Thursday 20 October 2011

ဇာတ်

   တနင်္လာ
    မျက်စိအစုံကို ဖွင့်လိုက်သည်နှင့် အလင်းတန်း စူးရှရှကို ရင်ဆိုင်လိုက်ရသည်။ ချွေးစိုနေသည့် ယှက်တင်ထားသော လက်အစုံကိုခွာကာ ဦးတင်သည်။ ခေါင်းငုံ့ကိုယ်ညွှတ်ကာ ဦးချလိုက်တော့ ခါးမှ 'ဂျွတ်' မြည်သံ ကြားရသည်။ ပုံစံပြင်ထိုင်လိုက်မှ အညောင်းပြေသွားတော့သည်။ ဘေးဘီကို ကြည့်မိသည်။ တရားထိုင်နေသူ၊ ပုတီးစိပ်နေသူ၊ ဘုရားရှိခိုးနေသူ တော်တော်များများ တွေ့ရသည်။ ဒေါ်အေးမြိုင် စ,ထိုင်စဉ်ကထက် နှစ်ဆ သုံးဆခန့် ပိုများလာသည်ဟု ထင်သည်။
    တဘက်ရှည်ကို ပြင်ရုံရင်း ခုံမြင့်ပေါ်ကဆင်းသည်။ လမ်းလျှောက်ရင်း စောင့်မည်ဟု ဒေါ်အေးမြိုင် တွေးလိုက်သည်။ဒေါ်အေးမြိုင် ဘုရားပေါ်ကို မနက် ငါးနာရီခွဲကတည်းက ရောက်နေခဲ့သည်။ နာရီကြည့်လိုက်သည်။ ၇ နာရီခွဲ။ အင်း တော်တော်တော့ အချိန်ကုန်သွားပြီပေါ့။ မနက် အိမ်က ထွက်လာတုန်းကတော့ အချိန်ကုန်စေချင်လွန်း၍ လမ်းဖြည်းဖြည်း လျှောက်ခဲ့သည်။
    ''ပြီးပြီလား''
    နောက်လှည့်ကြည့်တော့ ဖိနပ်ထုပ်နှင့် ဦးကျော်သိန်းကို ပြုံးလျက်သား တွေ့ရသည်။
    ''ခုနတင်ပဲ''
    ဖိနပ်ထုပ်ကို လှမ်းယူပြီး ဟုတ်မဟုတ် လှမ်းကြည့်လိုက်သည်။
    ''ဘာစားချင်သေးလဲ''
    နှစ်ယောက်သား မြောက်ဘက်မုခ်ဆီ ဦးတည်လျှောက်လာခဲ့သည်။
    ''ဟင့်အင်း၊ မဆာသေးဘူး၊ နောက်မှပဲစားတော့မယ်''
    ''ဘာလဲ၊ ဖိနပ်ပျောက်သွားလို့လား''
    ''အို...ဖေကလဲ အထင်သေးလိုက်တာ၊ ဒါနဲ့ ပြန်ယူတာ အဆင်ပြေရဲ့လား''
    ''ပြေပါတယ်၊ စနေနံထွက်သွားတာ ကောင်းတဲ့နိမိတ်ပေါ့''
    ''ငွေခြောက်ဆယ်ဖိုးနော်၊ အင်းလေ...မေမေတို့ကလဲ ပေါ့သွားတာပါ''
    ဒေါ်အေးမြိုင်က ဦးကျော်သိန်းကို ကလေးတွေခေါ်သလို 'ဖေဖေ'ဟု ခေါ်လိုက်ရာမှ 'ဖေ' တစ်လုံးတည်း ကျန်သည်။ သူ့ကိုသူလည်း 'မေမေ'ဟု ပြော၏။
    ''မြန်မြန်လျှောက်၊ ဓာတ်လှေကား စောင့်နေတယ်''
    ဦးကျော်သိန်းက ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။ ဒေါ်အေးမြိုင် ဓာတ်လှေကားအိမ်ထဲရောက်သည်နှင့် တံခါး ပိတ်တော့သည်။
