Friday 21 October 2011

ဦးခင်မောင်၏ သားသမီးနှင့် ဘိုးဘိုးခင်မောင်၏မြေးများ

   နေကကျဲကျဲတောက် ပူနေသည်။
    ချွေးတွေ နင်းကန်ထွက်လာ၏။ အင်္ကျီအိတ်ထဲမှ လက်ကိုင်ပဝါထုတ်၍ မျက်နှာကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။  ထူးတော့မထူးလှချေ။ ချွေးက မျက်နှာတင်ကွက်၍ ထွက်သည်မဟုတ်။ တစ်ကိုယ်လုံး ချွေးဖြင့် ရွှဲနေသည်။
    တန်းကိုကိုင်ထားသော လက်သည်လည်း စေးကပ်နေ၏။ လက်ပြောင်းကိုင်ရင်း ကိုယ်ကိုပါ အနည်းငယ် လှုပ်ရှားလိုက် သည်။ နံဘေးမှ အခြားလူများကို ထိမိသွားသည်။ သို့သော် မည်သူကမျှ ဦးခင်မောင်ကို ဂရုမစိုက်ကြချေ။
    ဦးခင်မောင်အတွက်တော့ မည်သူကမျှ ဂရုမစိုက်ခြင်းကို ခံစားရသည်မှာ ကြာခဲ့ပြီ။ ဦးခင်မောင် ငမွဲဖြစ်တာကလည်း ကြာလှပြီကိုး။
    ဦးခင်မောင်ဆိုတာ တစ်ချိန်က ရွှေသူဌေး၊ ငွေသူဌေး၊ ငမွဲတွေ ဂရုမစိုက်သည့် သူဌေး။ အဲ...သူဌေးတွေမွဲလျှင် နကိုမွဲတွေထက် လူအာကဉ်ခံရတတ်သည်ဟု ဦးခင်မောင် တစ်ထစ်ချတွေးသည်။
    သူဌေး။ ဟိုတုန်းကတော့ သူဌေးပင်။ အဘိုး သူဌေး၊ အဖေ သူဌေး၊ အဲ... အမေလည်း သူဌေး။ သည်တော့ မောင်ခင်မောင် သူဌေး သား၊ သူဌေး အသေးစား။
    အဖေနှင့် အမေက သူဌေးမို့ လူတွေက ခယသည်။ ဖော်ရွေသည်။ အရေးတယူပြုသည်။ နောက်ကွယ်တွင် အတင်းပြောချင် ပြောမည်။ ကျိန်ဆဲချင်ဆဲမည်။ ရှေ့တင်တော့ 'သူဌေး၊ သူဌေး' နှင့် 'သူဌေး' ကို လျှာဖျားမှမချ။ အဖေ သူဌေးက ''နေကောင်းရဲ့နော်'' ဟု ဆိုလျှင်လည်း ''ဟုတ်ကဲ့'' ထူးပြီး ခေါင်းညိတ်သည်။ အမေ သူဌေးကတော်က ''ဟိုဟာလေး လုပ်ပေးဦး'' ဟုဆိုလျှင်လည်း ''ဟုတ်ကဲ့'' ဟုဆိုပြီး ခေါင်းညိတ်သည်။ မောင်ခင်မောင် သူဌေးသားက ''ဟိုသွားမယ်'' ဟုဆိုလျှင်လည်း ဟုတ်ကဲ့ဆိုပြီး ခေါင်းညိတ် သည်။ လိုက်လိုက်ပို့သည်။ ပုတ်သင်ညိုလုပ်ကြသည်။
    အင်းလေ...ခုချိန်ခါမှာ လုံချည်တစ်ထည်ကို အလျင်ကလို သုံးလေးငါးကျပ်လောက်နှင့် သက်သောင့်သက်သာ မရတော့ သလိုပေါ့။ ဦးခင်မောင် ဘဝလည်း မောင်ခင်မောင်ဘဝလို သက်သောင့်သက်သာ မရှိတော့ပြီ။
