Sunday 23 October 2011

စင်္ကြံပေါ်မှာ

    စင်္ကြံနံပါတ် ၂ ဟု သိရသည်နှင့် အပြင်ပြန်မထွက်ချင်။ အပြင် ထွက်လှေခါးပေါ်တက်ပြီးမှ ပြန်ဆင်းရဖို့ဆိုသည်က ခုလိုပစ္စည်းတွေ အပုံ အပင်နှင့်ဆိုတော့ မလွယ်။
    သံတွန်းလှည်းတွေ အဝင်အထွက်ပြုသည့် တံခါးပေါက်ဘက် ဆက်လျှောက်ခဲ့သည်။ လက်မှတ်စစ်လည်း မရှိသည်မို့ အထုပ်အပိုးတွေ ချပြီးနားဖို့ မကြိုးစားတော့။ ရထားသံလမ်း မြှုပ်ထားသည့် သံမံတလင်းခင်း လမ်းအတိုင်း စင်္ကြံနှစ်ပေါ် ဆက်လျှောက်ခဲ့သည်။
    ရထားထွက်ရန် လိုသေးသည်ကတော့ သေချာလှသည်။ မနက် က ဝင်သွားသော တွဲများပင် ကုန်ချ၍မဆုံးသေး။ လူတွေတော့ များနေပြီ။ တိုင်ပတ်လည် သစ်သားထိုင်ခုံဝိုင်းများမှာ နေရာကုန်သလောက်ရှိပြီ။
    ကုန်ချနေသောတွဲနားရှိထိုင်ခုံဝိုင်းတွင် တစ်နေရာစာခန့် လွတ်နေ သဖြင့် ခပ်မြန်မြန်နေရာဦးလိုက်ရသည်။ ရထားကခုပုံစံအတိုင်းဆိုလျှင် ဆယ့်နှစ်နာရီလောက်မှ တွဲထိုးပြီး တစ်နာရီခန့်မှ ထွက်မှာဆိုတော့ နောက်သံတွန်းလှည်းမောင်းသမား၏ အသံကြောင့် ခွေးတုန်သွားသည်။ နို့ဆီပုံးတွေကြား ပြေးကပ်ကာ အမြီးကုပ်ထားသည်။
    ''သောက်ရေ ရမယ်... သောက်ရေ ယူဦးမလား''
    ရေသည်အသံကြောင့် သူ့ကို ကြည့်မိသည်။ အသားမည်းသော် လည်း သနပ်ခါးအဖွေးသား၊ အတိတ်အရိပ် အင်္ကျီဖြူလက်စက၊ ပါတိတ် လုံချည် ခပ်နွမ်းနွမ်းနှင့် သန့်သန့်ရှင်းရှင်းတော့ ရှိပုံရသည်။ ရန်ကုန်ဘူတာ ကြီးမှာ ရေသည်ရှားသမို့ အဆင်ပြေပုံပဲဟု တွေးလိုက်မိသည်။
    ''ရေ ယူမှာလား''
    သူက ခပ်ပြတ်ပြတ်ထပ်မေးမှပင် ကမန်းကတန်း ခေါင်းခါပြ လိုက်မိသည်။ သူ ထွက်သွားသည်။ သူ့ခြေတစ်ဖက်သည် လိမ်ခေါက်နေ ကာ သူ လမ်းလျှောက်ပုံသည် စိတ်ပျက်ဖွယ်ဖြစ်သည်။
    နို့ဆီပုံးများကို ကွေ့ရှောင်ကာ သူ ထွက်သွားနေသည်ကို ငေးရင်း မှ စောစောက ခွေးကို မြင်မိသည်။ ခွေးက နို့ဆီတွေကို သွားရည်တမြား မြားနှင့် လျက်နေသည်။ ဟန့်တားမည့်သူ မရှိသည်မို့ ခွေး အကြိုက်တွေ့ သွားပုံရသည်။ စက္ကူစကို ပါးစပ်ဖြင့် အပြည့်ငုံကာ ဆွဲဖြဲလိုက်သည်။ မြေပေါ်ရောက်လာသည့် နို့ဆီတွေနှင့်စက္ကူစကို ရှေ့ခြေတစ်ချောင်းနှင့် ထိန်း ရင်း တစ်စစီ ကိုက်ဖြဲနေသည်။