    ''မေမေ၊ ကျောင်း တန်းသွားမှာလား''
    ''ဟင့်အင်း၊ မညွှန့်သီဆီ အရင်ဝင်ပြီး အဝတ်စားလဲဦးမယ်။ မနက်က သူ့အိမ်ဝင်ပြီး အိတ်ထားရင်း ပြောခဲ့သေးတယ်လေ။ နို့မို သူက စောစောစီးစီး အပြင်ထွက်တတ်တာ''
    ဦးကျော်သိန်းကလည်း ဒေါ်အေးမြိုင်ကို 'မေမေ'ဟုပင် ခေါ်သည်။
    ''ဒါဆို ဖေဖေ လိုက်မပို့တော့ဘူး ဟုတ်လား၊ ဒီကပဲပြန်လိုက်တော့မယ်''
    ဓာတ်လှေကားအိမ်မှ ထွက်ခဲ့ကာ မုခ်ဝတွင် ဖိနပ်ချစီးသည်။ အလာတုန်းက တစ်ရံ၊ ခုတစ်ရံ၊ အသွားနှင့်အပြန် မတူတော့။
    ''ပြန်လေ၊ ကိစ္စတစ်ခုခု ပြောချင်ရင် မညွှန့်သီဆီ ဖုန်းဆက်လေ။ အခြေအနေအရ ကြည့်ပြန်ခဲ့မယ်''
    ''မော်လမြိုင် ထန်းလျက်နဲ့ မင်းဂွတ်သီးဖြစ်ဖြစ်၊ ကြက်မောက်သီး ဖြစ်ဖြစ် ဝယ်ခဲ့ဖို့ မမေ့နဲ့နော်။ ဖေဖေ့ဖို့တော့ ဒူးရင်းယိုပဲ''
    ဦးကျော်သိန်းက ရယ်ရယ်မောမောပြောပြီး စလိုက်သည်။
    ''ဈေးတော့ ဖေဖေပဲသွားရမှာပေါ့နော်''
    ''သွားပါ၊ ဒါတွေမေ့ထားလိုက်။ ခရီးသွားနေတယ်လို့ပဲ သဘောထား။ ကဲ...ဖေဖေသွားမယ်။ ဟိုမှာ ၂၈ လာနေပြီ''
ဦးကျော်သိန်းက လမ်းကူးရန် ဟန်ပြင်ရင်း ပြောသည်။
    ''မေမေလဲ သွားမယ်''
    ''သွားချင်ရာသာ သွား''
    ဒေါ်အေးမြိုင် ရယ်ပြနှုတ်ဆက်လိုက်သည်။ ဦးကျော်သိန်း စကားကို တွေးပြီး ဒေါ်အေးမြိုင် ပြုံးလိုက်မိသည်။ စိတ်ထဲမှာ တော့ နကိုက မရှင်းမလင်းက ကျန်နေသေးသည်။ သြော်...သွားချင်ရာသာသွား...တဲ့။
+ + + + +
    အင်္ဂါ
    ''ဟေ့...သူဒီနေ့ 'ကွမ်ရိုက်' သွားတယ်နော် ဟုတ်လား''
    ''... ...''
    ''ဟေ့...သူဒီနေ့ 'ကွမ်ရိုက်' သွားမှာပေါ့''
    ''အေး...အေး...အလကား ဒါပဲမေးနေတာပဲ၊ ဒီမှာ မအားဘူး''
    ''အို...နင်ကလဲ ဒါလေးမေးတာများ...ဖြေလိုက်ပြီးရော၊ နင်လေ...အသက်ကြီးလာမှ ငါ့ကို ပြန်ပြန်အော်နေနော်၊ နင့်သမီး နင့်မြေးအားကိုးနဲ့ပေါ့ ဟုတ်လား''
    ''... ... ...''
    ''ဟောကြည့်၊ ဂရုတောင်မစိုက်ဘူး၊ တွေ့လား...''