    ''ကျွီ''
    ဘတ်စ်ကားက အရှိန်နှင့် မောင်းလာပြီးမှ ဘရိတ်ဆောင့်အုပ်သဖြင့် အသံတော်တော်မြည်သွားသည်။ ဦးခင်မောင်၏ ငယ်မူပြန် စိတ်ကူးယဉ်ခန်းလည်း တစ်ခန်းရပ်သွားသည်။
    ဆင်းရန် အသင့်ဖြစ်နေသော အပေါက်ဝနားမှ ဘုန်းကြီးတစ်ပါးသည် အရှေ့ဘက်သို့ ယိုင်ထိုးသွားသည်။ နောက်မှ ကိုယ်ကို ပြန်ထိခန်းပြီး ခပ်မြန်မြန်ဆင်းသွားသည်။ ''ငါ့ကွာ အလွယ်လိုက်တာ'' ဟုလည်း ပြောသွားသည်။ တောကျောင်းဘုန်းကြီး ထင်ပါရဲ့။
    ''ဆွဲ''
    စပယ်ယာ၏ အမိန့်ပေးသံသည် အားအင်အပြည့်ပေါ်ထွက်လာသည်။ အားအင်မရှိသော ဘတ်စ်ကားကြီးကား အားယူကာ ရုန်းကန်ထွက်ခွါခဲ့လေသည်။
    ရှုနာရှိုက်ကုန်း ဘတ်စ်ကားကြီးသည် လိုရာခရီးဆီ နီးလာသည်နှင့် အမျှ ဦးခင်မောင်၏ အတွေးသည်လည်း လက်ရှိဘဝနှင့် နီးလာခဲ့သည်။
    လက်ရှိဘဝနှင့် အနီးစပ်ဆုံးဘဝသည် အဖေ သူဌေးနှင့် အမေ သူဌေးကတော်တို့ ကွယ်လွန်ပြီးစအချိန်တွင် မွေးဖွားလေ သည်။
    မောင်ခင်မောင်သည် မိဘနှစ်ပါးဆုံး၍ ဝမ်းနည်းသော်လည်း မာနတော့ နည်းမသွားချေ။ ပြေးလက်စ အရှိန်ကို မသတ် နိုင်သကဲ့သို့ တက်လက်စ မာနဖြင့် မောင်ခင်မောင် အလုပ်မလုပ်ချေ။
    အဖေနှင့်အမေ ထားခဲ့သော စီးပွားရေးလုပ်ငန်းကိုလည်း အပျော်အပါး၌သာ ကျဉ်လည်သော မောင်ခင်မောင် နားမလည်။ မကျွမ်းကျင်။ ထို့ကြောင့် ''လည်သူစားစတမ်း'' ထုံးအရ သိနားလည်သူတို့က ညာ၏။ နှပ်၏။ ဘာမျှမကြာလိုက် သုံးနှစ်အတွင်း မောင်ခင်မောင် မွဲသွားသည်။ မောင်ခင်မောင်မွဲတော့ မောင်ခင်မောင့်မိန်းမလည်း မွဲ၏။ မောင်ခင်မောင့်မိန်းမကား နဂိုကပင် သိပ်ရှိသူမဟုတ်။ အိမ်မှုကိစ္စလေး နိုင်သည့်အတွက် အဖေနှင့် အမေက ပေးစားခဲ့ခြင်းဖြစ်သည်။ အဲ...မောင်ခင်မောင်နှင့် သူ၏မိန်းမ မွဲတော့ မောင်ခင်မောင်၏ သားသမီးငါးယောက်လည်းမွဲ၏။
    သို့သော် အမွဲကြီးတော့ မဟုတ်ချေ။ အမွဲသေးမွဲသည်ကိုပင် အထည်ကြီးပျက် မောင်ခင်မောင်သည် ရှက်သဖြင့် ဟန်ဆောင် ပြီး ပိုနေမြဲ ကျားနေမြဲထက် အနည်းငယ်လျော့၍နေ၏။ မောင်ခင်မောင်၏ သားသမီးငါးယောက်ကလည်း မောင်ခင်မောင်နည်းတူ ဟန်ဆောင်နေထိုင်ကြ၏။ ကြာသော် အမွဲကြီးမွဲတော့သည်။
