Friday 11 November 2011

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

ဂရင်းကန်ညွန် ရှိတဲ့ ပြည်နယ်က အာရီဇိုးနား ပြည်နယ်ပါ။ လပ်စ်ဗေးဂတ်စ် ရှိတဲ့ နီဗားဒါး ပြည်နယ်နဲ့ ကပ်လျက်ပေါ့။ သည် ပြည်နယ် နှစ်ခုစလုံးက သဲကန္တာရ ဆန်တဲ့ နေရာမို့ အပူပိုင်း အပင်တွေကို အများအပြား တွေ့ရပါတယ်။ သည်အပင်တွေ အားလုံးက Cactus အနွယ်ဝင် တွေပါ။ မူလဘူတ အမေရိကပိုင် အပင်တွေလို့ ပြောရမှာပါ။ ကိုယ်တို့ ငယ်ငယ်က ကြည့်ဖူးတဲ့ အမေရိကန် ကောင်းဘွိုင် ကားတွေမှာ တွေ့ရတတ်တဲ့ ကန္တာရဆူးပင် ရှည်မျောမျော တွေကို တွေ့ရတော့ ဒါမှ အစစ် အမေရိက တောမှာ ပါလားလို့ သတိရမိပါတယ်။ ငါးမျှားချိတ် ဘောလုံးလို့ ခေါ် ကြတဲ့ ဖြူကောင် လုံးလုံးတွေလို အပင်လေးမျိုး တွေကိုလည်း တွေ့နိုင်ပါတယ်။

မြို့ပြရဲ့ စည်ကားလှပမှုထက် ကျေးလက်ရဲ့ သဘာဝလှပမှုကို စုံမက်တဲ့ ကိုယ်ကတော့ သွားလေရာမှာ မြို့ပြနဲ့ ဝေးရာကို ရှာသွား တတ်ပါတယ်။ အမေရိကရဲ့ တကယ့် အလှကလည်း မြို့ပြတွေမှာ မရှိပါဘူး။ မြောက်အမေ ရိကတိုက်ကြီးတစ်ခုလုံးရဲ့ နေရာ အတော် များများကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံမို့ သဘာဝ အလှ အစုံရှိတဲ့ နိုင်ငံပါ။ သဘာဝ အလှတွေထဲမှာ အံ့ဖွယ် အနေနဲ့တောင် ပြောယူရတဲ့ ဂရင်းကန်ညွန်ကို ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ ကိုယ့်အစီ အစဉ်နဲ့ကိုယ် မသွားနိုင်ခဲ့ဘဲ တရုတ်တန်း တိုးရ်ကားနဲ့ လိုက်သွားတာမို့ နေရာ စုံစုံတော့တယ် မရောက်ခဲ့ပါဘူး။ ရောက်တဲ့ နေရာတွေမှာလည်း အချိန်က သိပ်မရမို့ သုတ်သုတ်လည်၊ ညောင်းအောင်စီး၊ ဈေးပေါပေါ ပေးရတဲ့ ခရီးပါပဲ။


ဆူးတွေနဲ့ပြည့်နေပေမယ့် လှပတဲ့ သည်အပင်တွေကို တစ်နေရာတည်းမှာ ခုလိုတစုတဝေးတည်း တွေ့ရတာက M&M ချောကလက်ဆိုင် ရှေ့မှာ ဖြစ်နေ ပါတယ်။ သည်ခရီးစဉ်ကို လာတဲ့ တရုတ်တန်း တိုးရ်ကား အားလုံးက သည် ချောကလက်ဆိုင်မှာ ရပ်ပေးတတ်ပါတယ်။ ဆိုင်က ချောကလက်တုံး ကလေး တွေ အမြည်းကျွေးပြီး လုပ်နေပုံကိုလည်း ကြည့်လို့ရအောင် ပြပေးပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်ကြိုက် ချောကလက်ရွေးပြီး ကောင်တာမှာ တန်းစီနေတဲ့ သူက စီနေချိန်မှာ ကျန်ချောကလက် မ၀ယ်သူတွေ မပျင်းရအောင် သည်ပန်းခြံ လေးထဲမှာ လျှောက်ကြည့်နိုင်ကြ တာပေါ့။