    ''ဘယ်လိုဖြစ်နေလဲ၊ ဒီမှာ ရှင့်အတွက် ဆေးဖျော်နေတာ''
    ''ဘာဆေးလဲ''
    ''ဗမာဆေးပေါ့''
    ''အို...ငါ ခုနကပဲ သောက်ပြီးပြီဟာ၊ နင်ကလဲ ခဏခဏပဲ ငါ့ကို ဆေးတိုက်နေ၊ ငါကလဲ သောက်လိုက်တာပဲ၊ နင် ပိုတိုက်ရင် ငါ သိမှာမဟုတ်ဘူး၊ နောက် နင်ဘာဆေးတွေ တိုက်မှန်းလဲမသိဘူး၊ အင်း...ခက်တာပဲ၊ အသက်ကြီးလာရင် ဘာမှ မကောင်းဘူး''
    ''ခုနက အင်္ဂလိပ်ဆေး၊ ကဲ...ကဲ ရော့ ဒီမှာရေ'' ကျုပ်လည်း စိတ်ညစ်လာပြီ။ မနက်မိုးလင်းကတည်းက ဆေးချည်းသောက် နေရတာပဲ။ ခုတစ်လော နေလို့လည်းမကောင်းဘူး။ ဗိုက်ကလည်း အောင့်အောင့်နေ၊ ခေါင်းကလည်း ခဲနေပြန်ရော။ အို...ဘာဆို ဘာမှ သိပ်ကောင်းလှတယ်လို့ မရှိပါဘူး။ လူလည်း ဒီနှစ်ထဲ ပိန်ကျသွားတာပဲ။ စိတ်တွေလည်း တော်တော်ကျသွားတယ်။
    လူတွေကလည်း ခက်တယ်။ အသက်ကြီးလာလို့ ခန္ဓာကိုယ် ယိုယွင်းလို့ စိတ်ပျက်နေရတဲ့အထဲ စိတ်ညစ်စရာတွေချည်း တွေ့နေရတာပဲ။ လူငယ်တွေကလည်း သူတို့အကျိုး ဘာမှမလုပ်ပေးနိုင်လို့လားတော့မသိဘူး၊ တယ် ဂရုမစိုက်ချင်ဘူး။ သားသမီး ရယ်လို့ ကျုပ်မှာကလည်း မိအေးမြိုင် တစ်ယောက်တည်း အဖတ်တင်ကျန်တာ။ သူကျွေးတယ်၊ ပြုစုတယ် ဆိုပေမယ့် အလကားပါ။
    မနက်စောစော ချက်ပြုတ်ပြီး ကျောင်းသွားရော။ သားမက်နဲ့မြေးတွေလည်း ရုံးနဲ့ကျောင်းနဲ့။ နေ့ခင်းနေ့လယ်ဆို ကျုပ်တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက်နဲ့ ခိုင်းတဲံ ကောင်မလေးပဲကျန်ရစ်တာ။ နေ့ခင်း အဘွားကြီးတိုက်သမျှဆေးသောက်၊ ပက်လက် ကုလားထိုင်ပေါ်အိပ်လိုက်၊ အပေါ့အပါး ထသွားလိုက်နဲ့။
    လမ်းကလည်း တယ်လျှောက်လို့မကောင်းပါဘူး။ ဟိုယိုင်သည်ယိုင်နဲ့၊ ဖင်ထိုင်လျက်ကျပေါင်းလည်း များပြီ။ သတိပဲကောင်း လို့လား၊ ကံပဲကောင်းလို့လားတော့ မသိဘူး။ ဒီနေ့ထိတော့ အရိုးမကျိုး ခေါင်းမကွဲသေးဘူး။ ကိုယ့်ခြေထောက်ကိုယ် စိတ်လဲတိုမိရဲ့။ တစ်ခါတစ်ခါ လမ်းတောင် ဘယ်လိုလျှောက်ရမှန်း မသိတော့ဘူးလေ။
    မကောင်းပါဘူးလေ...။ အသက်ကြီးတာ ဘာမှမကောင်းဘူး။ မျက်စိတစ်ဖက်ကလည်း ဘာမှ သိပ်မမြင်ရဘူး။ နားကလည်း ထိုင်း၊ စားရသောက်ရတာလည်း တယ်အရသာမရှိလှပါဘူး။ ဘာမှလည်း ဟုတ်တိ ပတ်တိ မစားချင်ဘူး။ တစ်ခုခု ဝယ်စားရင် ကျုပ်စားတာကနည်းနည်း၊ မြေးသုံးကောင်ချည်း စားရတာပဲ။
