Sunday 13 November 2011

အညိုမှသည် ကြက်သွေးနီသို့ (၆)

 
ကြက်သွေးနီ၏ ပွဲဦးထွက်ပွဲ (သို့မဟုတ်) ရက်ကလစ်ဖ်၏ တောင်းဆိုမှု

ကြက်သွေးနီက Fellow အသီးသီး အတွက် သုတေသန လက်ထောက်များ ပံ့ပိုး ပေးထားသော်လည်း Fellow အသီးသီး ထံမှ ဟောပြောပွဲ တစ်ခုစီအား ဟောပြော ပို့ချပေးရန် တောင်းဆို ထားလေသည်။
ဟောပြောပွဲများမှာ ဌာနတွင်း ဟောပြောပွဲနှင့် အများအတွက် ဟောပြောပွဲဟု နှစ်မျိုးရှိကာ Fellow များ ကိုယ်တိုင်မှ မည်သည့် ဟောပြောပွဲကို ဆောင်ရွက် ပေးပါမည့် အကြောင်း ရွေးချယ်ကြရသည်။ ကိုယ့်ကိုမူ ရက်ကလစ်ဖ် Fellowship အစီအစဉ်က ရွေးချယ်ခွင့် မပေးခဲ့ချေ။ လျှောက်လွှာတင်ကာ အရွေးချယ် ခံထားရသော Fellow မဟုတ်မူဘဲ ဌာနမှ ကမ်းလှမ်းမှုကို လက်ခံသော Fellow သာ ဖြစ်သဖြင့်လည်း ဟောပြောပွဲနှင့် ပတ်သက်လျှင် ဌာနမှ အများ အတွက် ဟော ပြောမှုကိုသာ ဆောင်ရွက်ပေးရန် တောင်းဆိုလာသည့်အခါ ကိုယ့်မှာ မငြင်းသာပါ။

သို့သော် ကိုယ့်ကို တောင်းဆိုမှုမှာ တရားဝင် စာဖြင့် တောင်းဆိုခြင်းမျိုး ဖြစ်ပြီး ဟောပြောစေလိုသည့် အများအတွက် ဟောပြောပွဲမှာလည်း အမည်နာမ တပ်ထားသော ပို့ချချက်ဆန်သည့် ဟောပြောမှု ဖြစ်နေလေသည်။ ထိုဟောပြောမှုကို Rama Mehta Lecture ဟု အမည်တပ်ထားသည်မှာ အိန္ဒိယမှ စာရေးဆရာနှင့် လူမှု စွမ်းဆောင်ရေး တက်ကြွသူ အမျိုးသမီး ရာမာမထာအား ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ရက်ကလစ်ဖ် Fellowship အစီအစဉ်မှ စာသင်နှစ်တိုင်း အတွက် ထိုဟောပြောမှုအား ဆောင်ရွက်ရန် Fellow အားလုံးအနက်မှ တစ်ဦးကိုသာလျှင် တာဝန်ပေး ရွေးချယ်မြဲ ဖြစ်သည်။ ၂၀၀၈-၂၀၀၉ စာသင်နှစ်အတွက် အာဖရိက နွယ်ဖွား အမျိုးသမီး ဥပဒေ ပညာရှင် တစ်ဦးအား ရွေးချယ်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်အတွက်မူ ကိုယ့်ကို ရွေးချယ် တာဝန်ပေးခဲ့ခြင်း ဖြစ်လေသည်။ အညို့မှာတုန်းက တစ်နှစ်လုံး အတွက် စာပေပွဲတော် တစ်ခုကို စီစဉ်ပေးရ သည့်တာဝန်သာ ရှိခဲ့ရာ လှိုက်လှဲစွာ စီစဉ် ခဲ့သကဲ့သို့ ကြက်သွေးနီမှာလည်း တစ်နှစ် လုံးမှ ဟောပြော ပို့ချမှု တစ်ခု အတွက်သာ တာဝန် ရှိပြန်ခြင်း အတွက် ကိုယ့်မှာ အံ့သြ ၀မ်းသာ ဖြစ်ခဲ့ရပါသည်။
သို့သော် ကြက်သွေးနီ၏ တာဝန် ပေးမှုမှာတော့ အတော်လေး တာဝန် ကြီးသည်ဟု ဆိုရမည်ပင်။ တက္ကသိုလ် ကျောင်းလောကတွင် အမည်နာမ တပ်ထားသော ဟောပြော ပို့ချမှုကို ဆောင်ရွက်ရန် တာဝန်ပေး ခံရခြင်းမှာ ဂုဏ်ပြုခံရ ခြင်းဟု ဆိုနိုင်သကဲ့သို့ ကြီးလေးသော အမှုကို ကောင်းမွန် ထူးခြားသော အစွမ်းဖြင့် အားထုတ် ရခြင်းဟုလည်း ဆိုနိုင်ကြောင်း သိနေသဖြင့် ထိုတာဝန်ကို ကောင်းမွန်စွာ ကျေပွန်နိုင်ရေးသည် အမှန်ပင် အရေးကြီးလာပါတော့သည်။ ကြက်သွေးနီမှာ နေရမည့် စာသင်နှစ် တစ်နှစ်လုံးတွင်မှ ထိုဟောပြောမှု တစ်ခုတည်းကိုသာ ဆောင်ရွက် ပေးပါမည့် အကြောင်း၊ ထိုဟောပြောမှု အတွက် ဉာဏ်ပူဇော်ခကို သီးခြား ထပ်မံ ချီးမြှင့်ပါမည့် အကြောင်းစာကို အညိုမှသည် ရန်ကုန်ဆီသို့ မချီတက်မီကပင် ပေးထားသည့် အတွက်လည်း ကြက်သွေးနီ ရင်ခွင်တွင် ခြေချမိသည်နှင့် ထိုဟောပြောပွဲ ကျင်းပမည့် နေ့ရက်အား ညှိနှိုင်းရန်အရေးသည် မနှေးမဆိုင်း ရောက်လာမည်ကို မျှော်လင့် ထားပါလျက် နဖူးတွေ့ ဒူးတွေ့ တွေ့ရသည့် အခါ စိတ်လှုပ်ရှား ခဲ့မိလေသည်။