    ဟန်ဆောင်၍မရအောင်မွဲမှ မောင်ခင်မောင်ကတော်က မုန့်ဟင်းခါး ရောင်း၏။ မောင်ခင်မောင် သားသမီးငါးယောက်က စားနေကျဖောက်သည်ဖြစ်၏။
    မောင်ခင်မောင် ဦးခင်မောင် ဖြစ်လာသောအခါ မုန့်ဟင်းခါးသည် ဘဝဖြင့် မလွယ်တော့။ ဦးခင်မောင် ဆိုက်ကားအငှား နင်းသည်။ အခြေအနေ ဟန်လာသည်။ မာနလည်းကျလာပြီ။ ထို့အတူ သားသမီးငါးယောက်လည်း စာမေးပွဲတွေ အပြိုင်ကျကြသည်။ ကျပေ့စေ။ ဦးခင်မောင် ကျောင်းဆက်ထားသည်။ ကိုယ့်သားသမီးကို ကိုယ့်လို နလပိန်းလုံး ငကန်းငအ မဖြစ်သလို။
    သမီးအကြီးဆုံးက ဆယ်တန်းအောင်သွားသည်။ လက်နှိပ်စက် အရိုက်သင်ပြီး နီးစပ်ရာရုံးတွင် လက်နှိပ်စက်စာရေးမ ဝင်လုပ်သည်။ ဦးခင်မောင်တို့အိမ်၏ စီးပွားရေး အခြေအနေ အတော်အတန် ကောင်းလာသည်။ သို့သော် ကျန်သားသမီးများ စာမေးပွဲကျနှုန်းလည်း ကောင်းလာ၏။ သားအလတ်နှင့် နံပါတ်သုံး သမီးတို့ ပညာမစုံခင် ကြင်လျာစုံကုန်၏။ သားအလတ်နှင့် နံပါတ်သုံး သမီးတို့ ပညာမစုံခင် ကြင်လျာစုံကုန်သည်။ သားအလတ်က ယောက္ခမအိမ်တွင် လိုက်နေသည်။ သားမက်က ဦးခင်မောင့် အိမ်တွင် လာနေသည်။ ဆယ်တန်းနှစ်ခါကျ အလုပ်လက်မဲ့ သားမက်မို့ ဦးခင်မောင်တို့မောင်နှံ ရှာကျွေးရန် လူမလျော့တော့ချေ။
    စားဝတ်နေစရိတ် ပိုတက်လာသဖြင့် ဦးခင်မောင် ဆိုက်ကားပိုနင်းရသည်။ အလျင်က မောင်ခင်မောင်တို့ သွားချင်ရာကို ကားဒရိုင်ဘာများက ''ဟုတ်ကဲ့'' ဆိုကာ ခေါင်းညိတ်ပြီး လိုက်ပို့ရသည်။ ခုတော့ ဦးခင်မောင်သည် ခရီးသည် သွားလိုရာကို ''ဟုတ်ကဲ့'' ဆိုကာ ခေါင်းညိတ်ပြီး ပို့ပေးရသည်။ ဦးခင်မောင်တို့ မာနကျသလောက် သောက တက်လာသည်။
    ဦးခင်မောင်သည် မောင်ခင်မောင်ကို သတိရ၏။ လွမ်း၏။ စိတ်နာ၏။ ဆိုက်ကားနင်းသဖြင့် ကိုယ်လက်နာ၏။ ဦးခင်မောင် ကား မွဲခြင်းကို ခါးစင်းခံရ၏။ သို့သော် ဦးခင်မောင်သည် ခံနိုင်ရည်ရှိ၏။ မောင်ခင်မောင်ကို စိတ်ညစ်သဖြင့် အရက်မသောက်၊ ဆေးလိပ်မသောက်၊ ရောက်ချင်ရာရောက်ဟူ၍ လျှောက်မသွား။ ထို့ကြောင့် နောက်ထပ် အပိုဒုက္ခ မရောက်တော့။
    အငယ်ဆုံးသမီး၏ ခင်ပွန်းသာ ဦးခင်မောင် အိမ်သို့ ရောက်လာ၏။ ဘဝတူ ငမွဲချင်းမို့ အိမ်တွင် အမွဲအားတိုးလာသည်။ သူတို့ရှာနိုင်သမျှနှင့် မလောက်တော့ ဦးခင်မောင့်ခေါင်း လာဆောင့်၏။ နို့ညှာသမီး ခိုးရာလိုက်သွားသည်။ ဦးခင်မောင်လည်း ပစ်ထားလိုက်သည်။ ဟိုဘက်ကလည်း လျစ်လျူရှု၏။ သူတို့နှစ်ယောက်ကတော့ တစ်မြို့တစ်ရွာတွင် တစ်အိုးတစ်အိမ် ထူထောင်ကြ ၏။
    မထူနိုင် မထောင်နိုင်ဖြစ်လာသည်မှာ ဥိးခင်မောင်ကတော်။ သူအပ်ရာထဲလဲတော့ သမီးတွေကပြုစုကြ၏။ ပြုစုရုံသာ ပြုစုကြသည်မို့ လိုသမျှဆေးဖိုးဝါးခ ဓာတ်စာခကို ဦးခင်မောင်ကသာရှာရ၏။
    သားနှင့် နို့ညှာသမီးကတော့ သူတို့အမေ မသေခင် တစ်ပတ်လောက်အလိုမှ ဘီစကွတ်မုန့်လေးနှင့် ရောက်လာ၏။ ဦးခင်မောင်ကတော်ဆုံးတော့ ဦးခင်မောင် တော်တော့်ကို စိတ်ညစ်သည်။ အားလျော့သည်။
    သို့သော် အိမ်သို့ နို့ညှာသမီးတို့လင်မယား ရောက်လာသဖြင့် လူတိုးလာပြန်သည်။ သားသမီးတွေကလည်း ငမွဲနှင့် ကပ်စေးနဲ နှင့်မို့ ဦးခင်မောင် ကြိုးစားရ၏။ လူပင်ပန်း၏။ စိတ်နွမ်း၏။ လူ့လောကကို စိတ်ကုန်ချင်သလို ဖြစ်လာ၏။ ဘုန်းကြီးဝတ်ရန် စဉ်းစားမိ၏။
    သို့သော် နံပါတ်သုံးသမီးက သမီးလေးမွေး၏။ သားအလတ်က သားဦးရ၏။ ထို့ကြောင့် ဦးခင်မောင် လူဝတ်ကြောင်နှင့်သာ စံနေရ၏။
    သမီးအကြီးဆုံးလည်း အိမ်ထောင်ကျသွားသည်။ သည်အချိန်ထိ စောင့်စည်းအောင့်အည်းကာ အဖေ့ကို လုပ်ကျွေးလာ သော သမီးကို ဦးခင်မောင် သာဓုခေါ်ရသည်။
သားသမီးတွေ အိမ်ထောင်အသီးသီး ကျကုန်၍ ဦးခင်မောင်နားရပြီဟု တွေးသည်။ မနားဖြစ်။ နို့ညှာသမီးက ကလေး တစ်ယောက်နှင့် အိမ်ပြန်ရောက်လာသည်။ သားမက် မကောင်းသော်လည်း ဦးခင်မောင်က သမီး၏အဖေ မဟုတ်လား။ သမီးကို သနားသည်။ မြေးကို သနားသည်။ သမီးကတော့ အကြော့သားနှင့် အပျိုလိုပင် သွားသွားလာလာ။ သူ့သားကို အဒေါ်တွေကထိန်း၊ အဘိုးကကြည့်။
    သမီးအငယ်ဆုံးက သမီးလေးမွေးသည်။ ဘိုးဘိုး ဦးခင်မောင် ဆိုက်ကားများများနင်းဖို့ ဖြစ်လာ၏။ သို့သော် များများမနင်း လိုက်ရ။ ဦးခင်မောင် အိပ်ရာထဲလဲ၏။ ရောဂန္တရကပ်ဆိုက်ပြီ။ အကျိုးဆက်အနေဖြင့် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်သည်။
    ဦးခင်မောင် နေမကောင်းစဉ်အတွင်း သားသမီးများ ပြုစုကြသည်။ သားမက်၊ ချွေးမများ ပြုစုကြသည်။ နောက် အမွေ အကြောင်း ဆွေးနွေးကြသည်။ ဦးခင်မောင်၌ ပေးစရာ အမွေမရှိသောကြောင့်လား၊ သူတို့တွေ အပြုအစု အယုယကောင်းလို့လား တော့မသိ ဦးခင်မောင် ပြန်၍ကျန်းမာလာသသည်။ ဆိုက်ကားပြန်နင်းသည်။ သားသမီးတွေက ထုံးစံအတိုင်း အတူနေသူက ကပ်စား သည်။ အဝေးနေသူက ကြုံသလိုဖဲ့စားသည်။ အမေကျွေးသော အစာမို့ စားကောင်းကြသည်ထင်၏။
    သမီးအကြီး သားဦးမွေးသည်။ ဘိုးဘိုး ဦးခင်မောင်၌ ရှိသမျှ ကုန်ရပြန်သည်။ သန်းခေါင်စာရင်းနှင့် ဆီစာအုပ်တွင် လူဦးရေ တိုးလာသလို ဦးခင်မောင် လူ့ဘဝသက်တမ်းလည်း တိုးလာပြီ။ ဘိုးဘိုး ဦးခင်မောင်ဘဝ ပို၍ပီပြင်လာသည်။
    ဆိုက်ကားမနင်းနိုင်တော့၍ တန်းစီတိုးစားလုပ်ရသည်။ မတတ်နိုင်တော့။ ကိုယ်လည်းသက်သာ၊ ငွေရလည်းချောင်သည့် အလုပ်ကို ရွေးလုပ်ရသည်။ ဟန်တစ်ချက်၊ မဟန်တစ်ချက်။
    ဟန်လျှင် မနက်တိုင်း လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ နွားနို့လေးတစ်ခွက် မှန်မှန်သွားသောက်သည်။ မဟန်လျှင် အိမ်မှာ ရေသောက်သည်။ ထမင်းရည်ပူပူကတော့ မြေးတွေသောက်ကြသည်။ မြေးတွေလည်း အနေအစား ဆင်းရဲလှသည်။ သူတို့ မိဘတွေကလည်း လောက်ငအောင် မရှာနိုင်ကြ။ ရှာနိုင်ပြန်တော့လည်း အသုံးအဖြုန်းကြီးသည်နှင့် ကုန်ပြန်သည်။ အဖေ့ကို ပေးဖို့ကမ်းဖို့ဆိုတာကိုတော့ သားသမီးတွေ မတွေးတတ်ကြထင်သည်။ သူတို့တွေးတတ်တာက သူတို့မိသားစုတွေ လကုန်ရက် ငွေပြတ်လျှင် အဖေ့ချွေးနှဲစာထဲက ဘယ်လောက်ဆွဲရမည် ဆိုတာမျိုးလောက်သာ။
    တစ်ခါတစ်ခါတော့လည်း ဦးခင်မောင် နားနားနေနေ နေချင်စိတ်ပေါက်မိသည်။ မောင်ခင်မောင့်လို အေးအေးဆေးဆေး ထမင်းလက်ဆေးစားချင်မိသည်။ သို့သော် မောင်ခင်မောင်၏ မိဘက သား မောင်ခင်မောင့် စိတ်သဘောကို စောကြောမိ၍ အလိုလိုက် အကြိုက်ဆောင်ပေးတတ်ကြသော်လည်း ဦးခင်မောင်၏ သားသမီးများက ဦးခင်မောင် စိတ်သဘောကိုသော်မျှ မရိပ်စား မိကြ။ ဦးခင်မောင် အရည်ပျော်ဖယောင်းနှယ် ကိုယ်ခန္ဓာကိုသော်မျှ အားမနာကြ။