သည်ခရီး တစ်ခုလုံးဟာ သဲကန္တာရထဲမှာ သွားနေတာမို့ တပြန့်တပြူး ကျယ်ပြောလှတဲ့ ပြားချပ်ချပ် မြင်ကွင်းတွေကသာ ကြီးစိုး နေပါတယ်။ အနည်းဆုံး တစ်နာရီ မိုင်ခြောက်ဆယ်ကျော် နှုန်းနဲ့ ပြေးနေကြတဲ့ ကားပေါင်းစုံကို ကြည့်ရတာ ကလည်း စိတ်ဝင်စား စရာပါ။ ကုန်ပစ္စည်းတင်တဲ့ ကားတွေကို တွေ့တဲ့အခါ ကုန်အမှတ် တံဆိပ်ကို ကြည့်ပြီး ဒီဒေသမှာ ဘယ်ကုမ္ပဏီတွေ အလုပ်ဖြစ်နေတယ်၊ ဘယ်လို ကုန်ပစ္စည်းမျိုးတွေကို လူသုံးများတယ် စသဖြင့် မှန်းဆနိုင်သလို လူစီးကားတွေကို တွေ့တဲ့အခါမှာလည်း အများစုက လူတစ် ကိုယ် ကားတစ်စီးနဲ့ဖြစ်နေတာမို့ ထွက်လာမယ့် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ အကြောင်း စဉ်းစားစရာ ရတာပါပဲ။ သဘာဝ တရားကြီးကတော့ ကျောခင်း လည်စင်းပြီး ပြားပြားဝပ် ငုံ့ခံ နေလေရဲ့ ပေါ့။

သဲကန္တာရဖြစ်တဲ့ သည်ပြည်နယ်တွေ အတွက် ရေနဲ့ လျှပ်စစ် ရရေးဟာ အသက်တမျှ အရေးကြီးပါတယ်။ ဒါကြောင့် အနီးဆုံး ကိုလိုရာဒိုမြစ်ရေကို သည်အာရီဇိုးနားနဲ့ နီဗားဒါးပြည်နယ် နှစ်ခုစပ်ကြားနေရာမှာ ဆည်အဖြစ် သိုလှောင်ထားဖို့ကြိုးစားခဲ့ရာက ဟူးဗားဆည် ပေါ်လာပါတယ်။ ၁၉၃၁ က စဆောက်ပြီး ၁၉၃၆ မှာ ကမ္ဘာ့အကြီးဆုံး ကွန်ကရစ် အဆောက်အအုံနဲ့ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် အဆောက်အအုံ အဖြစ် ပေါ်ထွက်လာတာပါ။ ၃၇၉ မိုင် ရှည် လျားပြီး အမြင့် ၂၂၁ မိုင် ရှိပါတယ်။ ဆည်ရဲ့ထွက်ပေါက် လက်ခံအဖြစ် ပေါ်ထွက်လာတဲ့ မိဒ်ရေကန်ကလည်း ကမ္ဘာ့ အကြီးဆုံး လူလုပ် ရေကန်ဖြစ်လာပြီး ၂၄၇ စတုရန်းမိုင် ကျယ် ၀န်းပါတယ်။ အမြဲလိုလို ပြုပြင်နေတဲ့ သည်ဆည်ကြီးမှာ ခုလောလောဆယ်တော့ ဆည်ထဲကို ဆင်းမောင်း ဖြတ်စရာ မလိုဘဲ ဆည်အထက် တောင်ပေါ်ကနေပဲ ဖြတ်သွားနိုင်မယ့် တံတားခုံး တစ်ခုကို တည်ဆောက်နေပါတယ်။


