင် သည့်လူက တင်လိုက်သည်။ ဂိုးရှူးမည်လူမရှိတာနှင့် ဟိုဘက်ဂိုးက ဖမ်း ပြီး ပြန်ကျုံးလိုက်တော့ ကိုယ့်ဘက်အခြမ်း ထဲပဲ ဘောလုံးက ပြန်ရောက်လာ သည်။ သည်နေရာမျိုးမှာ နားက ညည်းရပြီ။ ဂူးလစ်တို့ မေတ္တာပို့ပ။ ဂိုး တိုင်နားမှာအမြိုင့်သား ခါးထောက်ပြီး လမ်းညွှန်သဘောတရားတွေ အော် သည်။ အပြစ်တင်တရား သဘောတွေ ပြောသည်။
''ဆွဲထားကွ... ဆွဲထား... မဒုနာကွ...''
ခပ်မြန်မြန်ပြောသဖြင့် မယာဒူးနာမှာလည်း မဒုနာ ဖြစ်သွားသည်။ ခပ်မြန်မြန်ပြေးသဖြင့်လည်း ဘောလုံးက ဟိုဘက်ခြမ်းကို အတော်ကြီး ကျွံ ခဲ့ပြီ။ နောက်တန်းကနေ တပို့တွဲ အပြေးတက်လာရင်း အော်ဟစ်အားပေး သည်။ ရုက္ခစိုးကို လိမ်သည်။ ဖိုးသင်္ကြန်ဆီ ပို့သည်။ ဖိုးသင်္ကြန်ကနေ မယာ ဒူးနာဆီ ပြန်ရောက်သည်။ မျောက် ဖျက်သော်လည်း မမီ၊ ဂိုးသွားသည်။ မကျေမနပ်နှင့် ဂူးလစ် 'ရှေ့တန်းတက်မည်' ဟု ကြေညာသည်။ ယောင်ရွှီး ဂိုးစောင့်။ ဂိုးတိုင်နားကနေ ခြေတစ်ဖဝါး မခွာခဲ့နဲ့၊ ရာဇဒဏ်။
ဂူးလစ် ကွင်းထဲဝင်လာသည်။ အစွမ်းကုန် ကြိုးစားသည်။ ကင်းဘတ် ရှူးနှင့် ခြေခုတ်လေသည်။ ပါးစပ်သေနတ်နှင့် လေပုပ်စေသည်။ အရုပ် တစ်ရုပ် ပြန်ရရေးအတွက် ချွေးတွေထွက်လာသည်။ ကိုယ့်ဘာသာ ကင်ပွန်း တပ်ထားသော 'ဂူးလစ်' နာမည်အတွက် ဇောတွေတက်လာသည်။
မာယာဒူးနာကို ခေါက်ခဲ့နိုင်သည်။ တပို့တွဲကို ခြေခုတ်ပြီး ဖြတ်တင် လာသည်။ ရုက္ခစိုးကို ပေးသည်။ ဝက်သက်ရန် အေးသည်နှင့် ရုက္ခစိုးဆီ က ဘောလုံးကို ပြန်တောင်းသည်။ သည်တစ်ခါ ဘယ်သူ့ကိုမျှ မပေးတော့။ တစ်ယောက်တည်း သယ်သည်။ လမ်းမှာ တွေ့သမျှ ခြေတွေခုတ်ခဲ့သည်။ လိမ်ခဲ့သည်။ ခေါက်ခဲ့သည်။ လှိမ့်ခဲ့သည်။ အန္တရာယ်တွေ ကျော်လာသည်။ ရှေ့မှာ ဂိုးစည်းနှင့် ဖိုးသင်္ကြန်၊ ဒါပဲရှိသည်။
ကိုယ့်လူရော သူ့လူပါ နောက်တွင် ချန်ရစ်ပြီ။ ဖိုးသင်္ကြန် ဂိုးစည်းရှေ့ ကို ခြေတစ်လှမ်းတိုးသည်။ ဘယ်ဘက်ထောင့်က ဟန်ချက်ပျက်သွားသည်။ အိုကေ၊ တွစ်(စ)ယူပြီး ကျုံးကန်ပစ်လိုက်သည်။ လှလှပပလိမ့်လိမ့်လဲလဲ ဘောလုံးက ဝင်သွားသည်။
''ဂိုး...''
ဂူးလစ် သူ့လူတွေနှင့်အတူ အားရပါးရ အော်လိုက်သည်။
''တီ... တီ...''
ကားဟွန်းသံက နောက်မှ ကားဘီးက ဘောလုံးကို အရင်ကြိတ်မိသွား သည်။ ကားသမား ဘာမှမသိ။ လမ်းထိပ်ကိုပင် ရောက်သွားပြီ။ ဘောလုံး ကတော့ ပြားချပ်နေပြီ။ နံပြား ဖြစ်သွားပြီ။
အားလုံး စိတ်မကောင်းကြ။ ကြောက်လည်း ကြောက်နေကြသည်။ ဂူး လစ် ဘာပြောမည်လဲ။ အလျော်တောင်းမည်လား။ သူ့ဘာသာသူ ကန်လိုက် သည့်အတွက် အလျော်တော့ မတောင်းနိုင်။ (အလျော်တောင်းလျှင်တော့ ကွဲပြီ၊ အလျော်တောင်းစရာ အရေးပေါ်ငွေလိုတော့မည်။ ခက်သည်။) သို့ သော် အော်ကောင်း အော်မည်။ ငေါက်ကောင်း ငေါက်မည်။ အားလုံးအတွေး က တူသည်။ သို့သော် ဂူးလစ်မအော်။ ဂူးလစ်ပျော်သည်။ တစ်ရုပ်ပြန်ရ ပြီ။ သူ့ကြောင့် သူ့ဘက်က ချေပဂိုး သွင်းနိုင်ပြီ။
''ကဲ... ငါသွားတော့မယ်''
''ဟင်''
အားလုံး အံ့သြသွားသည်။ ဘာမျှ ပြန်မပြောဖြစ်ကြ။
''ဘောလုံးလည်း ပြားသွားပြီ၊ ငါလည်း ဂိုးသွင်းလိုက်ရပြီ၊ ငါမကစား ချင်တော့ဘူးကွာ... ကျေနပ်သွားပြီ''
ငေးကြည့်နေရုံမှအပ ကျန်လူတွေ မလှုပ်ရှားကြ။
''ဘောလုံးကို လွှင့်ပစ်လိုက်တော့...''
ဂူးလစ် သူ့ခြံထဲ ဝင်သွားသည်။ သည်တော့မှ တပို့တွဲက ဘောပြားကို ကောက်ပြီး လက်နှင့် ဖောင်းလာအောင် ကြိုးစားသည်။ ဝက်သက်က စိတ် မရှည်။ တပို့တွဲလက်ကနေ ယူပြီး ပါးစပ်နှင့် လေမှုတ်ဖို့ ဟန်ပြင်သည်။
''ဟာ... ဟေ့ကောင်... ဝက်သက်၊ မလုပ်ပါနဲ့ကွာ၊ မကောင်းပါ ဘူး၊ ထားလိုက်စမ်းပါ၊ ဟိုကောင်လည်း သွားပြီ၊ ငါတို့ခုနစ်ယောက် ဖြစ် အောင်ကန်မယ်ကွာ၊ လေးယောက်တစ်ဖက် သုံးယောက် တစ်ဖက်၊ ငါ သုံး ယောက် ယူမယ်၊ ငါနဲ့ ရုက္ခစိုးနဲ့ ဖိုးသင်္ကြန်နဲ့၊ ကဲ... ကျေနပ်တယ် မဟုတ် လား''
မျောက်က ဝက်သက်ဆီက ဘောလုံးကိုယူပြီး မြောင်းထဲလွှင့်ပစ်လိုက် ရင်း ပြောသည်။
''နေပါဦး... ကျေနပ်တယ်ဆိုရင် ဘယ်မှာလဲ ဘောလုံး...''
တပို့တွဲက ပုဆိုးစနှင့် မျက်နှာသုတ်ရင်း ဝင်မေးသည်။
''ကွာ... ဘာခက်တာမှတ်လို့ ပိုက်ဆံစုမှာပေါ့၊ ပြီးရင် လမ်းထိပ်က တရုတ်မဆိုင်မှာ သွားဝယ်မယ်၊ နောက် ကန်မယ်၊ နောက်နေ့လည်း ဟို ကောင့်ကို မခေါ်ဘဲ ငါတို့ချည်းပဲ ကန်မယ်၊ ကန်ချင်သလို ကန်မယ်၊ ကသဘောတူတယ် မဟုတ်လား''
အသံတော့ဖြင့် မကြားရ။ အားလုံးကတော့ လက်မကိုယ်စီ ထောင်ပြသည်။ လက်မတွေအားလုံး ဖြောင့်နေကြ သည်။

မသီတာ(စမ်းချောင်း)
ဆူးဒဏ်မဲ့သစ်ရွက်များ ၀တ္ထုတိုပေါင်းချုပ်မှ

No comments:

Post a Comment