    မနက်က အဖြစ်ကတော့ ရယ်ရမလို၊ ငိုရမလို။ မနက်စောစောစီးစီး သားကြီးတို့မိသားစု ရောက်လာ၏။
    ''အေဖ့မွာ အက်ႌသိပ္မရွိဘူးဆို''
    သားကြီးက ဝယ်ပေးတော့မည်လားဟု ဦးခင်မောင်က တွေးသည်။ ပီတိဖြစ်သည်။ အလျင်က မချောင်လည်၍ မသိတတ် ခဲ့တာဖြစ်မည်ဟု စဉ်းစားသည်။
    ''အေး နှစ်ထည်တော့ အပြင်လေးဘာလေးထွက်ရင် ဝတ်ဖို့ရှိတယ်''
    ''ဒါဆို မဖြစ်ဘူး အမေ''
    ချွေးမက ပြော၏။ ''အင်း သူလေးလဲမဆိုး''ဟု တွေးသည်။
    ''ဒီလိုလုပ်ပါလားအဖေရာ၊ ကျွန်တော့်အင်္ကျီအသစ်ကြီးရှိသေးတာ၊ တစ်ခါတည်း ရေချရသေးတယ်၊ အဲဒီအင်္ကျီကို အဖေ အပေါင်ယူထားပါလား၊ ကျွန်တော့်မှာ ငွေလိုလို့ပါ၊ တစ်ဆယ်လောက်ဆို ရပါပြီ အဖေ''
    ဦးခင်မောင် မောသွားသည်။ သားကြီးကတော့ သူတို့မိသားစု မွဲကြောင်းကို မမောနိုင်မပန်းနိုင် ဆက်ပြော၏။ သားသမီး မောပန်းမည်ကို မကြည့်လိုသော အဖေ ဦးခင်မောင်က အင်္ကျီကို မယူဘဲ ငွေတစ်ဆယ် ထုတ်ပေးလိုက်သည်။ နောက်တစ်ပတ် ဆယ်ရက်လောက် မနက်ဘက် နွားနို့နှင့် ဝေးဦးမည်။
    တဖြည်းဖြည်း ဝေးဝေးသွားသော သားကြီးတို့ မိသားစုကိုကြည့်ရင်း ဦးခင်မောင် ဝမ်းနည်းလာ၏။ အားလုံးကို စွန့်လွှတ် ပြီး ဘုန်းကြီးဝတ်ချင်စိတ် ပေါက်လာပြန်သည်။
    ''သူတို့လေးတွေမရှိရင် ငါ့ကိုပဲလာတောင်းကြရရှာတာ၊ ငါသာမရှိရင် သူတို့လေးတွေအခက်''ဟူသော အတွေးကြောင့် ယခင့်ယခင်က တင်းခံခဲ့သည်။
    ယခုတော့ မထူးတော့ပြီ။ အသက်ကလည်း ပို၍ပို၍ ကြီးလာသည်။ နံပါတ်သုံးသမီး၏ သမီးကြီးတောင် သူငယ်တန်း ရောက်ပြီး သားကသုံးနှစ်။ နို့ညှာသမီး၏ တစ်ဦးတည်းသောသမီးက လေးနှစ်ကျော်ပြီ။ သမီးထွေး၏ သမီးကြီးက သုံးနှစ်ခွဲ၊ သားငယ်က အခါလည်၊ သမီးကြီး၏ သားက နှစ်နှစ်ကျော်ကျော်။
    မြေးတွေ ငယ်စဉ်က သံယောဇဉ်ဖြတ်တာ ကောင်းသည်ဟု ဦးခင်မောင် ထင်သည်။ သူတို့လေးတွေအားလုံး ကျောင်းနေ သည့်အရွယ်မှဆိုလျှင် မလွယ်။ ကလေးတွေက အသိအတတ်မြန်ပါ၊ ထက်ပါဘိသနှင့်။
    ဦးခင်မောင် ကိုယ်ကိုကိုင်း၍ အပြင်သို့ ကြည့်လိုက်သည်။ တွေးလာငေးလာလိုက်တာ နောက်တစ်မှတ်တိုင်ဆို ဆင်းရ တော့မည်။ အရှေ့တိုးထားလိုက်သည်။ အင်း သည်ဘတ်စ်ကားကို လူ့ဘဝအနေနှင့် နောက်ဆုံးစီးခြင်းဖြစ်သည်။ နောက်ဆို ဦးပဉ္စင်း ဘဝ။ လူ့ဘဝက ရှုပ်သည်။ ခုတောင် ယနေ့ပင် ဘုန်းကြီးဝတ်မည်စိတ်ကူးပြီးမှ အသိတစ်ယောက်နှင့် ကိစ္စတစ်ခုချိန်းထားသည်ကို သတိရ၍ မြို့ထဲသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ခုတော့ အိမ်ပဲပြန်ရောက်တော့မည်။ အိမ်ရောက်လို့ လုပ်စရာရှိတာလုပ်ပြီးရင် ဘုန်းကြီးကျောင်းကိုပင် သွားတော့မည်။
    ''မှတ်တိုင်ပါလား''
    ''ပါတယ်၊ ပါတယ်''
    ဘတ်စ်ကားပေါ်မှဆင်းတော့ စောစောက တောကျောင်းဘုန်းကြီး၏ အဖြစ်အပျက်ကို သတိရမိကာ ပြုံးလိုက်မိသေးသည်။
    နေပူပူတွင် တစ်လှမ်းချင်းလှမ်းလာရင်းမှ မြေးကြီး မိစုတွင် ဖိနပ်မရှိသည်ကိုတွေးမိသည်။ ''ဝယ်ပေးဦးမှ''ဟု စိတ်ကူးရင်း မှ ''သံယောဇဉ်ဖြတ်လို့ဖြစ်မှ ဖြစ်ပါ့မလား''ဟု တွေးပြီး ပြုံးလိုက်မိသည်။
    ''ဟော ဘိုးဘိုး ပြန်လာပြီ''
    အိမ်ရှေ့ရောက်သည်နှင့် အခါလည်မြေးမှလွဲ၍ ကျန်မြေးငါးယောက်လုံး ပြေးထွက်လာသည်။
    ''ဘိုးဘိုး၊ လာလာ ဒီမှာထိုင်''
    သူငယ်တန်းရောက်နေပြီဖြစ်သော မြေးကြီးမိစုက ဘုရားစဉ်ရှေ့ကြမ်းပြင်တွင် ထိုင်ရန်ပြောသည်။ ပုဆိုးစကိုလည်း အတင်း ဆွဲသွားသည်။
    ''ဟဲ့ ဟဲ့ နေပါဦး၊ ထိုင်ပါ့မယ်''
    သူပြသည့်နေရာတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
    ''ဘိုးဘိုးကလဲ အဲလိုမထိုင်နဲ့၊ ဒီလိုထိုင်လေ''
    မြေးကြီးကပင် တင်ပျဉ်ခွေထိုင်ပြသည်။
    ''ကဲကဲ ထိုင်ပြီကွယ်''
    ဦးခင်မောင်က ပြင်ထိုင်လိုက်ပြီး ပြုံးပြလိုက်သည်။
    ''ဟဲ့ သွားယူလေ''