ဟူးဗားဆည်ဟာ ပြည်နယ်နှစ်ခုလုံး အတွက် အသက်ဖြစ်တာမို့ လုံခြုံရေး ကို အရမ်း တင်းကျပ်ထားပါတယ်။ ဆည်ကိုဖြတ်သွားမယ့် ကားတိုင်းကို ရဲအရာရှိတွေက အသေးစိတ်ရှာဖွေရေး လုပ်ပါတယ်။ ဆည်က ကြီးတဲ့အပြင် လှလည်းအလွန်လှလေတော့ သည်နေရာကိုပဲ တကူးတက လာလည်ကြသူ တွေ အများကြီးရှိတာမို့ ဧည့်ကြိုဌာန အဆောက်အအုံကြီးတောင် ဆောက်ထားရ ပါတယ်။ ဆည်ဆောက်စဉ်မှာ လူတစ်ရာကျော် သေဆုံးခဲ့ရတဲ့ အတွက် ကိုယ်တို့သာဆိုရင် ခိုက်တဲ့ ဆည်ကြီးလို့ပြောကြဦးမှာပါ။ ဆည်က လှတဲ့အပြင် ခမ်းနားဆန်းကြယ်တဲ့ ဒီဇိုင်းလည်း ဖြစ်၊ ဘေးပတ်ဝန်းကျင်က သဲကန္တာရ တောင်တန်းတွေကြားမှာလည်း ရောက်နေတာမို့ ရုပ်ရှင်သမားတွေက မျက်စိကျပြီး ရုပ်ရှင်တော်တော်များများမှာ ထည့်ရိုက်ထား ပါတယ်။ အခုနောက်ဆုံး ရိုက်ထားတဲ့ကားက Transformers ပါ။


ဂရင်းကန်ညွန်က အမေရိကရဲ့ အမျိုးသား ဥယျာဉ်တွေထဲက ရှေးအကျ ဆုံးဥယျာဉ်ထဲမှာပါပါတယ်။ သမ္မတဟောင်း သီအိုဒိုရုစ်ဘဲ့လ်တ်ဟာ သည် နေရာကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အလွန် အားထုတ်ခဲ့သူပါ။ ကန်ညွန် ချောက် ကမ်းပါးကြီးဟာ ၂၇၇ မိုင် ရှည်လျားပြီး လေးမိုင်ကျော် ကျယ်ဝန်းပါတယ်။ အမြင့်က ပေခြောက်ထောင်ကျော်ပါ။ သည်ကမ်းပါးထက် ဇောက်နက်တဲ့ ကမ်းပါးက နီပေါလ်မှာရှိပြီး ပိုကျယ်ဝန်းတဲ့ ကမ်းပါးကတော့ သြစတြေးလျမှာ ရှိပါတယ်။ ဒါပေမယ့် ပကတိ မျက်စိနဲ့ မြင်ရတဲ့အခါမှာ အရောင်စုံကျောက် မျက်နှာပြင်တွေနဲ့ အလှကြီးလှနေတဲ့ အတွက် သည်ဂရင်းကန် ညွန်ကမ်းပါးက သာ ကမ္ဘာကျော်ပါတယ်။ သည်ကမ်းပါးကြီးရဲ့သက်တမ်းကိုတော့ တချို့ သုတေသန အုပ်စုက လွန်ခဲ့တဲ့ နှစ်ငါးသန်းကလို့ပြောပြီး တချို့ကတော့ နှစ် ၁၇ သန်းကလို့ ပြောကြပါတယ်။


သည်ကမ်းပါးကြီးမှာ ပထမဆုံး အခြေချ နေထိုင်ခဲ့ကြသူတွေက ကိုယ်တို့က ရက်အင်ဒီးယန်း လူရိုင်းတွေလို့ ခေါ်ခဲ့ကြဖူးတဲ့ မူရင်း အမေရိကန်တွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ကျောက်နံရံတွေမှာ ထွင်းထားတဲ့ ပွာဘလို အိမ်တွေနဲ့ နေကြပြီး သည်နေရာကို မွန်မြတ်တဲ့နေရာလို့ သတ်မှတ်ကာ ဘုရားဖူးထွက်သလို လာရောက်ကြည်နူး ကြည်ညိုတတ်ကြတယ်လို့ ဆိုပါတယ်။ ရှေးနှစ်သန်း ပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ရောင်စုံ ကျောက်အလွှာတွေက မြင်ရခဲတဲ့အပြင် သည်နေရာကို အတတ်နိုင်ဆုံး သဘာဝအတိုင်းထိန်းသိမ်း ထားတာမို့ ကမ်းပါးကြီးရဲ့ခမ်းနား တဲ့အလှက ထည်ဝါလွန်းနေပါတယ်။