    ငယ်ငယ်ကနဲ့တော့ တခြားစီပဲ။ ကျုပ်ငယ်ငယ်က ဗလသိပ်ကောင်းပေါ့။ သတ္တိကလည်း ဒီနေ့ မြေးတွေလို သေးသေး မဟုတ်ဘူး။ ကျုပ်တို့ခေတ်က ဂေါ်ရာကုလားတွေနဲ့တောင် နပမ်းလုံးသေးတာ။ ထားပါလေ။ ကျုပ် ခုမြင်နေရတဲ့ မျက်စိကို ကုလားတစ်ယောက် အစိမ်းခွဲတာပေါ့။ ကျုပ်စိတ်ကလည်း ခပ်ထက်ထက်ရယ်။ ငွေစကြေးစရဲ့ မာနလည်း ပါမှာပေါ့။ ကုလားက ဆရာဝန် လည်းမဟုတ်ပါဘူး။ ဒီလိုပဲ၊ ဗိန္ဓောဆရာလိုလို ဘာလိုလိုပေါ့။ သူကလည်း သူတော်ကြောင်း သိပ်ပြောတာကိုး။ ကျုပ်ကလည်း ခပ်မိုက်ကန်းကန်းပါပဲ။ မျက်စိတစ်လုံးလုံး ထိုးခံလိုက်တယ်။ ဒီတိမ်လောက်ကတော့ အပျော့ပဲဆိုပြီး ကျုပ်ပါးစပ်ထဲ ကွမ်းသီးမာမာ တစ်လုံး ထည့်ပေးတယ်။ နောက် မျက်လုံးတစ်ဖက် ပိတ်ထားခိုင်းပြီး ဆတ်ခနဲ တိမ်စွဲတဲ့ မျက်လုံးကို မိုးကြိုးသွားနဲ့ ခွဲတာပဲ။ ကျုပ်က နာတာကိုကျိတ်ခံတော့ ကွမ်းသီးလဲ ဂွမ်းကနဲကွဲ။ ကျုပ်လက်တစ်ဖက်ကလည်း ကုလားလည်ပင်း ဖမ်းညှစ်တာပေါ့။ ဆန်းတာ က သူ့မိုးကြိုးသါားလည်း ရုတ်လိုက်ရော ကျုပ်မျက်စိလည်း လင်းလှရော။ ဒီနေ့ထိပါပဲ ဒီမျက်စိကောင်းတုန်း။ အဲဒီကုလားကို ကျေးဇူးတင်နေရတာပေါ့။ ဒီမျက်စိလေးတစ်ဖက် ကောင်းပေလို့ပေါ့။ နို့မို့ဆို ကျုပ်ကို လူတွေ ဝိုင်းပစ်ပယ်ထားကြမှာ။
    ခုလည်း သိပ်တော့မထူးပါဘူး။ မိအေးမြိုင်ကလည်း သူ့ကျောင်း၊ သူ့သားသမီးနဲ့တင် အချိန်ပိုကိုမရှိပါဘူး။ ရှိလည်း ကျုပ်နားလာပြီး မနေပါဘူး။ သူ့သားသမီး၊ သူ့လင်နဲ့သူနေတာ များပါတယ်။ သားမက်နဲ့မြေးတွေဆိုတာကတော့ သူတို့ဟာနဲ့သူတို့ ရှုပ်နေတာပဲ။ နေကောင်း မကောင်းလောက်သာ ဂရုစိုက်ကြတာ။ ကျန်တဲ့အချိန်မှာတော့ မြေးကြီးတစ်ယောက်ပဲ စကားပြောတာလေး ဘာလေးရှိတာ။
    အငယ်ကောင်တွေကတော့ ကျုပ်အင်္ကျီတွေလောက် စိတ်ဝင်စားတာပဲ။ အခု ကျုပ်တို့ခေတ်တုန်းက အင်္ကျီပုံတွေဝတ်နေကြ တယ်။ ခေတ်စားတယ်ဆိုပြီး ကျုပ်အင်္ကျီတွေ ယူယူဝတ်နေရဲ့။ ကျုပ်ကလည်း စည်းကမ်းသိပ်ကြီးတာ။ ဒီလို ယူဝတ်တာတွေ မကြိုက် ဘူး။ ပြောလို့လည်းမရပါဘူး။ လွယ်လွယ်မပေးရင် ခိုးဝတ်မှာပဲတဲ့။ သော့ခတ်လည်း ရအောင်ရှာတတ်တယ်တဲ့။ တောက်...မကောင်း ပါဘူး။ ဘာမှကို ကျုပ်နိုင်တာ မရှိတော့ဘူး။ (အင်း...ဗိုက်က ခပ်နာနာရယ်)။
    ဟိုတုန်းကဆို ကျုပ် မနိုင်တာ ခပ်ရှားရှားရယ်။ ခေတ်ကာလကလည်း ပြောင်းလာပြီလေ။ အရင်က မောင်သုန်တို့ တစ်နှစ် စာစပါး၊ ငွေသုံးရာနဲ့ ထန်းလျက်လေးဘာလေးတွေ မှန်မှန်ပေးနေပြီး ခုမှ ငွေတစ်ရာတောင် တောင်းရမလွယ်တော့ဘူး။ ရန်ကုန် ပြောင်းလာတာလည်း မကောင်းပါဘူး။ အသိမရှိ၊ မိတ်ဆွေမရှိနဲ့။ နောက် ဒီမှာက လူကြီးသူမရယ်လို့ သိတတ်တဲ့လူ ရှားသေး။