    မြေးကြီးက အငယ်လေးတွေဖက်လှည့်ပြီး အမိန့်ပေးလိုက်သည်။ သမီးထွေး၏သမီးကြီးက အိမ်အတွင်းဘက် ပြေးဝင်သွား သည်။ ပြန်ထွက်လာတော့ တစ်ခုခု ကိုင်လာသည်။ ဦးခင်မောင်ရှေ့သို့ လျှောက်လာပြီး ထိုင်ချလိုက်သည်။ ကျန်မြေးများကပါ ထိုင်လိုက်ကြသည်။ မြေးကြီးက အလတ်မယူလာသော အရာကို ပြောင်းယူပြီး နီးရာစက္ကူတစ်ရွက်ပေါ် တင်လိုက်သည်။
    ငါးမူးတန် တရုတ်ပဲမုန့်သုံးခု။
    ''ဘာတွေတုန်းကွဲ့''
    ဦးခင်မောင်က နားမလည်သလိုပြောလိုက်သည်။
    ''ဟဲ့ ကန်တော့ကြလေ''
    မြေးကြီးက ပြောပြောဆိုဆို ထိုင်ကန်တော့လေသည်။ ကျန်မြေးများကပါ လိုက်ကန်တော့ကြသည်။ ဦးခင်မောင် တအံတသြ ဖြစ်သွားသည်။ တစ်ခုခုမေးရန် ဟန်ပြင်လိုက်စဉ်မှာပင်...
    ''ဒီနေ့ သီတင်းကျွတ်ပြီ ဘိုးဘိုးရဲ့၊ ကျောင်းက ဆရာမကပြောတယ်၊ သီတင်းကျွတ်ရင် လူကြီးတွေကို ကန်တော့ရတယ်တဲ့၊ ဘိုးဘိုး ဆုတောင်းပေးနော်၊ မုန့်က သမီးစုထားတဲ့ မုန့်ဖိုးထဲက တစ်ကျပ်ထည့်တယ်၊ မိငယ်က ပြားနှစ်ဆယ်၊ ဖိုးတူးရယ်၊ မိအောင် ရယ်၊ ညီထွေးရယ်က ဆယ်ပြားဆီ၊ ဘိုးဘိုး မီးကို ဆုများများတောင်းပေးနော်''
    ဘိုးဘိုး ဦးခင်မောင် ငိုင်သွားသည်။ ရင်ထဲကပီတိတွေ လှိုက်ကာလှိုက်ကာ တက်လာသည်။ ဘယ်လိုမှထိန်းမရတော့ပါ။ စီးကျသော မျက်ရည်များကို လက်ခုံဖြင့် မသိမသာ သုတ်ရင်း...
    ''အေးကွ၊ သာဓု သာဓု သာဓု၊ ငါ့မြေးလေးတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒပြည့်ပါစေ၊ ဒီအဘိုး ဒီအဖေ ဒီအမေ တွေနဲ့ ရာသက်ပန် အတူတကွ ပျော်ရွှင်နိုင်ပါစေကွယ်''
    ''ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘိုးဘိုး''
    ကလေးတွေက သံပြိုင်အော်လိုက်သည်။
    ''ဟဲ့ တိုးတိုး''
    အိမ်ရှေ့တွင် အဝတ်လျှောက်နေသော သမီးကြီးက လှမ်းဟန့်လေသည်။
    ဘိုးဘိုးကြီး ဦးခင်မောင်ကား ငါးမူးတန် တရုတ်မုန့်သုံးခုကို အငေးသားကြည့်နေရင်းမှ တိုးတိုး ရေရွတ်လိုက်မိသည်မှာ...
    ''ဒီမြေးတွေ လူလားမမြောက်မချင်းတော့ ငါ ဘုန်းကြီးဝတ်လို့ မဖြစ်သေးပါဘူးလေ၊ ဖြစ်ကို မဖြစ်ပါဘူး''
မသီတာ(စမ်းချောင်း)
၁၉၈၆ ခု၊ ဇွန်လ၊ မဟေသီ မဂ္ဂဇင်း



No comments:

Post a Comment