ဌာနမှ ရွေးချယ်ခွင့် ပေးသည့် ရက်များအနက် နိုဝင်ဘာလ ၁၆ ရက်နေ့အား ရွေးချယ် ဖြစ်ခဲ့သည်။ ရာသီဥတု အလွန်အမင်း မအေးမီနှင့် မိဘများ ရန်ကုန်သို့ မပြန်မီ အချိန် ဖြစ်သဖြင့် ရွေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်အထိ ကမ္ဘာ့နိုင်ငံ နှစ်ဆယ်ကျော်သို့ သွားခဲ့ကာ ဟောပြောမှု အသေးစားပေါင်းများစွာနှင့် အလတ်စား အချို့တို့အား ဆောင်ရွက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ တာဝန်ကြီးသည့် အမည်နာမ တပ်ထားသော ဟောပြောမှုမျိုးကိုမူ ယခုမှ ပထမဆုံး အကြိမ် ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် မိဘနှစ်ပါး အနေနှင့် ထိုပွဲသို့ တက်ရောက်ခြင်းအားဖြင့် ကိုယ့်အတွက်လည်း အားရှိ စေကာ သူတို့ အတွက်လည်း ကိုယ့်အတွေ့အကြုံများ အပေါ် ယခင်ကထက် ပိုမို စာနာနားလည် သဘောပေါက်နိုင်မည်ဟု ယုံကြည်လျက် ထိုနေ့အား ရွေးချယ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ဌာနမှလည်း ထိုနေ့ကို အတည် ပြုပေးသဖြင့် နေ့ရက် ရွေးချယ်မှု ပြီးဆုံးသွားခဲ့ကာ ကျန်အပိုင်းဖြစ်သည့် ဟောပြောမှုအား ပြင်ဆင်ခြင်းကိုမူ သူငယ်ချင်းဟု ဆိုနိုင်နေပြီ ဖြစ်သည့် ဂျိန်း၏ အကူအညီ အချို့ဖြင့် ပြင်ဆင် ခဲ့ရပါသည်။

ဌာနအား ကိုယ့်ကို Fellow အဖြစ် ရွေးချယ် ကမ်းလှမ်းရန် အကြံ ပြုခဲ့သူမှာ ဂျိန်းဖြစ်သဖြင့် ဌာန၏ ကျောင်းအုပ်ကြီးဟု ဆိုရမည့် ဘာဘရာကလည်း ဂျိန်းကိုပင် ကိုယ့်အား ကူညီပေးရန်နှင့် ကိုယ့်ဟောပြောမှု မတိုင်မီ ပရိသတ်အား ကိုယ့်အကြောင်း မိတ်ဆက်ပေးရန် တာဝန် ပေးခဲ့ပြန်သည့် အတွက် အစစ အရာရာ ချောမွေ့ နေခဲ့ပါသည်။

မန်ဆာချူးဆက်မှာ မိသားစု ဆုံတွေ့ခြင်းနှင့် မိသားစု ခရီးစဉ်များ

ထိုသို့ ရာမာမထာ လက်ချာ အတွက် အစီအစဉ် အကြမ်းကို သတ်မှတ် ပြီးချိန်တွင် ကိုယ့်မှာ ဟောပြောမှုကို အာရုံ မစိုက်နိုင်သေးဘဲ မိသားစု ကိစ္စ အတွက် အချိန် ပေးရပြန်ပါသည်။ စင်ကာပူတွင် နေထိုင်သည့် မောင်ဖြစ်သူမှာ သူ့မဂ္ဂဇင်း တစ်စောင်အတွက် စာအုပ်ပြပွဲကို နှစ်စဉ်နှစ်တိုင်း ဟူစတန် သို့မဟုတ် လက်စ်ဗေးဂပ်စ်တွင် ကျင်းပ နေကျဖြစ်သည့် အတွက် အမေရိကသို့ နှစ်တိုင်း လာလေ့ရှိရာ မနှစ်ကလည်း သူ့ပွဲအပြီးတွင် ကိုယ်နေခဲ့ရာ ပရော ဗီးဒင့်စ်သို့ အလည် လာခဲ့သည်။ ယခုနှစ် မှာလည်း ကိုယ်တို့ သားအမိ သားအဖ သုံးဦးသား ရှိရာ ဘော်စတွန်သို့ လာရောက် လည်ပတ်ခဲ့သဖြင့် အဝေးရောက် မိသားစု တွေ့ဆုံပွဲလေး သဖွယ်ဖြစ်ခဲ့ပြီး လမ်းသလားသည့် အမှုကို ကောင်းကောင်းကြီး ပြုဖြစ်ခဲ့လေသည်။

မိဘနှစ်ပါးနှင့် အတူ ထွက်ဖြစ်ခဲ့သည့် ခရီးများမှာ အများအပြား မရှိသော်လည်း အညိုရှိရာ ပရောဗီးဒင့်စ် ခရီး၊ နိုင်ယာဂါရာ ရေတံခွန် ခရီး၊ ၀ါရှင်တန် ခရီး၊ နယူးယောက် ခရီးများ သွားဖြစ်ခဲ့သည့် အတွက် အမေရိက အရှေ့မြောက်ပိုင်း တစ်ခွင် နယူး အင်္ဂလန် ဒေသကိုမူ အတော်အတန် ခြုံင မိခဲ့သည်ဟု ဆိုရပါမည်။ ဘော်စတွန် ၀န်းကျင်သို့ကား အားလပ်ချိန်အနည်းငယ် ရသည်နှင့် ကားတစ်တန်၊ မြေ ပေါ် မြေအောက်ရထား တစ်တန်ဖြင့် လည်ပတ် ဖြစ်ခဲ့ကြလေသည်။ ဥရောပမြို့လေးနှင့် တူသည့် ပရောဗီးဒင့်စ်ကို အလည် သွားရသည့် အခါ တည်းခိုဖြစ်သည့် အိမ်ရှင် ပါမောက္ခပက်တို့ ဇနီးမောင်နှံ၏ လှိုက်လှဲမှုနှင့်တကွ အညို့ပရ၀ဏ်၏ ချစ်စဖွယ် ကောင်းမှုတို့ကို ဖေဖေနှင့် မေမေက သဘော ကျခဲ့ကြသကဲ့သို့ နိုင်ယာဂါရာ ရေတံခွန် ၏ အံ့ဘနန်း ကြီးမား ခံ့ထည်မှုကိုလည်း အေးခဲလှသည့် ရာသီဥတုကြားမှာပင် နှစ်ခြိုက် ပျော်ရွှင်ခဲ့ကြပါသည်။

ဝါရှင်တန်ခရီးတွင် လမ်းကျယ်ကြီးများ၊ အဆောက်အဦ အကြီးကြီးများ၊ အခမဲ့ ပြတိုက်နှင့် အမှတ်တရ ပန်းခြံကြီးများကြောင့် စိတ်လက် ချမ်းသာ ခဲ့ကြသော်လည်း လမ်းတိုင်း နေရာတိုင်းမှာ ရှုပ်ထွေး ဆူညံကာ သန့်ရှင်းမှု အားနည်းသော နယူးယောက်ကိုမူ ဖေဖေ၊ မေမေ နှစ်ဦးလုံးပင် သဘော မကျခဲ့ချေ။ “နယူးယောက်က ရန်ကုန်လိုပဲ ရှုပ်ပွ ဆူညံနေတာပဲ။ လည်စရာတွေ များတယ် ဆိုပေမယ့် တို့စိတ်ဝင်စားတာ ဘာမှ မရှိဘူး။ လူငယ်တွေ အတွက်တော့ ကောင်းမှာပေါ့။ ကုလသမဂ္ဂ အဆောက်အဦနဲ့ လေဘာတီ ရုပ်တုကျွန်းဘက် သွားမယ့် ဆိပ်ကမ်းလောက်ပဲ သဘောကျတယ်” ဟု ဆိုခဲ့ကြသည်။