    မော်လမြိုင်မှာနေရင်တော့ မောင်သုန်က စပါးတော့ ပေးမှာပေါ့လေ။ တွေးကြည့်တော့ သူတို့ကိုလည်း ကျုပ်က ကျုပ်လယ် တွေအားလုံး ပေးခဲ့ရတာ။ ဧကလေးရာလောက်ရှိမယ်။ လယ်လုပ်သူလယ်ပိုင်ရေးတွေလုပ်တော့ ကျုပ်လယ်ကို မောင်သုန့်အဖေ မောင်ရှိန့်ကို ရောင်းသေးတယ်။ မဝယ်နိုင်ဘူးဆိုတော့ ကျုပ် အလကားပေးလိုက်တယ်ပေါ့။ နောက်မှ တစ်နှစ်စာ စပါးနဲ့ ငွေသုံးရာ ပေးဖို့ ပြောတယ်။ မောင်ရှိန်လည်း သဘောတူတာပဲ။ ကျုပ်တို့ လူကြီးနှစ်ယောက်စာ တစ်နှစ်စာ စပါးဆိုတာက ဘာရှိတာမှတ်လို့။
    နောက် မောင်ရှိန်သေတော့လည်း မောင်သုန်က ဆက်ပေးတာပဲ။ ခု မောင်သုန်လည်း အိုပြီဆိုတော့ သူ့သားတွေ သမီး တွေ မပေးချင်တော့ဘူး။ ကျုပ်ကလည်း ဒီစပါးနဲ့ ဒီငွေပဲဝင်ငွေရယ်လို့ ဟုတ်တိပတ်တိ ရှိတာ။ ဒါမှမရရင် ကျုပ်တို့ ဘာနဲ့သုံးမလဲ။ တစ်ချိန်က သူဌေးသားဟာ ခု ကျုပ်သမီးဆီမှာ လက်ဖြန့်တောင်းရမလား။ မတောင်းချင်ဘူး။ သူလည်း ကျုပ်ကို ကျွေးထားတာပဲ။ မုန့်ဖိုးပဲဖိုးဆိုပြီး တောင်းမပေးချင်ဘူး။ သူတို့ ကျပ်တည်းတာလည်း ကျုပ်အသိပဲလေ။
    ကျုပ်တို့ ရန်ကုန်ပြောင်းတော့ သူတို့ မပို့ပေးနိုင်ဘူးပြောတယ်။ ကျုပ်က လာယူမယ်၊ စပါးတော့ မပေးနဲ့တော့၊ ငွေတော့ ပေးလို့ ပြောခဲ့တယ်။ 'ကွမ်ရိုက်'မှာ ကျုပ်အဖေနဲ့ အမေ ခေါင်းချခဲ့တာ။ ဂျပန်ခေတ် စစ်ပြေးရင်းနဲ့ပေါ့။ ဒီတော့ အဖေနဲ့ အမေ့ဂူကို ပြန်ကန်တော့ရင်းပေါ့။ ဒါပေမယ့် ကျုပ်ကိုယ်တိုင်တော့ မသွားနိုင်တော့ဘူး။ မုတ္တမနဲ့ မော်လမြိုင်ကူးရတာက တော်သေးတယ်။ မော်လမြိုင်နဲ့ ဘီလူးကျွန်းကူးရတာက ကြာတယ်။ နောက် ဘီလူးကျွန်း ၆၄ ရွာမှာ 'ကွမ်ရိုက်'က တော်တော့်ကို အစွန်ကျတဲ့ရွာ။ ချောင်းဆုံကနေ ရွာလွတ်ထိပဲကားရတယ်။ နောက်ပိုင်း နွားလှည်းနဲ့သွားရတာဆိုတော့ ကျုပ်သွားလို့ မဖြစ်ဘူး။
    ဒါကြောင့် ကျုပ်ပြောတာပေါ့၊ အသက်ကြီးတာ မကောင်းပါဘူးဆို။ ကျုပ်ငယ်သေးရင် ကိုယ်တိုင်သွားတာပေါ့။ ခုတော့ ခိုင်းရတယ်။ မိအေးမြိုင်ကို ကျုပ် သွားခိုင်းနေတာ ဘယ်နှစ်ခါရှိပြီလဲ မသိပါဘူး။ သွားပေးမယ်...သွားပေးမယ်နဲ့ ပါးစပ်သွားပဲ... အလကား။ ကျုပ်ကလည်း စွဲနေတာ ခက်တယ်။