    ခွေးကို ကြည့်ရင်း စိတ်ရှုပ်လာသဖြင့် လက်ဝဲဘက်ကို မြင်ကွင်း ပြောင်းသည်။ စွပ်ကျယ်ညိုညစ်ညစ်၊ ဘောင်းဘီပြာနှင့် ကုန်တင်ကုန်ချ အလုပ်သမားတစ်ယောက်သည် ရပ်စောင့်နေသူတို့နားတွင် မယောင် မလည်ရပ်ကာ ဘောင်းဘီအိတ်ထဲ နှိုက်နေသည်။
    နောက် ဘောင်းဘီအိတ်မှ လက်ရုပ်လိုက်သောအခါ မုန်လာဥ နီတစ်လုံး ပါလာသည်။ ဆက်နှိုက်သည်။ စုစုပေါင်း ရှစ်လုံးတိတိ။ ဘောင်း ဘီအိတ်ထဲ ပြန်ထည့်သည်။ မယောင်မလည်နှင့် ထွက်သွားသည်။
    ''မိန်းမရယ်... လာစမ်းပါအေ''
    ''အို... ခဏနေစမ်းပါ''
ဒူးယား၊ ခပေါင်းရောင်းသည့် ကောင်မလေးက ခုနက သောက်ရေ သည်ကို လှမ်းခေါ်နေသည်။ သောက်ရေသည်ကတော့ ခပ်တည်တည်ပင်။ သောက်ရေအိုး နံဘေးချကာ နို့ဆီပုံးတစ်ပုံးမှ နို့ဆီများကို လက်ညှိုးနှင့် ထိုးကော်လျက်စားနေသည်။ စားလို့ဝမှ လက်ကို ခေါင်းခုအဝတ်နှင့် သုတ် ကာ ရေတစ်ခွက် ခပ်သောက်သည်။ နောက်တစ်ကျော့ပြန်ရောက်လာသော နို့ဆီကြိုက်သည့်ခွေးကို ရေအကျန်နှင့် လှမ်းပက်ပြီး ထဘီပြင်ဝတ်၊ ရေအိုး ခေါင်းပေါ်ပင့်တင်ကာ လိမ်ဖည်ဖည်နှင့် ထွက်သွားလေသည်။
    အသံချဲ့စက်မှ ကြေညာသံထွက်လာ၍ နားစိုက်ထောင်မိသည်။ ပြည်သွားမည့်ရထား စင်္ကြံ၃မှ ထွက်မည်ဟု သိရသည်။ ကိုယ့်ကိစ္စမဟုတ် ၍ စိတ်မောသွားသည်။
    နှာခေါင်းထဲတွင် မွှန်လွန်းမက မွှန်လာသည်ဟု ထင်မိသည်။ တရားခံ ရှာကြည့်တော့ နောက်ကျောဘက် မျက်စောင်းထိုးတွင် ခြင်းကြား ကြီးလေးလုံးကို တွေ့ရသည်။ နှီးကွက်ကြားမှ စိမ်းစိမ်း၊ နီနီလေးများကို မြင် ရသဖြင့် ငရုပ်စိမ်းတောင့်များဟု သိလိုက်ရသည်။ ဒါကြောင့် စ,ထိုင်က တည်းက အနံ့စူးစူးနဲ့နေတာဟုတွေးပြီး စိတ်ညစ်သွားပြန်သည်။
    'ဒလိမ်း' 'ဒလိမ်း' အသံတွေနှင့်အတူ ပီပါပုံးတွေ လိမ့်လာပြန် သည်။ ပြည်အမြန်ရထားတွဲ ထိုးလာပြီး ရှန်တိန်လုပ်သံတွေက ဖုံးလွှမ်း သွားပြန်သည်။