ဘော်စတွန် အနီးတစ်ဝိုက် လည်ပတ်သည့် အခါတွင်လည်း ကိုယ့်အလုပ် ရှိရာ ကြက်သွေးနီ ဟားဗတ် တက္ကသိုလ် ပရ၀ဏ်နှင့် အိမ်နှင့်နီးသော ဘော်စတွန် တက္ကသိုလ် ပရ၀ဏ်တို့၏ ချားလ်စ်မြစ်နှင့် နီးသော အချို့နေရာများ၌မူ သာယာသည့်တိုင် မြို့တွင်း ဆိုင်များနှင့် နီးကပ်နေသော နေရာများတွင် လူရှုပ် ကားရှုပ် ရှုပ်ထွေးသဖြင့် သဘော မကျကြပြန်။ အမ်အိုင်တီခေါ် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ဘက်သို့မူ မကြာခဏ မရောက်ဖြစ်ကြဘဲ ချားလ်စ်မြစ်ကမ်း ဘေးမှ လည်စရာ နေရာများသို့မူ သဘောတကျ ရောက်ဖြစ်ခဲ့ကြပါသည်။ ထို့ပြင် မြစ်တွင်းတွင် သင်္ဘောကဲ့သို့ မောင်းနိုင်ပြီး မြို့တွင်းတွင် ကားကဲ့သို့ မောင်းနိုင်သော “Duck” ခေါ် အပျော်စီးယာဉ် ဖြင့်လည်း မြို့လုံး ပတ်ဖြစ်ခဲ့ပါသည်။ ကြက်သွေးနီ တစ်ဝိုက်သည် ဘော်စတွန် အပိုင် မဟုတ်ဘဲ ကိန်းဘရစ်ခ်ျ အပိုင်ဖြစ်သော်လည်း ဘော်စတွန်ကို အလည်လာလျှင် ဟားဗတ်ကို မလည်ဘဲ ပြန်သွားသည် ဟူ၍ မရှိကြသည့် အတွက် လူအလွန် စည်ကားရာ နေရာလည်း ဖြစ်ပါသည်။ ရံဖန်ရံခါ ရုပ်ရှင် ရိုက်ကူးရေးကိုပင် လာလုပ်ကြသဖြင့် ကြက်သွေးနီ ဂိတ်ပေါက်နှင့် မန်ဆာချူးဆက် လမ်းမကြီးထောင့်ရှိ ဆိုင်များ၊ အဆောက်အဦများမှာ ကြက်သွေးနီ၏ ပိတ်ကား ဖန်သားပြင်ပေါ်ရောက် ပုံရိပ်များ ဖြစ်လာကြပါသည်။

ရာမာမထာ ဟောပြော ပို့ချမှု

သို့ဖြင့် မောင်လေး ပြန်သွားပြီး နောက်ဆယ်ရက်ခန့် အကြာတွင် ရာမာမထာ လက်ချာ ပေးရမည့်နေ့သို့ ရောက်လာခဲ့ပါပြီ။ လက်ချာကို ရက်ကလစ်ဖ်ဝင်း အတွင်းရှိ ရှေးအခါက အားကစားရုံ အဖြစ် အသုံးပြုခဲ့သော အဆောက်အဦကြီး၏ ခန်းမကျယ် ကြီးတွင် ပြုလုပ်ခဲ့ပါသည်။ သည်ခန်းမကြီးမှာ ဥရောပခေတ် လက်ရာ ဖြစ်သည့်ပြင် သစ်သားကို အဓိကထား သုံးစွဲထားရာ ခံ့ညားပြီး ဟိတ်ဟန်ကြီးသည့် အသွင်ကို ဆောင်နေပါသည်။ ၁၈ ရာစု လက်ရာ အဆောက်အဦကြီး ဖြစ်သည့်တိုင် ခေတ်မီ နည်းပညာများဖြင့် ထိန်းသိမ်း စောင့်ရှောက်ထားသဖြင့် ပရိသတ် ငါးရာမျှကို ကောင်းကောင်းကြီး ၀န်ဆောင်မှု ပေးနိုင်မည့် ခန်းမကျယ်ကြီးလည်း ဖြစ်ပါသည်။ ထိုနေ့က ရာသီဥတု အေးစပြုသည့် ဆောင်းဦးရာသီ ကုန်ခါနီးဖြစ်သဖြင့် မွန်းလွဲ သုံးနာရီလောက် မှာပင် နေက ညှိုးသွားပေပြီ။ 

ထိုနေ့က ဟောပြောမှုတွင် ၀တ်ဆင်မည့် ထဘီ၊ အင်္ကျီများကို မနက်ပိုင်း ရုံးခန်းသို့ လာစဉ်ကတည်းက ယူဆောင် လာခဲ့ကာ ဖေဖေနှင့် မေမေကိုလည်း နေ့လယ်စာ စားပြီးသည်နှင့် ကိုယ့်ရုံးခန်းသို့ လိုက်လာရန် မှာကြား ဖြစ်ခဲ့သည်။ ဖေဖေနှင့် မေမေမှာ အော်လ်စတွန်ရှိ အိမ်မှ အမှတ် ၆၆ ဘတ်စ်ကားဖြင့် လာလျှင် ဟားဗတ်ဂိတ်ပေါက် အထိ ရောက်ပြီး ကားလမ်းကူးကာ သင်္ချိုင်းဟောင်း ဘေးမှ လျှောက်လာလျှင် ကိုယ်တို့ ရက်ကလစ်ဖ်ဝင်းသို့ ရောက်မည်ကို သိထားပြီး ဖြစ်သည့်အတွက် အခက်အခဲ မရှိ အရောက် လာနိုင်ခဲ့ကြသည်။ သူတို့ နှစ်ယောက်၏ ယခု ကဲ့သို့ ကိုယ့်အားကိုယ်ကိုးကာ သွားလာရဲ၊ သွားလာတတ်မှုများ အတွက် ကိုယ့်မှာ ယခုတိုင် ကျေးဇူးတင် မဆုံး ဖြစ်ရပါသည်။