    ရန်ကုန်ရောက်ကတည်းက နှစ်နှစ်လား၊ ဒါပဲ မိအေးမြိုင် သွားပေးတာ။ ဒါလည်း ခု အရင်ကလို မလွယ်ဘူး။ ဒီလိုလုပ်တာ တရားမဝင်ဘူးနဲ့၊ ငွေတစ်ရာတောင် အနိုင်နိုင်။ မိအေးမြိုင်က ပြောသေးတယ်။ ''အဖေ့ဟာက ခရီးစရိတ်၊ နေစရိတ်၊ စားစရိတ်ထက် တောင် နည်းနေတာ၊ မက်မနေပါနဲ့''တဲ့။ ကျုပ်ကတော့ ရှင်းရှင်းပဲ။ မက်တယ်။ သူလည်း မပေးနိုင်ဘူး။ ပေးနိုင်လည်း ကျုပ် မလိုချင်ဘူး။ ကျုပ်ကလည်း လူတစ်မျိုးပဲ။ ကျုပ် စီးပွားပျက်တော့ မိအေးမြိုင် ဆရာမ ဝင်လုပ်တယ်။ သူ့လခ ကျုပ်ဆီ အပ်သားပဲ။ ကျုပ် လက်မခံပါဘူး။ သူ့အမေဆီ ပေးချင်ပေးပေါ့။ အင်း၊ ထူးတော့ သိပ်မထူးပါဘူး။ သူ့အမေဆီကတစ်ဆင့် ကျုပ်ဆီ ရောက်တာပဲ။ သူ့အမေ ကျုပ်မိန်းမကလည်း တစ်သက်လုံး ကျုပ်ဆီ တောင်းသုံးခဲ့တာကိုး။ သူမှ ငွေမကိုင်တတ်ဘဲ။ ဘာပဲဖြစ်ဖြစ် ကျုပ် မိအေးမြိုင် ဆီ လက်ဖြန့်မတောင်းချင်ဘူး။
    ခုလည်း ကျုပ် သည်ငွေ သုံးရာကို လိုချင်တယ်။ ပစ္စည်းတွေ တစ်စစနဲ့ ကုန်သွားမှာကိုလည်း ကျုပ် စိုးရိမ်တယ်လေ။ မသေခင် ကျုပ်လက်ထဲ ဘာမှမရှိရင် ကျုပ် နေလို့ရမှာမဟုတ်ဘူး။ မွေးမွေးချင်း ရွှေဆွဲကြိုးတစ်ကုံးနဲ့ ငွေငါးထောင်ပိုင်ရှင် ဖြစ်ခဲ့ ရတဲ့လူ မဟုတ်လား။ သည်ငွေရတော့ ဘာပဲဖြစ်ဖြစ် ကောင်းတာပေါ့။
    မိအေးမြိုင်ကို ပြောတာလည်း ခဏခဏပဲ။ သတိရတိုင်း တွေ့တိုင်း ပြောတော့ တစ်ခါတစ်ခါ တစ်နေ့တည်း အခါပေါင်း များစွာ ပြောမိရော။ အသက်ကကြီးတော့ ပြောပြီးလား၊ မပြောပြီးလား မသိတော့ဘူး။ သတိက ချွတ်ယွင်းချင်လာပြီ။ နောက် တခြားတွေးစရာလည်းမရှိတော့ ဒါပသတိရနေပြန်ရော။ သတိရတိုင်းပြောတော့ မြေးတွေကအစ မဲ့ပြရွဲ့ပြ ဖြစ်လာတယ်။
    ''ဘိုးဘိုးက ခဏခဏ ဒါပဲ ပြောပြောနေတာပဲ။ မေမေ အားရင် သွားပေးမှာပေါ့''
    မိအေးမြိုင်ကလည်း အားတယ်ကိုမရှိဘူး။ အဲ...တစ်နေ့ကမှ ကျုပ်ကို လာပြောတယ်။ ''နက်ဖြန် သမီးသွားပေးမယ် ဖေဖေ''
    ''ဘယ်သူနဲ့လဲ''
    ''သမီးတစ်ယောက်တည်းသွားမှာ''
    ကျုပ်က ''ငါ့မှာသားရှိရင် စောစောကတည်းက ခိုင်းလို့ရမှာ။ ခုတော့ သမီးတစ်ယောက်တည်းမွေးမိတာ မှားတာပဲ။ အလကား၊ အားလဲမကိုးရဘူး''ဆိုပြီး ခဏခဏပြောမိတာကိုး။
    ''ဟဲ့...ဖြစ်ရဲ့လား''
    ဘာပဲပြောပြော သွားစေချင်တာက သွားစေချင်တာပဲ။ သွားပေးမယ် ဆိုတော့လည်း စိတ်အေးတာအမှန်ပဲ။ ခုလိုသွားတော့ မယ်၊ တစ်ယောက်ထဲ ဆိုတော့လည်း စိတ်ပူပြန်ရော။ မိအေးမြိုင်နဲ့ ရန်ကုန်ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် ဝေးတယ်လို့ပဲပြောရမှာ၊ မိုးဦးလေဦး မုတ္တမကအကူး တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
    ''ဖြစ်ပါတယ် ဖေဖေရဲ့၊ ဟိုမှာ သမီး သူငယ်ချင်းတွေလည်း ရှိတာပဲ''
    နောက်တော့လည်း ''သွားပေါ့''လို့ ပြောလိုက်တာပါပဲ။ အစကတည်းက ကျုပ်က သွားစေချင်ခဲ့တာပဲ။
    ''ဒါပေမယ့် ပိုက်ဆံရမရက မသေချာဘူးနော်။ သူတို့ဆီက မယူတာလဲကြာပြီပဲ။ တရားလဲမဝင်ဘူး။ အခု ဦးသုန် သားက လည်း သိပ်ပေးချင်ပုံမရဘူး။ ရချင်မှရမှာ။ ဖေဖေ စိတ်ကျေနပ်အောင်သာ သွားရမှာ''
    မိအေးမြိုင်ပြောမှ ကျုပ်လည်း တွေသွားတယ်။ တစ်ပြားမှမရဘဲ ပြန်လာရရင် ဘာလုပ်မလဲ။ အို...ဘာပဲဖြစ်ဖြစ် အကျိုး အကြောင်းတော့ သိရတာပေါ့။ ရချင်လည်း ရခဲ့မှာပေါ့။ မရခဲ့လည်း ကျုပ်အဖေနဲ့ အမေဂူအကြောင်း သိရတာပေါ့။
    စီမံကိန်းတစ်ခုအတွက် အင်္ချိုင်းတွေ ဖျက်တယ်ပြောတာပဲ။
    ''နင် ဘယ်တော့ ပြန်မှာလဲ''
    ''ဒီနေ့ မော်လမြိုင်ရောက်၊ နောက်နေ့ ကွမ်ရိုက်ကို နေ့ချင်းပြန်သွားပြီး နောက်တစ်နေ့ ပြန်မယ်။ လက်မှတ်အဆင်မပြေ ရင်တော့ နောက်နေ့ပေါ့''
    မနေ့က မိအေးမြိုင် မနက်စောစောထွက်သွားတယ်။ ပြောတာပဲ။ တစ်နေ့ညကတေ့ ကျုပ်တို့နှစ်ယောက်ကို ကန်တော့ သွားသေးတယ်။
    မနေ့ကလည်း တစ်နေ့လုံး ကျုပ် စိတ်ပူနေတာပဲ။ တစ်ယောက်တည်းသွားရတာ အဆင်မှပြေရဲ့လား။ မြစ်ကူးရတာကော ချောချောမောမောမှ ရှိရဲ့လားနဲ့။ ညက ကောင်းကောင်းတောင် အိပ်လို့မပျော်ဘူး။ ဒီနေ့လည်း ကွမ်ရိုက်မှ သွားဖြစ်ရဲ့လား။ ရွာလွတ်မှာ လှည်းလာကြိုနေပါ့မလား။ ညနေ သိမ်ဆိပ်မှာ သင်္ဘောမှ မီပါ့မလား။
    ခုချိန်ဆို ကွမ်ရိုက်ရောက်ရောပေါ့လို့ တွေးပြီး အိပ်ပျော်သွားသေးတယ်။ နက်ဖြန်တော့ သူပြန်လာမယ်ထင်တာပဲ။ ရထား လက်မှတ်လည်း ရပါစေ ဆုတောင်းတာပဲ။ ကျုပ် သူ့ကိုပြန်လာစေချင်လှပြီ။ ပိုက်ဆံ မရတာရတာလဲ ကျုပ်မတွေးချင်တော့ဘူး။ နက်ဖြန် မိအေးမြိုင် ချောချောမောမော ပြန်ရောက်ပါမလား ဆိုတာပဲ တွေးတွေးနေမိတယ်။
    ကျုပ်က တွေးမိတိုင်း ကျုပ်မိန်းမကို လှမ်းလှမ်းပြောတော့ ကျုပ်မိန်းမက စိတ်တိုရော။ ''သွားစေချင်လို့ သွားခိုင်းတာကလဲ ရှင်။ ပြန်လာစေချင်တာကလဲရှင်ပဲ။ ရှင်ကို ရှုပ်ပါတယ်''တဲ့။ တော်တော်ခက်တဲ့ မိန်းမပဲ။