    ''ဘာရခဲ့လဲ''
    ''ဒီမှာလေ''
    ပီပါပုံးတွေ လှိမ့်လာသော လူတစ်ယောက်က ဘောင်းဘီပြာနှင့် လူကို လှမ်းမေးလိုက်သည်။ ဘောင်းဘီပြာနှင့်လူက လက်ထဲက ဦးထုပ်ကို ဖွင့်ပြလိုက်သည်။ ဦးထုပ်ပက်လက်ထဲတွင် ဘိုစားပဲတောင့်တွေ နှစ်ဆယ် သားခန့် ရှိမည်။
    ပြည်အပြန်စီးမည့်လူတွေနှင့် ရှုပ်လာပြန်သည်။ ပစ္စည်းတွေ ပြန် စစ်လိုက်သည်။ စောစောက ကုန်ချနေသည့်တွဲ ထွက်ခွာသွားပြီ။
သူတို့ဟာသူတို့မေး၊ သူတို့ဟာသူတို့ဖြေကာ တစ်ယောက်က ခြင်း တစ်ခြင်းပေါ် တက်ထိုင်သည်။ လူ့ကိုယ်အလေးချိန်ကြောင့် တောင်းမှာ ကျိုး ပေါက်ပုံပျက်သွားသည်။
    နောက်တစ်ယောက်က နောက်တစ်ခြင်းပေါ်တက်ထိုင်သည်။
    ''မောတယ်ကွာ''
    အလုပ်သမားတစ်ယောက်ပြီးတစ်ယောက် ထိုင်စရာခြင်းကိုယ်စီ နှင့် ဖြစ်ကုန်ကြသည်။
    အသံချဲ့စက်မှ ကြေညာသံ ထွက်လာပြန်သည်။ ထိုင်နေရာမှ ထ,ကာ ပစ္စည်းစစ်ကြည့်သည်။ နာရီကြည့်သည်။ ဆယ့်နှစ်နာရီ ဆယ့်ငါး။
    ''ကဲ... ပျင်းမနေနဲ့၊ သယ်ကွာ''
    အလုပ်သမားတွေ ငရုပ်သီးခြင်းကို ကိုယ်စီထမ်းပိုးပြင်နေကြပြီ။ ရထားက စင်္ကြံနှစ်မှာ တွဲထိုးလာသည်။ ခေါင်းတွဲနောက်က ကပ်လျက်တွဲ မှာ အထက်တန်းတွဲမို့ လမ်းများများ မလျှောက်ရတော့။
    ထိုင်ခုံနေရာရပြီ၊ ပစ္စည်းအခြေအကျထားကာ ထိုင်ခုံပေါ်ထိုင်ချ လိုက်သည်။
    ''သောက်ရေ... သောက်ရေ... ရမယ်၊ သောက်ရေ...''
    သောက်ရေသည်သည် တွဲစမှ စတင်ကာ လိမ်ဖည်ဖည်လျှောက် လာသည်။ စင်္ကြံပေါ်တွင် နို့ဆီပုံးများရှိနေသေးသည်။ ငရုပ်သီးခြင်းကြီးများ မူ မရှိတော့ချေ။ ထို့အတူ ငရုပ်သီးစိမ်းနှိုက်သည့် အသားမည်းသည့်လူ အရိပ်ယောင်ကိုပင် မတွေ့မိ။
    ''သောက်ရေ ရမယ်၊ သောက်ရေ...''
    လိမ်ဖည်ဖည်လျှောက်လာသော သောက်ရေသည် အနားရောက် လာမှ သောက်ရေတစ်ခွက်လောက်သောက်ဦးမည် စိတ်ကူးသည်။ မကြာမီ ရထားထွက်လိမ့်မည်။

မသီတာ(စမ်းချောင်း)
ဆူးဒဏ်မဲ့သစ်ရွက်များ ၀တ္ထုတိုပေါင်းချုပ်မှ...

No comments:

Post a Comment