ကိုယ်ကမူ ထိုနေ့ မနက်မှာ မည်သည့်အခါကမျှ မပြုခဲ့ဖူးသည့် ဟောပြောချက် အစမ်းဖတ်ခြင်းကို ဆောင်ရွက် နေဖြစ်ခဲ့သည်။ နာမည်တပ် လက်ချာမျိုးကို ဟောပြောရမည် ဖြစ်သည့်ပြင် ကြက်သွေးနီ (သို့မဟုတ်) ဟားဗတ် ဟူသည့် အဟန့်ကလည်း ကိုယ့်ကို ယခင် အခါများကဲ့သို့ ပွဲချိန်ကျမှ ထထွက်ကာ အဆင်ပြေအောင် ကြည့်ပြောခြင်းမျိုး မပြုမိစေရန် တားမြစ်နေသည့် အတွက် ယခုကဲ့သို့ လေ့ကျင့်နေမိခြင်း လည်းဖြစ်ပါသည်။ ထို့ပြင် လက်ချာမှာ ၄၅ မိနစ် ကြာမြင့်ရမည် ဖြစ်ကာ အမေးအဖြေ ကဏ္ဍအတွက် မိနစ် ၃၀ သာ ယူပါဟု ဆိုထားပြန်သေးသည်။ ကိုယ်က အများအားဖြင့် ဟောပြောချိန် အားလျှော့ကာ အမေးအဖြေ ဆွေးနွေးခန်းကို အချိန် တိုးယူတတ်သဖြင့် အကြီးအကျယ် ပြင်ဆင်ခြင်းမျိုးကို ပြုလေ့ မရှိခဲ့ပါ။ ပရိသတ်ချင်း မတူနိုင်သကဲ့သို့ အမေးများလည်း ကြိုတင် မမှန်းဆနိုင်သဖြင့် အချက်အလက် များနှင့် ရွတ်ဖတ်စရာများကို ပြင်ဆင် ထားခြင်းထက် ကိုယ့်အနေဖြင့် ပရိသတ်အား အဓိက သဘောပေါက်စေ လိုသည့် သဘော တရားများအား အကျေအလည် ရှင်းပြနိုင်ရေး အတွက် စိတ်အား ဟင်းလင်းဖွင့် ထားခြင်းကို သာ ပြုလေ့ရှိခဲ့ပါသည်။

သို့သော် သည်ပွဲမှာတော့ ရက်ကလစ်ဖ်၏ တစ်နှစ်လုံး အတွက် တစ်ခုတည်းသော ပို့ချ မှုဖြစ်သကဲ့သို့ ကြက်သွေးနီ အသိုင်း အ၀ိုင်းမှ ဌာနခွဲ အသီးသီး၊ တက္ကသိုလ်ခွဲ အသီးသီးနှင့် အခြား အခြားသော နိုင်ငံ ကျော် လူမှုအဖွဲ့အစည်း အချို့ထံသို့ပါ ဖိတ်ကြား လျှပ်ချောစာ ပေးပို့ထားသော ပွဲလည်း ဖြစ်နေသဖြင့် ယခုကဲ့သို့ ပြင်ဆင်ဖြစ်ရပါသည်။ တစ်ဖန် ကိုယ့်အနေ ဖြင့် ပြောစရာများအား ဖတ်ကြား ပြော ဆိုနေစဉ် ဟောပြောချက်များအတွက် အထောက်အကူပြုမည့် ပါဝါပွိုင့် တင်ပြမှုကိုလည်း ပိတ်ကားပေါ်တွင် ပြသ ထားရန် စီစဉ်ထားရာ ကိုယ်ပြောမည့် စာပိုဒ်နှင့် တွဲဖက်မည့် ပုံကားချပ်တို့ အချိန်ကိုက် ဖြစ်နိုင်ရေးကိုလည်း ကိုယ် က ပြင်ဆင်ခဲ့ရပါသည်။

ထိုနေ့က နေ့လယ်စာအား ဌာနမှ ကျွေးသဖြင့် အခြား Fellow များနှင့် အတူ စားကြစဉ် အများစုက ညနေအတွက် သူတို့ပင် ရင်ခုန်နေကြောင်း၊ ထိုလက်ချာမှာ အများသူငါတို့ အတွက် အခမဲ့ ကျင်းပ ပေးသောကြောင့် သူတို့နှင့် သိသော အခြား တက္ကသိုလ်များနှင့် အဖွဲ့ အစည်းများမှ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများပင် လာရောက် နားထောင်ကြမည်ဟု ကြားထားသဖြင့် လူများမည့် ပွဲတစ်ခု ဖြစ်နိုင်ကြောင်း၊ ယခုစာသင်နှစ်အတွက် ရက်ကလစ်ဖ်ကို ကိုယ်စားပြုသည့် လက်ချာဖြစ်သည်နှင့် အညီ အခြား စာသင်နှစ်များတွင် ပေးခဲ့သည့် ရာမာမထာ လက်ချာများ၏ အစဉ်အလာများ အတိုင်း ကြက်သွေးနီ အသိုင်းအ၀ိုင်းမှာ အချိန် အတိုင်းအတာ တစ်ခုအထိ ပြောစရာ ဖြစ်နေဦးမှာ ဖြစ်သည့်အတွက် ကိုယ့်ကိုယ် စား စိတ်လှုပ်ရှား နေကြောင်းတို့ကို လာပြောကြပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ လက်ချာချိန် နီးကပ်လာသည့် အခါမျိုးတွင် စိတ်လှုပ်ရှား နေခြင်းဖြင့် မည်သို့မျှ မထူးနိုင်မည်ကို သိသည့် ကိုယ်ကမူ မိမိ အတိုင်းအထွာ အရ အကောင်းဆုံး ပြင်ဆင် ပြီးဖြစ်ရကား ရလဒ်နှင့် ရိုက်ခတ် ပဲ့တင်သံများကို မစဉ်းစားတော့ဘဲ ကိုယ့်စွမ်းဆောင်ချက် မတိမ်းစောင်းရေးကိုသာ  အာရုံစိုက် ထားလိုက်ပါသည်။
သို့ရာတွင် အမှန်အတိုင်း ဆိုရလျှင် သည်အားကစားရုံ ခန်းမကျယ်ကြီးတွင် ကျင်းပခဲ့သော အများအား ဖွင့်ပေးသည့် ဟောပြော ပို့ချမှု အချို့အား တက်ရောက် ခဲ့ဖူးသည့် အတွေ့အကြုံ ရှိခဲ့သဖြင့် အချို့ဟောပြောမှုများတွင် ရုံပြည့်သည့်တိုင် အချို့ဟောပြောမှုများကား ကျီးနှင့် ဖုတ်ဖုတ်ဖြစ်ခဲ့သည်ကို ပြန်ပြောင်း သတိရနေမိ ခဲ့ပါသည်။ ဟောပြောမှု စတင်ချိန်မှာ ညနေ လေးနာရီ ဖြစ်သည့်အတွက် ခန်းမထဲသို့ သုံးနာရီ လေးဆယ့်ငါးထက် နောက်မကျဘဲ အရောက် လာပါရန် ပြောထားသဖြင့် ကိုယ့်ရုံးခန်း ရှိရာ အဆောက်အဦနှင့် အဆောက်အဦ တစ်ခုသာ ခြားသည့် အားကစား ရုံကြီးရှိရာသို့ သုံးနာရီ သုံးဆယ့်ငါးတွင် ဖေဖေ၊ မေမေနှင့် အတူ ထွက်လာ ဖြစ်ပါသည်။ အံ့သြစရာမှာ ကိုယ့်ထက်အလျင် လူသုံးဆယ်ကျော်က ရောက်နှင့်ကာ နေရာ ယူထား ကြပြီး ဖြစ်ခြင်းပင်။ ဂျိန်းကလည်း ရှေ့ဆင့် နောက်ဆင့် ရောက်လာကာ ကိုယ့်ကို စိတ်လှုပ်ရှားဟန် မတွေ့ရသဖြင့် ကောင်းကြောင်း၊ ဟောပြောပွဲသို့ တက်မည့် သူများမည်ဟု ယူဆသဖြင့် ကိုယ့်အတွက် ၀မ်းသာကြောင်း ဆိုလာပါသည်။

ထို့နောက် ဆယ့်ငါးမိနစ် အတွင်းမှာ ဧည့်ပရိသတ်များ တဖွဲဖွဲ ရောက်လာရာ မူလက ခင်းထား သည့်ထိုင်ခုံများပင် မလောက်ငှတော့ဘဲ ခန်းလုံးပြည့် အထိ ထိုင်ခုံအသစ်များ ယူငင် နေရာ ချပေးကြရပါတော့သည်။ ညနေပိုင်း နေ့အလင်းရောင်လည်း မပီတော့သည့် အချိန်တွင် တက်ရောက်လာသူ အများစုက အနက်ရောင်ကို ၀တ်ဆင် ထားကြသဖြင့် ကိုယ့်မှာ မည်းမည်း လှုပ်နေသည့် လူများကို လှမ်းကြည့်မိကာ သည်ပရိသတ်အား ဟောပြောချက်ထဲမှာ ငြိနေအောင် မနည်း ကြိုးစားရမည်ဟု သတိပြု မိရပြန်ပါသည်။

ကြက်သွေးနီကား ကမ္ဘာကျော် အ၀န်းအ၀ိုင်းပေမို့ထင့်၊ လေးနာရီ မထိုးမီထိ ခုံနေရာ ချသံ၊ လူနေရာ ယူသံ၊ နှုတ်ဆက်ကြသံ များဖြင့် ဆူအုံနွေးနွေး ရှိနေခဲ့သော ကြက်သွေးနီ ပရိသတ်မှာ လေးနာရီ ထိုးပြီးသည့်အခါ တစ်စစ ငြိမ်ကျ လာကြပေပြီ။ အခမ်းအနား မစမီ  ကြက်သွေးနီ၏ အခမ်းအနားပိုင်း ဆိုင်ရာ ဓာတ်ပုံ ဆရာမမှ တဖျပ်ဖျပ် ရိုက်ကူးနေမှုကို အသာတကြည် လက်ခံနေရသော ကိုယ့်မှာ အသံတွေ ဖျော့တော့ သွားသည်နှင့် ကိုယ့်အလှည့် ရောက်တော့မည်ဟု သိလိုက်ရပြန်ပါသည်။ ရက်ကလစ်ဖ် ၏ ကျောင်းအုပ်ကြီး ဖြစ်သူ ဘာဘရာက ရာမာမထာလက်ချာနှင့် ပတ်သက်သည့် အကြောင်းကို ရှင်းပြပြီးလျှင် ဂျိန်းက ကိုယ့်ကို သူ မည်ကဲ့သို့ ရှာတွေ့ခဲ့ပုံ၊ ကိုယ့် လက်ရာများကို သူ မည်မျှသဘောကျပုံ၊ သူ့စာသင်တန်းနှင့် သူ့ကျောင်းသား များအတွက် ကိုယ်က မည်ကဲ့သို့ ပူးပေါင်း ပေးခဲ့ပုံ စသည့် အကြောင်းများဖြင့် လှပ ဝေဆာစွာ မိတ်ဆက်ပေးပါသည်။

သည့်နောက်တော့ ကိုယ့်အလှည့်သာပင်။ လေးဆယ့်ငါးမိနစ်ကြာ ဟောပြော ပို့ချမှု တစ်လျှောက် အမြင့်ရှိ ပိတ်ကားပေါ်မှ ပုံရိပ်များနှင့် ကိုယ့်အား မျက်ခြည်မပြတ် ကြည့်ရှု နားထောင်နေကြသော ပရိသတ်၏ ပကတိ တိတ်ဆိတ်စွာ အားပေး သက်ဝင်မှုကို သြချမိခဲ့ရပါသည်။ လူငါးရာမျှ ရှိနေသော အားကစားရုံ ခန်းမကျယ မြင့်မြင့်ကြီးထဲမှာ ကိုယ့်အသံက လွဲပြီး အခြား မည်သည့် အသံမျှ မကြားနိုင်အောင် တိတ်ဆိတ်နေမှုက တွေးကြည့်လျှင် ချောက်ချားစရာ ဖြစ်နိုင်သော်လည်း မည်းမည်း လှုပ်နေသည့် ပရိသတ်များ အားလုံး၏ ဦးခေါင်း များ ထောင်မတ်ကာ မျက်လုံးများမှာ သူတို့၏ နားနှင့် နှလုံးသားများ မည်မျှ အလုပ် လုပ်နေကြောင်း ထင်ဟပ်ပြသလျက်ရှိကြရာ ထိုတိတ်ဆိတ်မှုသည် အကြွင်းမဲ့ အာရုံစိုက်မှု အဖြစ်သာ ဘာသာ ပြန်နိုင်လာသည်။

ကိုယ်က ဟောပြောမှု အဆုံး သတ်ခါနီးတွင် တစ်မျက်နှာစာမျှသာ ရှိသည့် ၀တ္ထုတိုဟောင်း တစ်ပုဒ်ကို ဖတ်ပြဖြစ်ခဲ့ပါသည်။ ထိုဝတ္ထုတိုမှာ ၂၀၀၀ ခုနှစ် ၀န်းကျင် က အင်္ဂလိပ် ဘာသာဖြင့်သာ ရေးသားထားခဲ့ခြင်း ဖြစ်ရာ သည်နေရာမျိုးနှင့် သင့်လျော်သဖြင့် ဖတ်ဖြစ်ခဲ့ခြင်းပါ။ သို့ဖြင့် အမေးအဖြေ ကဏ္ဍတွင် ထိုဝတ္ထု အကြောင်းအပါ အ၀င် အခြားသော အကြောင်းအရာ များစွာတို့ကို ဆွေးနွေး ဖြစ်ခဲ့ကြပြီး အချိန်တိကျ စွာပင် ထိုပွဲကို အဆုံး သတ်နိုင်ခဲ့ပါသည်။ သည့်နောက်မှာတော့ ခန်းမထဲမှ မထွက်မီနှင့် ပရိသတ်များအား လက်ဖက်ရည်ပွဲ ဆန်ဆန် ဧည့်ခံသည့် ပွဲလေးတွင် ပရိသတ် အများအပြားက ကိုယ်နှင့် ဖေဖေ၊ မေမေ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် နာမည် တပ်ထားသည့် လက်ချာ စီးရီးများ၏ ထုံးစံအတိုင်း လူသုံးဆယ်ခန့်ကို ဖိတ်ကြားထားသည့်  ညစာ စားပွဲကို ဆက်လက် ကျင်းပရာ ဖေဖေနှင့် မေမေမှာ တစ်ခါဖူးမျှ မတွေ့ကြုံဖူးသည့် အတွက် စိတ်လှုပ်ရှား ရင်ခုန်ကာ ပီတိ ဖြာနေခဲ့ကြလေသည်။

ကမ္ဘာကျော် ကြက်သွေးနီ၏ ရင်ခွင်တွင် မိဘနှစ်ပါးပင်လျှင် နွေးထွေး ရင်ခုန်စွာ ပါဝင် စီးမျောလာကြသည်ကို တွေ့ရသည်မှာ ကိုယ့်အတွက်လည်း ကြီးစွာသော စိတ်လှုပ်ရှားမှုကို ဖြစ်စေခဲ့ကြောင်း ၀န်ခံရပေမည်။ အလည်အပတ် မဟုတ်သော ကိုယ့်ပြည်ပ ခရီးများတွင် တစ်ခေါက်မျှ မလိုက်ပါဖြစ်သော်လည်း ယခုတစ် ခေါက်တွင် အနားမှာ ရှိနေပေးသော မိဘ နှစ်ပါးအား ပွဲလယ် တင့်စေခဲ့ရသည့် အတွက် ထိုနေ့က ထိုရာမာမထာ လက်ချာအား ကိုယ့်တစ်သက် မေ့နိုင်မည်ကား မဟုတ်ပါချေ။

ပညာကုံထံ ဘ၀တွင် ပျော်ပိုက်စပြုခြင်း


သို့ဖြင့် ကိုယ်သည် ကြက်သွေးနီ၏ အ၀န်းအ၀ိုင်းတွင် ကျင်းပသော ဟောပြော ပို့ချချက်များနှင့် ရက်ကလစ်ဖ် Fellow အသီးသီး၏ ဟောပြောမှုများအား လိုက်လံ နားထောင်ခြင်းကို ပျော်မွေ့လာပါသည်။ နာမည်ကျော် စာရေးဆရာများ၊ ပါမောက္ခများနှင့် တတ်သိ ပညာရှင်များ၏ ဟောပြောပွဲများမှာ ကြက်သွေးနီ၏ ရင်ခွင်တွင် အချိန်ပြည့် နီးပါး ရှိနေခဲ့ခြင်းကလည်း ကြက်သွေးနီ၏ ထူးခြားချက် ဖြစ်ကာ ကြက်သွေးနီ ရင်သွေးများ အတွက် အားသာချက် တစ်ခုလည်း ဖြစ်ပါသည်။ ဆိုရလျှင် အချို့သော ဟောပြော ပို့ချမှုများမှာ ဘာသာရပ် ဆန်လွန်းကာ ပြင်ပမှ ပရိသတ်များ အတွက် နားမလည်နိုင်အောင် ဖြစ်ရသောကြောင့် လူတိုင်း တက်ရောက် နားထောင်ရန် မဖြစ်နိုင်ပါချေ။

သို့သော် ထူးခြားချက် တစ်ခုမှာ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်သည်ဆိုဆို ရက်ကလစ်ဖ်မှ Fellow များ၏ ဟော ပြောပို့ချချက်တိုင်းမှာ ကိုယ့်အတွက် စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။ အချို့ ပညာရပ်များကို နားမလည်သော်လည်း စိတ်ဝင်စားစရာ ကောင်းသည့်အတွက် ဗဟုသုတ အလို့ငှာ နားထောင် ဖြစ်ရာမှ ဟောပြော သူတို့၏ အစွမ်းကြောင့် ဘာသာရပ်၏ သဘော သဘာဝကို ကျက်စား လာမိသည့် အခါက များခဲ့ပါ သည်။ ထို့ကြောင့် သည်နေရာတွင် ကိုယ်နှင့် အတန်းဖော်များ သဖွယ် ဖြစ်ခဲ့ကြသည့် Fellow များနှင့် ၄င်းတို့၏ သုတေသနများ အကြောင်းကို အကျဉ်းမျှ မျှဝေ လိုလာပါသည်။ စက်တင်ဘာလမှ စတင်သော စာသင်နှစ် အတွက် ရက်ကလစ်ဖ် Fellow များ၏ ဟောပြောမှုများမှာ ကိုယ့်ရာမာမထာ လက်ချာ အပြီးတွင် ၁၀ ခု ပြီးမြောက်ခဲ့ပါသည်။ ယင်းတို့အနက် အချို့မှာ အများ အတွက် ဟောပြောမှုဖြစ်ပြီး အချို့မှာ ဌာနတွင်း ဟောပြောမှုများ ဖြစ်ပါသည်။ ခရီးအစီ အစဉ် အချို့နှင့် အခြား ကိစ္စများကြောင့် လွတ်သွား ခဲ့ရသည့် ဟောပြောပွဲမှာ ၃ ပွဲဖြစ် သော်လည်း ဟောပြောသူတို့နှင့် သူတို့၏ သုတေသနများမှာ စိတ်ဝင်စားစရာကောင်း သဖြင့် ထို Fellow များ အကြောင်းကို အနည်းငယ်စီ ဝေမျှ တင်ပြ သွားလိုပါသည်။

ရက်ကလစ်ဖ်၏ အများအတွက် ဟောပြောပွဲများအား ဈေးဦး ဖောက်သူမှာ ဖွင့်ပွဲနေ့က ကိုယ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ကျောင်းသားရေးရာ ဌာနသို့ သွား ရောက်ခဲ့သော ဂျိမ်းစ်မားလက် James Mallet ပင် ဖြစ်ပါသည်။ သူက အင်္ဂလန်ရှိ University College of London တွင် Biological Diversity ဘာသာရပ်အား သင် ကြားနေသော ပါမောက္ခပင်။ သူ့ဟောပြောမှု ခေါင်းစဉ်မှာ “ဒါဝင်၏ species နှင့် ပတ်သက်သော အမြင်ကို ၂၀ ရာစု ဇီဝဗေ ပညာရှင်များက အဘယ်ကြောင့် ဆန့်ကျင် ခဲ့ကြပါသနည်း”ဟု ဖြစ်ကာ သူ့သုတေသနမှာ species များ အကြားမှ မျိုးဗီဇ၏ တည်ဆောက်ပုံအား လေ့လာခြင်း ဖြစ်ပါသည်။ species များနှင့် သဘာဝတ္တဗေဒ အဆက်အစပ်၊ မျိုးဆက် ထိန်းသိမ်းခြင်း၊ ပြောင်းလဲခြင်း အဆင့်ဆင့်နှင့် species များ ပတ်သက်ပုံတို့ကို လေ့လာနေသည့် သူ့အား အင်္ဂလန်မှ သာမက အခြား နိုင်ငံများမှပါ သိပံ္ပပညာ ဆုများ ပေးအပ် ခဲ့ကြဖူးပါသည်။ သူ့ဟောပြောပွဲမှာ ဘာသာရပ် ဆန်သည့်တိုင် အချင်းချင်းကပင် စိတ်ဝင်စားလောက်အောင် ပုံများနှင့် တကွ တင်ပြပုံ ဆွဲဆောင်မှု ရှိခဲ့လေသည်။
ကိုယ် လွတ်သွားခဲ့ပြီး အများစုက တသသ ပြောရလောက်သည်ထိ အောင်မြင်ခဲ့သော ဟောပြောပွဲမှာ အလီဆင်နိုးလ်စ် Alison Knowles ၏ ဟောပြော သရုပ်ပြပွဲ ဖြစ်ပါသည်။ အလီဆင်မှာ ၁၉၆၀ ခုနှစ်များကတည်းက Fluxus ဟူသည့်  ပါဖောမင့် အဖွဲ့ တစ်ဖွဲ့ကို တည်ထောင်ကာ နာမည်ကျော် စာအုပ်များ အကြောင်း သရုပ်ဖော်တင်ဆက်မှုများ ပြုလုပ်ခဲ့သူ အဖြစ် နာမည် ကျော်သူပါ။ ၁၉၆၇ ခုနှစ်က သူ တင်ဆက်ခဲ့သည့် Big Book ပြပွဲမှာ စာအုပ်တစ်အုပ် အတွင်းသို့ ပရိသတ်များ ကိုယ်တိုင် လမ်းလျှောက် ၀င်သွားနိုင်သည့် တင်ပြမှုမျိုး ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ မြို့ကြီး အများအပြားတွင် သူ့အဖွဲ့၏ တင်ဆက်မှုများစွာ ရှိခဲ့ပြီး နောက်ဆုံး တင်ဆက်မှုများ အနက် ပရိသတ် အများစု အားပေး ခံခဲ့ရသည့် တင်ဆက်မှု တစ်ခုမှာ လန်ဒန်ရှိ တိတ်မော်ဒန်ပြတိုက်တွင် ၂၀၀၈ ခုနှစ်က ပြသခဲ့သော Make a Salad ဖြစ်ပါသည်။

သူက အသက်အရွယ် ကြီးနေသည့်တိုင် ၀တ်စား ဆင်ယင်ပုံ ဖက်ရှင်ကျကာ သူ့ကိုယ်သူ အလွန် နှိမ်ချတတ်သူပါ။ သူ့သရုပ်ပြ ဟောပြောမှုကို မတက်ရောက်နိုင်ခဲ့သဖြင့် နောင်တ ဖြစ်မိကြောင်း ကိုယ်က ဆိုခဲ့ရာ သူကမူ ကိုယ့်ဟောပြောမှုကို သဘော ကျကြောင်းနှင့် ထိုကဲ့သို့ စိတ်ဝင်စားစရာ ဟောပြောနိုင်သူများနှင့် တစ်နှစ်ပတ်လုံး အတူ နေသွားနိုင်မည် မဟုတ်သည့် အတွက် နောင်တဖြစ်မိကြောင်း ပြန်ပြောလေသည်။ သူက အခြား သရုပ်ပြ အစီအစဉ်များအား လက်ခံထားသူ ပီပီ သည်ရက်ကလစ်ဖ်မှာ ဆောင်းဦးနှင့် ဆောင်းရာသီ အတွင်းသာ နေထိုင်မည့်သူ ဖြစ်သည်ကိုး။

ကိုယ်လွတ်သွားခဲ့သော နောက်ထပ် ဟောပြောမှု တစ်ခုမှာ ၀တ္ထု မဟုတ်သည့် စိတ်ဝင်စားဖွယ် စာအုပ်များ ရေးသားသူ ဂျာနယ်လစ် တစ်ပိုင်း အမေရိကန် စာရေးဆရာ ရပ်စ်ရိုင်မာ Russ Rymer ၏ ဟောပြောမှု ဖြစ်ပါသည်။ သူ့စာအုပ်အချို့မှာ အမေရိက အမျိုးသား စာအုပ်ဝေဖန်ရေး လောကမှ ပေးအပ်သည့် ဆုဆန်ခါတင် စာရင်းတွင် ပါဝင်ခဲ့ပါသည်။ သူ့သုတေသနမှာ Pernambuco အပင်များ မျိုးတုံး ပျောက်ကွယ်တော့မည့် အကြောင်း ဖြစ်ပါသည်။ ထိုအပင်မှ သစ်သားဖြင့် သာလျှင် တယော၊ ချဲလိုနှင့် တယော ဘိုးတံများကို ဖန်တီးနိုင်သဖြင့် ထိုအပင်များ ပေါက်ရာ ဘရာဇီးနိုင်ငံ၏ ကမ်းခြေ သစ်တောများ ပြုန်းတီး လာမှုကြောင့် နောင်အခါ တယောသံများ ရှင်သန်ရေး အတွက် အခက် တွေ့နေရကြောင်း သုတေသန ဖြစ်ပါသည်။ သူက ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဘာကလေ တက္ကသိုလ်နှင့် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် များတွင် သိပ္ပံ သင်ကြား နေသူလည်းဖြစ်ရာ စကားပြော ကောင်းသကဲ့သို့ ဂျာနယ်လစ် စိတ်ဓာတ်ကြောင့် နိုင်ငံရေး ဒဿနလည်း ထက်သန်သူ ဖြစ်လေသည်။

ကိုယ်တက်ဖြစ်ခဲ့သည့် ဟောပြောပွဲ တစ်ခုမှာ ဟဲသာပက်ဆွန် Heather Paxson ၏ “အမေရိကန် ချိစ်ဖန်တီးမှု အတတ်ပညာ၊ စိတ်ခံစားမှု၏ စီးပွားရေး၊ ထုတ်လုပ်မှု၏ သဘာဝဗေဒ”အကြောင်းဖြစ်ကာ ဟယ်သာမှာ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ ပညာရှင်ဖြစ်သည်။ သူက လူမှု စီးပွားရေးအခြေအနေ ပြောင်းလဲသည်နှင့်အမျှ၊ အသစ်အသစ်သော ဇီဝသိပ္ပံ ဗေဒ ဗဟုသုတများ ထွက်ပေါ် လာသည်နှင့် အမျှ၊ လူအများ အနေဖြင့် သူတို့၏ နေ့စဉ် ဘ၀တွင် ကျင့်သုံးနေသော အလေ့အထများအား မည်ကဲ့သို့ ပြောင်းလဲ ကျင့်သုံးကြောင်း လေ့လာ နေခြင်းဖြစ်ပြီး အမေရိကန် လူနေမှုဘ၀တွင် မပါမဖြစ် အရေးကြီးသော ချိစ်နှင့် ပတ်သက်သည့် သုတေသန ဖြစ်ရာ ပညာရှင်များသာမက မီဒီယာ သမားများကပါ အထူး စိတ်ဝင်စားခဲ့ကြပါသည်။