သည်ကမ်းပါးကြီးကို ပထမဆုံး ရောက်လာတဲ့ ဥရောပသားတွေက စပိန်တွေဖြစ်ပြီး ၁၅၄၀ မှာ ရောက်လာခဲ့တာပါ။ နောက်ပိုင်းမှာ အမေရိက လူဖြူတွေ ရောက်လာပြီး ခုတော့ တစ်ကမ္ဘာလုံးက လူတွေလာလည်တဲ့ နေရာ ပေါ့။ ကိုယ်ရောက်သွားတဲ့နေရာက ကမ်းပါးကြီးရဲ့တောင်ဘက်ခြမ်းဖြစ်ပြီး မြင်ကွင်း အကျယ်ဆုံး မြင်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ အနောက်ဘက် ခြမ်းမှာတော့ ကမ်းပါးထဲကို မှန်ကြမ်းခင်းတစ်ခု ထိုးထွက်နေအောင် လုပ်ပေး ထားပြီး အဲဒီပေါ်ကနေ ငုံ့ကြည့်နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ဓာတ်ပုံရိုက်ခွင့်မပြုတဲ့အပြင် ငွေလည်း ထပ်တောင်းနေတာမို့ မသွား ဖြစ်လိုက်ပါဘူး။ သည်ဘက်ခြမ်းက မြင်ကွင်းကျယ်ကို မြင်ရတာက ပိုပြီး သဘာဝကျတယ်လို့လည်း တွေးမိပါတယ်။ မှန်ကြမ်းပြင်ကြီး သဘာဝ ကမ်းပါးပေါ် ထိုးထွက်နေတာကို ဓာတ်ပုံထဲမြင်ရတာတင် တော်တော်ကြီး အဆင်မပြေတာပါ။


ကိုယ်ရောက်သွားတဲ့ အချိန်က ဇူလိုင် လဆန်းမို့ ရာသီက အတော်လေး ပူပြင်းနေပါပြီ။ ၁၀၀ ဒီဂရီဖာရင်ဟိုက်လောက် ရှိပါတယ်။ ကိုယ်နေခဲ့တဲ့ အရှေ့မြောက်ခြမ်းနဲ့တော့ အပုံကြီး ကွာနေတော့တာပေါ့။ သည်နေရာက အေးပြီဆိုရင်လည်း သုညဒီဂရီဖာရင်ဟိုက်အောက်တောင် ရောက်တဲ့နေရာ ပေါ့။ ဒါကြောင့် တချို့ စွန့်စားချင်သူတွေ အတွက် သတိပေးချက်တွေ ထုတ် ထားပါတယ်။ အပူချိန် အပြောင်းအလဲက မြန်နိုင်သလို အမြင့်ပေအပြောင်းအလဲ ကလည်းရှိတဲ့ အတွက် ရေခန်းခြောက်မှုတွေ၊ နေလောင်တာတွေနဲ့ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားတာတွေ ဖြစ်တတ်ကြောင်းကို ကမ်းပါးအောက် ခြေလျင်ဆင်းမယ့် သူတွေကို သတိပေးထားပါတယ်။


သည်ပုံကတော့ ကမ်းပါးရဲ့နံရံတစ်လျှောက် နှစ်အလိုက်ဖြစ်တည်နေတဲ့ ကျောက်သား ထုလွှာများရဲ့ ကာလ၊ သဘာဝနဲ့ အနှစ်သာရတွေကို ရှင်းပြထား တာပါ။ ဘူမိဗေဒ သမားတွေတော့ ပိုသဘောပေါက်မှာပေါ့။ ကိုယ့်အတွက် ကတော့ အံ့ဖွယ်မြင်နေရတဲ့ ကမ်းပါးကြီးရဲ့ခမ်းနား လှပမှုကို နေကျဲကျဲတောက် အောက်မှာ ခံစားခွင့်ရခဲ့တာကသာ အမှတ်အရဆုံး အမှတ်တရပါ။ 
မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment