Monday 14 November 2011

ကမ္ဘာကျော်တွေရဲ့ ပြဇာတ်

လူသတ်ပွဲကြီးရဲ့နတ်ဘုရား
God of Carnage
ယာ့စ်မင်ရီဇာ Yasmin Reza

ဒီပြဇာတ်မှာ ပါဝင်တဲ့ ဇာတ်ကောင် လေးဦး စလုံးဟာ အသက် လေးဆယ် တမ်းတွေပါ။
သူတို့တွေကတော့ Veronique Vallon, Michel Vallon, Annette Reille, Alain Reille တို့ ဖြစ်ကြပါတယ်။ ဧည့်ခန်းတစ်ခန်း။ အစစ်အမှန်  မဟုတ်။ အလွန်အကျွံလည်း  မပြင်ဆင်ထား။ ဇာတ်ကောင်များ ဖြစ်ကြသည့် Vallon နှစ်ဦးနှင့် Reille နှစ်ဦးတို့ကား တစ်ဦးနှင့် တစ်ဦး မျက်နှာချင်း ဆိုင်ကာ ထိုင်နေကြသည်။

သည်နေရာသည် Vallon တို့ ပိုင်နေရာဖြစ်ပြီး စုံတွဲ နှစ်တွဲမှာ ယခု လတ်တလောတွင်မှ တွေ့ဖူးကြသည့် အသွင် ရှိနေရမည်။ ဧည့်ခန်း အလယ်တွင် ကော်ဖီစားပွဲ ရှိနေပြီး အနုပညာ ဆိုင်ရာ စာအုပ်များ ရှိနေရမည်။ ပန်းအိုးများတွင် ကျူးလစ်ပန်းခိုင် ခပ်ကြီးကြီး နှစ်ခိုင် ရှိရမည်။ အစပိုင်းတွင် ဇာတ်ကောင်များ အနေဖြင့် အလေးအနက် တရင်းတနှီးဖြင့် ချစ်ကြည်စွာ ရှိရမည်။

Veronique Vallon။ ။  ဒါကျွန်မတို့ရဲ့  ထုတ်ပြန်ချက်ပါ။ ရှင်တို့လည်း ကိုယ့်ဘာသာကိုယ် ထုတ်ပေါ့။ ကျွန်မတို့ဟာ “Aspirant Dunant ဥယျာဉ်မှာ နိုဝင်ဘာ  ၃ရက်နေ့ ညနေငါးနာရီခွဲခန့်က တုတ် လက်နက်တစ်ချောင်းကို ကိုင်ဆောင် ထားသော အသက် ၁၁ နှစ် အရွယ် Ferdinand Reille သည် စကားများ ငြင်းခုံပြီးနောက် ကျွန်မတို့၏သား Bruno Vallon ကို မျက်နှာတွင် ဖြတ်ရိုက်ခဲ့သည်။ ထိုအပြုအမူကြောင့် သား Bruno Vallon မှာ အပေါ် နှုတ်ခမ်း ဖူးရောင်သွား သည်သာမက ရှေ့သွား နှစ်ချောင်းလည်း ကျိုးသွားသည့်ပြင် ညာဘက် ရှေ့သွား၏ အာရုံကြောများလည်း ထိခိုက်သွား..

Alain Reille။ ။ လက်နက်ဟုတ်လား။

Veronique Vallon။ ။ လက်နက်လေ။ ရှင်တို့က မကြိုက်လို့လား။ ဒါဆို ဘယ်လို ပြင်ရပါ့။ မိုက်ခယ်လ်ရေ၊ တုတ်ကို ဆောင်ယူလာသော၊ တုတ်တစ်ချောင်းအား စွဲကိုင်ထားသော။ တုတ်တစ်ချောင်းဖြင့် တန်ဆာ ဆင်ထားသော အဲလိုဆို ဖြစ်မလား။
Alain Reille။ ။ စွဲကိုင် ထားသောဆို ဖြစ်ပါတယ်။

Michel Vallon။ ။ တုတ်တစ်ချောင်းဖြင့် တန်ဆာ ဆင်ထားသော ဟုတ်လား။

Veronique Vallon။ ။(အမှားပြင်ဆင်ချက်အား ရေရွတ်ကာ) တန်ဆာ ဆင်ထားသော။ ရယ်စရာ ကောင်းတာက ကျွန်မတို့ဟာ Aspirant Dunant ဥယျာဉ်ဆိုရင် Montsouris ပန်းခြံလို မဟုတ်ဘဲ လုံခြုံတယ်လို့ သဘော ထားခဲ့တာ။

Michel Vallon။ ။ သူ မှန်တယ်ဗျ။ ကျွန်တော် တို့ကတော့ Montsouris ပန်းခြံဆို နိုး၊ Aspirant Dunant ဥယျာဉ်ဆို ရက်စ်ပဲ။

Veronique Vallon။ ။ အသေအချာပါပဲလေ။ ဘာပဲဖြစ်ဖြစ် ခုလို လာပေးတာ ကျေးဇူး တင်ပါတယ်။ စိတ်လှုပ်ရှားမှုထဲမှာ ချောင်ပိတ်မိ နေတဲ့ အတွက် ဘာအကျိုးမှ မရှိဘူးလေ။

Annette Reille။ ။ ကျွန်မတို့က ကျေးဇူးတင်ရမှာပါ။ တကယ်ပါ။

Veronique Vallon။ ။ ကျေးဇူးတင်စရာလိုတယ်လို့ မထင်မိပါဘူး။ ကံကောင်း ထောက်မလို့ပေါ့။ အတူတကွ နေထိုင် ရပ်တည်တဲ့ အနုပညာ ဆိုတာမျိုး ရှိပေလို့။ မဟုတ်ဖူးလား။

Alain Reille။ ။ ကလေးတွေက အတူတကွ နေထိုင် ရပ်တည်တဲ့ အနုပညာ ဆိုတာကိုတော့ မကျွမ်းကျင်ကြဘူးလေ။ အနည်းဆုံးတော့ ကျွန်မတို့ရဲ့ ကလေးတွေကပေါ့။

Annette Reille။ ။ ဟုတ်ပါ့၊ ကျွန်မတို့ရဲ့ ကလေးကတော့လေ။ အာရုံ ကြောထိခိုက်သွားတယ်ဆိုတဲ့ သွားကကော ဘယ်လို နေသေးလဲ။

ဒီပြဇာတ်ဟာ အခုလို အဖွင့်နဲ့စခဲ့ပါတယ်။ အဲဒီနောက် ရှေ့နေ၊ မန်နေ ဂျာ၊ အရောင်း ကိုယ်စားလှယ်၊ စာရေးဆရာ ဆိုတဲ့ ပညာတတ် လူလတ်တန်းစားထဲမှာမှ အဆင့်မြင့်သူတွေလို့ ဆိုရမယ့် ပြဇာတ်ဇာတ်ကောင် လေးဦးဟာ ကလေးတွေ အကြောင်း ဆွေးနွေးရင်းကနေ သူတို့ ယုံယုံကြည်ကြည် ပြောနေတဲ့ အတူတကွ နေထိုင် ရပ်တည်တဲ့ အနုပညာကို လုံးလုံး မကျင့်သုံး နိုင်ကြတော့ဘဲ သမိုင်း မတင်မီက လူ့အရိုင်းအစိုင်းတွေလို ကာယကံမြောက် ရန်ဖြစ် လာကြတာမှာ သူတို့ လေးယောက်ထဲမှာမှ လင်မယား စုံတွဲတွေကလည်း သွေးကွဲလာပြီး မိန်းမချင်း၊ ယောက်ျားချင်း တစ်ဖွဲ့စီ ဖြစ်ပြီး သတ်လိုက်ကြ၊ တစ်ခါ လင်မယားစုံတွဲထဲက အတွဲတွေ ပြောင်းပြန်ဖြစ်ပြီး သတ်လိုက်ကြနဲ့ ကော်ဖီ စားပွဲပေါ်မှာ အန်ချလိုချ၊ စားပွဲပေါ်က အနုပညာ စာအုပ်တွေနဲ့ ပစ်ပေါက်လို ပေါက်ကြ ဖြစ်လာတာနဲ့ ဇာတ်သိမ်း ထားပါတယ်။   

ဒီပြဇာတ်ဟာ ပြဇာတ်ရေး ဆရာမ ယက်စ်မင်ရီဇာရဲ့ ပြင်သစ်လို ရေးထားတဲ့ ပြဇာတ်ကို ခရစ်တိုဖာဟမ်တန်က အင်္ဂလိပ်လို ဘာသာပြန်ပြီး ဇူးရစ်မြို့နဲ့ လန်ဒန်မြို့တို့မှာ ပြသခဲ့ကာ နောက်ပိုင်းမှာတော့ နယူးယောက် ဘရောက်ခ်ဝေးမှာ ပြသခဲ့ပါတယ်။ အဲဒီ ပြဇာတ်ဟာ ၂၀၀၉ ခုနှစ်မှာ ပြဇာတ် ဆိုင်ရာဆုတွေ အနက် သြဇာကြီးတဲ့ Laurence Oliver ဆုနဲ့ Tony ဆုတွေကို ရရှိခဲ့ပါတယ်။ တကယ်တော့ ပြဇာတ်ဆိုတာ ကမ္ဘာမှာ သိပ်ခေတ်မစား တော့ဘူးလို့ ဆိုနိုင်ပေမယ့် ဥရောပ၊ အမေရိကတို့မှာတော့ ရုပ်ရှင်ထက် ပိုပြီး အလေးအနက် ထားတတ်ကြပါတယ်။ ပြဇာတ်ဆိုတာ သရုပ်ဆောင်တွေ ကိုယ်တိုင် အချိန်တိုင်းမှာ ပါဝင်သရုပ်ဆောင်ပေးတာမို့ ပြဇာတ်လာကြည့် သူတွေဟာ သရုပ်ဆောင်သူ၊ တေးဂီတ ဆိုင်ရာ ပံ့ပိုးသူနဲ့ စီစဉ်ညွှန်ကြား သူတွေကို လေးစားသောအားဖြင့် ကျကျနန ၀တ်စား ပြင်ဆင်ပြီးမှ လာကြည့် တတ်ကြတဲ့ အလေ့အထ ရှိပါတယ်။

ခေတ်ဟောင်းပြဇာတ် တွေမှာ ဂီတနဲ့ အလှအပကို ဦးစား ပေးခဲ့ကြပေမယ့် ခေတ်ပေါ် ပြဇာတ်တွေမှာတော့ သဘာဝ ကျမှုနဲ့ သရော်ဟန် စွက်လာတာ များပါတယ်။ ဒီပြဇာတ်ဟာလည်း ခေတ် ကို သရော်ထားတာ ဖြစ်ပါတယ်။ ပြဇာတ် ဝေဖန်သူ တစ်ဦးက ဒီပြဇာတ်မှာ ဇာတ်ကောင်တွေဟာ သူတို့အချင်းချင်း ပြောမယ့် စကားတွေ အတွက် ပညာတတ် ဆန်ပြီး အဆင့်အတန်း ရှိအောင်၊ လူ့ယဉ်ကျေး စကားမျိုး ဖြစ်အောင် အသေအချာ ပြင်ဆင်ခဲ့ကြပေမယ့် တကယ့် တကယ် အပြန်အလှန် ပြောရာမှာ သွေးထွက်သံယို ဖြစ်တဲ့အထိ ဒေါသ မထိန်းနိုင်ပုံတွေ ရေးထား တာဟာ သိပ်သဘော ကျစရာပဲလို့ မှတ်ချက်ပေး ကြပါတယ်။

တကယ်တော့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း ပြဇာတ် လောကထဲမှာ အမျိုးသမီး ပြဇာတ် ဆရာမတွေရဲ့ ပြဇာတ်တွေ နေရာပေး မခံခဲ့ရပါဘူး။ ဆုအတွက် လျာထားခံရတဲ့ ပြဇာတ်ပေါင်း ၄၈ ပုဒ်မှာ ၆ ပုဒ်ကိုပဲ အမျိုးသမီး ပြဇာတ်ဆရာမတွေ ရေးပါတယ်။ အဲဒီထဲမှာ ဒီ“လူသတ်ပွဲကြီးရဲ့ နတ်ဘုရား”တစ်ပုဒ်ပဲ ၂၀၀၉ ခုနှစ်မှာ ဆုချိတ် နိုင်ခဲ့တာပါ။ ပြောရရင် ၂၁ ရာစုမှာ ဆုအတွက် လျာထား ခံရတဲ့ ပြဇာတ်တွေထဲမှာ အမျိုးသမီးပြ ဇာတ်ဆရာမတွေ ရေးတဲ့ ပြဇာတ်ဟာ ၁၂ % သာ ပါပါတယ်။

ဒီပြဇာတ်ကို ရေးတဲ့ ပြဇာတ်ရေး ဆရာမ ယာ့စ်မင်ရီဇာဟာ ပြင်သစ်မှာ ၁၉၅၉ က မွေးဖွားခဲ့ပြီး ပြဇာတ်ရေး ဆရာမ၊ သရုပ်ဆောင်၊ ၀တ္ထု ဇာတ်ညွှန်းရေး ဆရာမတို့ အဖြစ် အသက် မွေးသူပါ။ သူ့မိဘ နှစ်ပါးစလုံးက ဂျူးလူမျိုးတွေ ဖြစ်ပြီး အဖေက အီရန်သား ဖြစ်ကာ အမေက ဟန်ဂေရီသူပါ။ သူက ပြဇာတ် သရုပ်ဆောင် ဘ၀ကနေ စပြီး အနုပညာ လောကကို ခြေချခဲ့ပါတယ်။ ၁၉၈၇ခုနှစ်ကလည်း သူရေးခဲ့တဲ့ “အလောင်း မြေကျပြီးနောက် စကားဝိုင်း”ဆိုတဲ့ ပြဇာတ်ဟာ ပြင်သစ်မှာ ဆုရခဲ့ပါတယ်။ သူက နာမည်ကျော် စာရေးဆရာ ကပ်ဖ်ကာရဲ့ “Metamorphosis”ကိုလည်း ဘာသာ ပြန်ခဲ့ဖူး ပါတယ်။ သူ့ရဲ့ ဒုတိယမြောက် ပြဇာတ်လည်း ဆုချိတ်ခဲ့သလို နာမည် အရဆုံးနဲ့ အအောင်မြင်ဆုံး ပြဇာတ် တစ်ခုကတော့ ၁၉၉၅မှာ တင်ဆက်ခဲ့တဲ့ “Art”  ဖြစ်ပါတယ်။ ဒီပြဇာတ်ကို ဘာသာပေါင်း ၃၀ ကျော် ဘာသာ ပြန်ဆိုခဲ့ရ ပြီး ကမ္ဘာ့ နေရာ တော်တော်များများမှာ ပြဇာတ်အဖြစ်  တင်ဆက် ခဲ့ရတာပါ။ တိုနီဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ အခုအချိန်ထိ ပြဇာတ် ခုနစ်ပုဒ်၊ ၀တ္ထုခြောက်ပုဒ်၊ ဇာတ်ညွှန်းနှစ်ပုဒ် ရေးသားခဲ့ပြီး ရုပ်ရှင်ဇာတ်ကား သုံးကားမှာလည်း သရုပ်ဆောင် ထားပါတယ်။                 
အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

No comments:

Post a Comment