ယခုအခါ နိုင်ငံနှင့် အ၀န်းကို လွှမ်းမိုးသော အစားအသောက် ကုမ္ပဏီကြီးများ အများအပြား ပေါ်လာရာ နယ်မြို့ရွာများရှိ မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းလေးများ၏ ရပ်တည်ရေးမှာ အခက်အခဲဖြစ်လာနေသဖြင့်လည်း သူ ရွေးချယ်ထားသော သုတေသနမှာ စာကြည့်တိုက်ထဲမှာပြုစုပြီး စာကြည့် တိုက်ထဲမှာပင် သိမ်းထားရမည့် သုတေသနမျိုး မဟုတ်ပြန်ချေ။ ထို့ကြောင့်လည်း သူ့ဟောပြောပွဲမှာ လွန်စွာ စိတ်ဝင်စားစရာ ကောင်းခဲ့လေသည်။ နောက်ထပ် စိတ်ဝင်စားစရာ ဟောပြောပွဲ တစ်ခုမှာ သြဂတ်စတင်ရာယို Agustin Rayo ၏ ဘာသာဗေဒနှင့် ပတ်သက်သော ဟောပြောပွဲ ဖြစ်ပါသည်။ သူသည်လည်း မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ ဖလော်ဆော်ဖီ ပညာရှင် တစ်ဦး ဖြစ်ပါသည်။ သူက လူတို့အနေဖြင့် ဘာသာစကား ရွေးချယ် သုံးစွဲမှုအား စိတ်ပိုင်းဆိုင်ရာ အဆုံးအဖြတ် အရ လုပ်ဆောင်ကြပုံအကြောင်း သုတေသန ပြုသူ ဖြစ်ပါသည်။ သူ့ သုတေသနမှာ လွန်စွာ ဘာသာရပ်ဆန် သော်လည်း သူ့တင်ပြပုံမှာ စိတ်ဝင် စားစရာ ကောင်းသဖြင့် အတန်အသင့် နားလည် သဘော ပေါက်ခဲ့ပါသည်။ နောက် Fellow တစ်ဦးကတော့ ဂေါ့ဒ် ဖရိုင်းဒ်တော်ဆန် Godfried Toussaint ပင်။ သူက ကနေဒါ နိုင်ငံ မက်ဂေးလ် တက္ကသိုလ်မှ ကွန်ပျူတာ ပညာရှင် ဖြစ်သော်လည်း သူ့သုတေသနမှာ “ကမ္ဘာပေါ်ရှိ ဂီတ စည်းချက်များအား ခွဲခြမ်း စိတ်ဖြာခြင်း” ဟု အမည်ရသည်။

ကွန်ပျူတာ၏ ဂျီသြမေတြီဗေဒအား ဂီတ ဗေဒနှင့် ဂီတ သီအိုရီ၊ ဂီတ နည်းပညာ များအတွက် အသုံးပြုပုံကို လေ့လာ သည့် သူ့သုတေသနမှာလည်း သိပံ္ပနှင့် အနုပညာတို့၏ အပေါင်းအစည်း၊ အဆက်အစပ်ကို လေ့လာခြင်း ဖြစ်ရာ လွန်စွာစိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ သူက ရှေးခေတ်မှာ ထွက်ပေါ်ခဲ့သော ဂီတဖန်တီးမှု အများစုမှာ သင်္ချာဘာသာ ရှိ ဂျီသြမေတြီ စည်းမျဉ်းစည်းကမ်းများနှင့် လွန်စွာမှ လိုက်လျောညီထွေရှိနေ သည်ကို ရှာဖွေ တွေ့ရှိခဲ့သည်မှာ မကြာသေး။ သူ့ကိုတော့ သူ့ဇနီးဖြစ်သူ ဂျပန်သူကြောင့် ပိုသတိ ထားမိကြသည်။ သူက လန်ဒန်မှ ဂျိမ်းစ်မာလက်ကဲ့သို့ပင် မိခင် တက္ကသိုလ်ဖြစ်သည့် ကနေဒါ တက္ကသိုလ် ထက် သည်ကြက်သွေးနီ ဟားဗတ် တက္ကသိုလ်ကို ပိုသဘောကျကာ ပြောင်းလာ ချင်နေသည်။

Fellow အများစုမှာ ကြက်သွေးနီမှ ပေးသော အခွင့်အရေးများနှင့် တကွ ရက် ကလစ်ဖ်၏ ထောင့်စေ့စွာ တခမ်းတနား ဂရုစိုက်တတ်မှုများအား ခံတွင်း အတွေ့ကြီး တွေ့နေကြပါသည်။ ထို့ပြင် Fellow အချင်းချင်း၏ စိတ်ဝင်စားစရာ ကောင်းလှသော ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကြောင့်လည်း အချင်းချင်း၏ ပညာ ကုံထံမှုတို့အား အားကျချစ်ခင် လေးစားစိတ်များနှင့် အတူ ၂၀၀၉-၁၀ စာသင်နှစ် ရက်ကလစ်ဖ် Fellow အပါအ၀င် တစ်ဦးအဖြစ် ဂုဏ်ယူ ကျေနပ်စိတ်များလည်း ဖြစ်လာကြရပါသည်။ ကြက်သွေးနီမှာလည်း အညို့ရင်ခွင်မှာကဲ့သို့ပင် အတန်းတက်ရန် မလိုသည့် ဘ၀ ဖြစ်သည့်တိုင် Fellow အချင်းချင်း၏ ဟောပြောပွဲများအား တက်ရောက်ရတိုင်း သက်ဆိုင်ရာ ဘာသာရပ်များ အကြောင်း တစေ့တစောင်းအား လေ့လာ သင်ကြားခွင့် ရလိုက်ဘိသည့် အလား ကျေနပ်စိတ်များ ဖြစ်လာကြရပါသည်။ သည်ဘ၀မျိုးကိုပင် ပညာကုံထံ ဘ၀ဟု ခေါ်နိုင်မည်ဟု ဆိုလျှင် ကိုယ်သည် ထိုကြက်သွေးနီ့ရင်သွေး၊ ရက်ကလစ်ဖ် Fellow ပညာကုံထံ ဘ၀တွင် အတော်ကြီး ပျော်ပိုက်စ ပြုလာခဲ့ပြီဟု ဆိုနိုင်ပါလေပြီ။        (ဆက်လက် ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)

No comments:

Post a Comment