Sunday 23 October 2011

မိုးသည်းလာ၏

    ချာတိတ်ငါးယောက်သည် အကျယ်တစ်ထွာခန့်သာရှိပြီး နှစ် တောင်ထက်ပိုမရှည်သော သစ်သားခုံတန်းလေးပေါ်သို့ အလုအယက် ဝင် အိပ်နေကြသည်။ သူတို့အားလုံးမှာ ညစ်ပတ်ပေရေနေကြသည်။ ချာတိတ် တစ်ယောက်ကမူ ခေါင်းတုံးပြောင်ပြောင် နှပ်ချေးတွဲလွဲနှင့် စီးကျလာသော နှာရည်များကို လက်ခုံစောင်းနှင့် ဆွဲဆွဲသုတ်လေရာ ပါးပြင်တွင် ချေးကြောင်း ဗလပွပေါ်လာတော့သည်။ မျက်နှာရှုတည်တည် ပုလုံးလုံးချာတိတ်ကတော့ ဘာမှန်းမသိသော အရာတစ်ခုကို တစ်ကြိတ်တည်းကြိတ် တစ်ဝါးတည်း ဝါးနေလေသည်။ ထိုခပ်မည်းမည်းအရာမှာ ငြင်းခုန်သောအခါ သံမံတလင်း ပေါ်ကျလိုက်၊ ပြန်ကောက်ကာ ဘောင်းဘီစနှင့် သုတ်လိုက်၊ ပါးစပ်ထဲ ပြန် ထည့်လိုက်၊ တစ်ခါ ငြင်းပြန်သဖြင့် အခြားချာတိတ်များ ခြေဖဝါးကြားသို့ ရောက်သွားလိုက်နှင့် လုံးလည်ချာလည်လိုက်နေလေသည်။
    ကိုသိန်းလူသည် ကိုယ့်ရှေ့တည့်တည့်တွင် မမြင်ချင်မရ၊ မြင်နေ ရသော ဤချာတိတ်အုပ်စုကိုကြည့်ရင်း စိတ်ညစ်ညစ်ရှိလာသည်နှင့် ညာ ဘက်သို့ လှည့်ငေးလိုက်လေ၏။
    မိန်းမကြီး လေးငါးယောက်နှင့် လူကြီးသုံးလေးယောက်သည် အုတ်ခုံကြီးပေါ်ထိုင်ရင်း ကိုသိန်းလူလိုပင် ဟိုငေးသည်ငေး၊ ပြောသည် ပြော လုပ်နေကြသည်။ မြေနီလမ်း ဟိုမှာဘက်တွင်တော့ ဆောက်လက်စ ရေခဲ တိုက်အဆောက်အဦကို တွေ့ရသည်။ ရေခဲတိုက်သာဆိုသည်။ လှတော့ အလှသား။
    အရပ်ခပ်ပျတ်ပျတ်၊ ထိပ်ခပ်ပြောင်ပြောင်၊ မျက်မှန်တဝင်းဝင်း နှင့်လူကြီးတစ်ယောက်မှာမူ လက်ကနာရီကို ကြည့်လိုက်၊ အသုဘကားများ လာမည့်လမ်းဘက် ငေးလိုက်နှင့် ဂနာမငြိမ် ဖြစ်နေသည်။ သူ့ကြည့်ရသည် မှာ ကိုသိန်းလူလို ခုံတန်းပေါ် ထိုင်ရမည်ကိုလည်း စတိုင်မကျဟု ထင်သ လို သူတကာလို အုတ်ခုံကြီးပေါ်ထိုင်ရမှာလည်း အတော်လေး အောက်ကျ သည်ဟု ထင်နေပုံရသည်။ မတတ်သာ၍သာ ခုလို ကြံတောမှ စောင့်၍ အသုဘပို့ပုံရ၏။
    ထူးတော့ မထူးလှ။ ကိုသိန်းလူလည်း ဤနှယ်ပင်။ ရုံးကအရာရှိ တစ်ဦး၏ အသုဘမို့ မပို့မဖြစ်။ ကိုသိန်းလူကလည်း အငယ်ကောင် နေမ ကောင်း၍ ခွင့်ယူထားသောရက်ဖြစ်သည်။ သို့သော် နာရေးမို့ အဆင်ပြေ သလိုပင် အသုဘပို့ရတော့သည်။
    ကိုသိန်းလူလို အဆင်မပြေသူများသည် များသောအားဖြင့်တော့ သည်လိုပင် ကြံတောသုဿန်ကစောင့်၍ ပို့တတ်ကြသည်။ ကိုသိန်းလူ အ နေဖြင့် သည်အသုဘကို လာလည်းပို့ချင်သည်၊ သိပ်လည်း မပို့ချင်။ ပို့ချင် သည်ကတော့ ကိုယ့်ရုံးက အရာရှိတစ်ဦးမို့။ သိပ်မပို့ချင်သည်ကတော့ အငယ်ကောင်ကြောင့်။ နောက်ပြီးတော့လည်း သည်ကွယ်လွန်သူ အရာရှိ နှင့် ကိုသိန်းလူသည် သိပ်အစေးမကပ်လှ။ သို့သော် သူဆုံးပြီဆိုတော့လည်း မည်သည့် အာဃာတမှ သတိမရ။ သေခြင်းတရားနှင့်အတူ အာဃာတများ ကွယ်ပျောက်ခဲ့သလို စိတ်မကောင်းပင် ဖြစ်မိသည်။
    ''ဟေ့ကောင်တွေ ပုဆိုး ဆွဲမချွတ်နဲ့လေကွာ၊ အဟားဟား... ယား တယ်ကွ''
    ''အား... လွှတ်တွန်းရသလားကွ၊ ငါကွာ...''
    ချာတိတ်အုပ်စုထံမှ ပျစ်ပျစ်နှစ်နှစ်ဆဲရေးတိုင်းထွာလိုက်သံ ကြောင့် ကိုသိန်းလူ ဆတ်ခနဲ တုန်သွားလေသည်။ ချာတိတ် ငါးယောက် မှာ ဘယ်လိုမျှ ကြည့်ချင်စရာ မရှိ။ ပုဆိုးကျွတ်သူ၊ အင်္ကျီကြယ်သီး ပြုတ်သူ၊ သံမံတလင်းပေါ်တွင် မှောက်လျက်လဲကျနေသူဖြင့် အကွပ်မဲ့ကြမ်း ဗရမ်း ပတာဖြစ်ချင်ရာဖြစ်နေကြသည်။ အဖေအမေ အုပ်ထိန်းရာမဲ့နေကြသူတွေ များလား။
    အသုဘယာဉ်တစ်စီး မြေနီလမ်းအတိုင်း မောင်းဝင်လာသည်။ နောက် ဘတ်စ်ကား နှစ်စီး။ နောက်ထပ် မည်သည့် စက်တပ်ယာဉ်မျှ ထပ် ဝင်လာခြင်း မရှိ။ အသုဘယာဉ်ပေါ်တွင်လည်း မည်သည့်ပန်းခွေကိုမျှ မမြင် ရ။ အရာရှိ၏ အသုဘမဟုတ်သည်ကတော့ သေချာသည်။ ကိုသိန်းလူ သည် ခါးကြောအနည်းငယ်ဆန့်ကာ ခေါင်းကို ဘယ်ညာလှည့်ပြီး အညောင်း ဖြေလိုက်သည်။
    အသုဘယာဉ်ပေါ်မှာ အခေါင်းကို လူအချို့ မ,ချကာ သံချေး အထပ်ထပ်တက်နေသော လက်တွန်းလှည်းထရော်လီပေါ်ရှိ ဂုန်နီအိတ် အစုတ်ပေါ် တင်လိုက်ကြသည်။
    ယခုထိ အသုဘပိုင်ရှင် မတွေ့သေး။ နောက်မှ ဘတ်စ်ကားတစ် စီးပေါ်မှ လူအချို့ ဆင်းလာကြသည်။ မိုးတဖွဲဖွဲရွာနေသောကြောင့် အမိုး အောက် ခပ်မြန်မြန်ပြေးဝင်ကြသည်။
    မိန်းမကြီးတစ်ယောက်သည် ကလေးငယ်ကို လက်ဆွဲကာ ခပ် ဆိုင်းဆိုင်းပင် အမိးအောက် ဝင်လာသည်။ မိန်းမကြီးမှာ ခပ်ပုပု။ ကြာဆံ ခွေ ဆံပင်များကို သစ်သားဘီးအကျိုးတွင် ဖြစ်သလို ရစ်ခွေထားရာ နောက် မှ ကြည့်လျှင် စကာကုံး ခပ်လုံးလုံးပေါ် ကြာဆံမျှင်များ ဖြန့်ချထားသလို ဖြစ်နေသည်။ နီညိုရောင် ဂျာစီအစုတ်ကို လက်ခေါက်ကာ ဝတ်ထားပြီး ထဘီသည် အရောင်မပေါ်တော့ပြီ။
    သူဆွဲခေါ်လာသော ကလေးမှာလည်း အစုတ်အကာ့ အစုတ်ကဆင်ကာ ရှိသမျှအသံဖြင့် 'အဖေရေ... အဖေ' ဟု အဆက်မပြတ် အော် နေသည်။ နောက်ထပ် 'အဖေရေ... အဖေရဲ့... ဟီး...'ဟု အော်ငို နေသောကောင်မလေးတစ်ယောက်နှင့် ကောင်လေးနှစ်ယောက်ကား အခြား ဘတ်စ်ကားတစ်စီးမှ ဆင်းလာ၏။
    ''ဟဲ့...ဟဲ့၊ ထိုင်ကန်တော့ကြလေ''
    ကောင်မလေးကို ခေါ်လာသော မိန်းမတစ်ယောက်က သတိပေး မှပင် ကွယ်လွန်သူ့ကတော်သည် ဆတ်ခနဲ ထိုင်ချကာ အခေါင်းကို ဦးချ လေသည်။ သူ့အမေ ထိုင်ကန်တော့သည်ကို မြင်မှ သူ့သားသမီးများလည်း လိုက်ကန်တော့ကြ၏။
    ''အဖေရေ... ဟီး...ဟီး၊ ရွှတ်- အဖေရဲ့... ကျွန်တော်တို့ တော့ ဒုက္ခပဲ အဖေရဲ့''
    ရှိသမျှအင်အားများကို စုပေါင်းကာ အသံအဖြစ် လွှင့်ထုတ်လိုက် သော ကောင်လေး၏အသံကြားမှ သူ့အမေသည် ငိုက်ကျနေသော ခေါင်း ကို ဆတ်ခနဲထောင်ကာ အငယ်ဆုံးကောင်လေးလက်ကို ဆွဲ၍ ထ,သွားလေ သည်။
    ဂျိုင်းခနဲ အသံနှင့်အတူ ခေါင်းသည် ကိုသိန်းလူမြင်ကွင်းမှ ပျောက် တော့၏။
    မိုးဖွဲဖွဲကြားတွင် ကလေးနှစ်ယောက်သည် 'အဖေ' ဟု တွင်တွင် အော်ရင်း ဘတ်စ်ကားဆီသို့ ပြေးကြ၏။ ကလေးနှစ်ယောက် ကားခြေနင်း ပေါ်ရောက်သည်နှင့် ကားလည်း စ,ထွက်တော့သည်။
    ကိုသိန်းလူ ငိုင်၍ကျန်၏။
    ပရက်စတိုတစ်စီး ရောက်လာပြီး တရုတ်နှစ်ယောက် ဆင်းလာ ကြသည်။ တရုတ်နှစ်ယောက်လက်တွင် ခေါက်ဆွဲထုပ်အရွယ် အထုပ်လေး ထုပ်ပါလာသည်။ တရုတ်နှစ်ယောက်မှာ ကိုသိန်းလူ့ လက်ယာခုံတန်းပေါ် တွင် ထိုင်နေသော ပုဆိုးမည်းနှင့် လူလေးယောက်ဆီ လျှောက်ပြီးမှ ယူလာ သော အထုပ်များကို ပေးလိုက်လေသည်။ချာတိတ်တစ်ယောက်သည် အိပ်ရာလုနေရာမှ ဖုတ်ဖက်ခါကာ ထ,လာပြီး ထိုင်နေသော လူနားတွင် မယောင်မလည် လုပ်နေ၏။ နောက် ထပ် ချာတိတ်တစ်ယောက်လည်း ကိုသိန်းလူ့နား ရောက်လာပြန်၏။
    ''စားလိုက်ကြတော့လေ... စာနေရောပေါ့''
    မျက်မှန်နှင့် တရုတ်က အထုပ်များကို လက်ညှိုးထိုးကာ ပြော လိုက်သည်။ သည်တော့မှ ထိုင်တစ်မျိုး ရပ်တစ်ဖုံ စောင့်ကုန်ကြသော ပုဆိုး မည်းနှင့်လူလေးယောက်မှာ အထုပ်များကို စတင် ဖြေတော့၏။
    ပထမချာတိတ်က မျက်နှာချိုချို ပုဆိုးမည်းနှင့်လူနားကပ်ရင်း 'ထမင်းကြော်တွေလား၊ မွှေးလိုက်တာဗျာ... ဗိုက်ဆာလာပြီ' ဟု ပြောလိုက် လေသည်။ ထိုလူက ဘာမျှပြန်မပြောဘဲ သူ့အထုပ်ကိုသာ ဆက်စားနေ ၏။ ထိုချာတိတ်က ဒုတိပချာတိတ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ နောက် အိပ်ရာကို ပြန်လုကြ၏။ သို့သော် ဖြောင့်ဖြောင့်တန်းတန်း မလု နိုင်ကြ။ ပုဆိုးမည်းနှင့်လူများကိုသာ အရိပ်အကဲ ကြည့်နေကြလေသည်။
    နောက်ထပ် အသုဘယာဉ်တစ်စီး ဆိုက်လာသည်။ ပန်းခွေ နှစ် ခွေလောက်ပါ၏။ ကိုယ်ပိုင်ကားများနောက်က ပါလာ၏။
    ကိုသိန်းလူ ထ,ကြည့်သည်။ မဟုတ်သေး။ ကလေးအသုဘဖြစ် သည်။ အသုဘရှင် မည်သူမည်ဝါမှန်းပင် မသိလိုက်။ ဂျိုင်းခနဲ အသံကြား မှပင် သဂြိုဟ်ပြီးပြီဟု သိရတော့သည်။ ကားများ ပြန်ထွက်သွားကြသည်။ ကားတန်းကား အတော်ရှည်၏။
    ''ဟော.. ဟိုကောင် လာနေပြီ''က
    ချာတိတ်တစ်ယောက်၏ အသံကြောင့် သူလက်ညှိုးညွှန်ရာသို့ ကြည့်မိသည်။ ခပ်ဝေးဝေးဂူများကြားမှ ချာတိတ်တစ်ယောက် တောင်းကြီး တစ်တောင်း လက်တွင်ချိတ်ကာ တဖြည်းဖြည်း လျှောက်လာနေသည်။
    ပုဆိုးမည်းနှင့် လူအားလုံးစားပြီးသောက်ပြီးကြ၍ ဘာမျှ မကျန် သော ဖက်ရွက်၊ သတင်းစာစက္ကူတို့ကို နီးရာတွင် ပစ်ကြသည်။ တံစက်မြိတ် အောက်တွင် လက်ခံ၍မိုးရေနှင့် လက်ဆေးကြသည်။
    ချာတိတ်ငါးယောက်ကား တတွတ်တွတ် တွတ်ထိုးနေကြသည်။ ဗိုက်ကိုပွတ်ကာ မျက်နှာရှုံ့ကြ၏။
    အသုဘယာဉ်တစ်စီး ရောက်လာပြန်သည်။ တစ်စီးလုံး ပန်းခွေ အပြည့် ဖြစ်သည်။ သိန်းကျော်တန်ကားကြီးများကိုသာ တွေ့ရသည်။ အရာရှိ အသုဘမဟုတ်သေး။
    အခေါင်းကို အသုဘရှင်များကပင် သယ်ကြသည်။ အခေါင်း တင်သော လက်တွန်းလှည်းထရော်လီသည် စတီးခေါ် သံမဏိဖြင့် ပြုလုပ် ထားသော ထရော်လီအသစ်ဖြစ်သွားပြီး ဂုန်နီအိတ်နေရာတွင် ကော်ဇော ကြမ်းက နေရာယူနေလေသည်။ အခေါင်းပေါ်သို့ ပန်းခွေများ၊ ပန်းခြင်းများ တင်ကြသည်။ သို့သော် များလွန်းနေသဖြင့် ပန်းခွေအချို့မှာ အသုဘပို့ သူများ ခြေဖဝါအောက်သို့ ရောက်ကုန်တော့သည်။
    ''ဖေဖေကြီး...''
    ''ကို ရေ...''
    ဗလုံးဗထွေးငိုသံများကို ကြားရသည်။ လူတွေလည်း ရှုပ်ယှက်ခတ် နေသည်။ ကိုသိန်းလူနေရာမှကြည့်ရာ သဲသဲကွဲကွဲပင် မတွေ့ရတော့။ အုတ် ခုံပေါ်တွင် ထိုင်နေကြသော လူအချို့လည်း မတ်တတ်ရပ် ခြေဖျားထောက် ကာ အသုဘကမ္မဋ္ဌာန်းရော၊ အသုဘရှင်အကြောင်းရော ရှုမြင်စပ်စုကြလေ သည်။
    ''ဒီလူက တော်တော်လှုပ်လှုပ်ရှားရှားလုပ်တဲ့သူဆိုပဲ။ ဘာအသင်း ညာအသင်း တော်တော်များများမှာ အဖွဲ့ဝင်ဆိုလား၊ အတွင်းရေးမှူးဆိုလား၊ ဒါကြောင့် ဒီလောက်ပန်းခွေများတာပေါ့။
    ထိပ်ပြောင်ပြောင်နှင့်လူကြီးသည် သိန်းကျော်တန်ကားပေါ်မှ ဆင်း လာသောလူကြီးတစ်ယောက်နှင့် အပြန်အလှန် နှုတ်ဆက်နေသည်။
    ''ကလေးတွေ သနားပါတယ်၊ တော်တော်ခံစားနေရပုံပဲ''
    ''မိန်းမနဲ့ကလေးတွေ ကြည့်ရတာ တကယ့်ကို စိတ်မကောင်းဘူး ကွာ...''
    ဆွဲသူ၊ လဲသူများနှင့် ရုန်းရင်းဆန်ခတ်။ ကြည့်ရင်းကြည့်ရင်းနှင့် ပင် ကိုသိန်းလူ စိတ်ညစ်လာသည်။ ကြက်သည်းဖြန်းဖြန်း ထ,လာသည်။
    လေတစ်ချက်အဝှေ့တွင် လူသည် သိမ့်ခနဲနေအောင် တုန်ယင် လေးစိမ့်လာသည်။ ကိုသိန်းလူ နေမကောင်းချင်သလို ဖြစ်လာသည်။ လူ တစ်ကိုယ်လုံး လေးလာကာ ကတုန်ကယင်နှင့်။
    မဖြစ်။ လုံးဝမဖြစ်။ ထိုင်နေလျှင် ပိုချမ်းရော့မည်။ မတ်တတ် ထ,ရပ်သည်။ ခါးကို ဘယ်ညာ ချိုးသည်။ ဟိုဘက်သည်ဘက် ခေါင်းလှည့် ကာ ငေးလိုက်သည်။
    ဂူကြားမှ ဖြတ်လာသော တောင်းကြီးနှင့်ကောင်လေးသည် သူ့ အဆောင်းအကာမဲ့တောင်းကြီးကို သံမံတလင်းပေါ်ချပြီး သူပါ ထိုင်ချလိုက် သည်။ တောင်းကြီးမှာ ဆီချေးဝနေပြီ ဖြစ်သည်။ ဝက်သား၊ ဝက်အူ၊ ဝက် ကလီစာအချို့ကို တွေ့ရသည်။ မိုးရေနှင့် ရောယှက်နေသဖြင့် ဆီရောင်ထ သော ပြုတ်ရည်မှာ ပို၍ပင် ကျဲတောက်တောက်ဖြစ်နေသည်။  ငရုပ်ရည် လည်း ရေရောကာ ပန်းနုရောင် မရင့်တရင့် ဖြစ်နေသည်။
    ချာတိတ်ငါးယောက်မှာ ချက်ချင်းဆိုသလို အိပ်ရာလုသည့် အလုပ်  ကို စွန့်လွှတ်လိုက်ကြကာ တောင်းကြီးကို ဝိုင်းရံလိုက်ကြသည်။ နောက် ကျန်သမျှသော ဝက်သား၊ ဝက်ကလီစာတို့ကို တုတ်ပင် မထိုးတော့ဘဲ ရှိ သမျှလက်ချောင်းအစုံတို့ဖြင့် နှိုက်ယူလုယက်စားသောက်နေကြသည်။ ဆီ ရောင်ထသော ပြုတ်ရည်တို့သည် လက်ဖဝါးမှသည် တတောင်ဆစ်၊ ထိုမှ သည် တောင်းကြီးထဲရှိ ပြုတ်ရည်ကျဲ၊ နောက် ထိုမှ အသားတစ်တုံး၊ အူ တစ်တစ်၊ ကလီစာတစ်ခုကို အယူတွင် အတူပါဝင်ရင်းမှ ဆီရောင်ထသော ပြုတ်ရည်သံသရာလည်ခြင်းကို ပြုနေ၏။
    ကိုသိန်းလူသည် ချမ်းလည်းချမ်းလှပြီ ဖြစ်သဖြင့် အရာရှိ၏ အသုဘကို အမြန်ဆုံး ချလာစေချင်ပြီ ဖြစ်သည်။
    အသုဘယာဉ်တစ်စီးဝင်လာသည်။
    မိုးသည်းလာ၏။


မသီတာ(စမ်းချောင်း)
ဆူးဒဏ်မဲ့သစ်ရွက်များ ၀တ္ထုတိုပေါင်းချုပ်မှ...

No comments:

Post a Comment