+++++
    ဗုဒ္ဓဟူး
    ''ဖေဖေလား၊ ဒီညနေ ပြန်လာခဲ့မယ်လေ''
    ''မော်လမြိုင်ပြန်ကြီးလား၊ ဟား၊ ဟား၊ ဟား''
    ဒေါ်အေးမြိုင် ရယ်လိုက်မိသော်လည်း စိတ်ထဲကမူ မကောင်းလှ။
    ''မညာချင်ပါဘူး ဖေဖေရယ်၊ ဒါပေမယ့် မေမေ့မှာကလည်း ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ ကျောင်းသား လက်ခံချိန် ကြီး၊ ခွင့်ယူဖို့မဖြစ်ပြန်၊ နောက် သွားပြီးမရမှာ သေချာတော့ ငွေကုန်လူပန်းလဲ မဖြစ်ချင်ဘူးလေ။ မသွားပေးပြန်ရင်လဲ သူစွဲနေမှာ ကို မေမေ အကြိုက်ဘူး။ မေမေ့အဖို့ ဒုက္ခဖြစ်ပါတယ်။ သူက သားမမွေးခဲ့ရတာ နာတယ်၊ ဘာညာ ပြောတော့ မေမေ ဘယ်စိတ် ကောင်းမှာလဲ၊ ဒါကြောင့်ပါပဲ''
    ဒေါ်အေးမြိုင် စိတ်ညစ်ညစ်နှင့် သိပြီးသားတွေကိုပင် ညည်းလိုက်မိသည်။
    ''ဖေဖေ သိပါတယ်လေ၊ ဒါနဲ့ ခု အိမ်ရောက်ရင် ဘယ်လိုပြောမလဲ''
    ''မရခဲ့ဘူးပေါ့၊ ဒါမှ နောင်နှစ် မသွားခိုင်းတော့မှာ။ ဥပဒေနဲ့ငြိတယ်။ သိသွားရင် ထောင်တန်းကျနိုင်တာပေါ့''
    ''ဟုတ်ပါတယ်လေ၊ အစကတည်းက ဖေဖေလည်း ဒီငွေယူတာ မကြိုက်ပါဘူး။ ကောင်းပါတယ်။ သူလည်း စိတ်ရှင်းသွား တာပေါ့''
    ''အဲဒါပေါ့၊ မေမေက သူစွဲမနေရအောင်ပါ။ တကယ်တော့ ဘယ်လုပ်ချင်ပါ့မလဲလေ၊ ကိုယ့်အဖေကို ကိုယ်ညာရတာ''
    ဒေါ်အေးမြိုင် အသံက သိသိသာသာ တိုးသွားသည်။
    ''ဒီလိုလဲမဟုတ်ပါဘူးလေ။ မုသာဝါဒလို့ ခေါ်လို့ရပေမယ့် ပျက်စီးစေလို့တဲ့ ရည်ရွယ်ချက်၊ စေတနာမှ မပါတာ ကံမမြောက် ပါဘူး''
    ဦးကျော်သိန်းက အားပေးသလို ပြောလိုက်သည်။
    ''ကဲပါလေ၊ ဒါတွေ မတွေးနဲ့။ ဘူတာကြီးကို မော်လမြိုင်ရထားဆိုက်ချိန် ဖုန်းဆက်ပြီး ဖေဖေ ဒေါ်ညွန့်သီအိမ်မှာ လာခေါ် မယ် ဟုတ်လား။ သြော်...မော်လမြိုင်ပြန် လက်ဆောင် မေ့မနေနဲ့နော်။ ဖေဖေဖို့ပါ ပါရမယ်။ ဟား၊ ဟား၊ ဒါပဲ၊ ဟုတ်ပြီလား''
    ဦးကျော်သိန်းကသာ ဖုန်းချသွားခဲ့သော်လည်း ဒေါ်အေးမြိုင် ဖုန်းခွက်ကိုင်လျက်သား ငိုင်နေမိသည်။
    မျက်စိထဲမှာ ကျွတ်ကျွတ်အိတ်ထဲမှ မော်လမြိုင်ပြန်လက်ဆောင် သိမ်ကြီးဈေးထွက် မော်လမြိုင်ထန်းလျက်တစ်ထုပ်၊ ကြက်မောက်သီးနှစ်တွဲနှင့် မင်းဂွတ်သီးအလုံးနှစ်ဆယ်ကို မြင်ယောင်ရင်း ဖုန်းခွက်နှင့်အတူ သက်ပြင်းကို ချမိလိုက်လေသည်။
မသီတာ(စမ်းချောင်း)
၁၉၈၇ ခု၊ မေလ၊ သဘင် မဂ္ဂဇင်း
   

No comments:

Post a Comment