Tuesday 15 November 2011

အိပ်မက်အိမ်

သက်ပြင်းမောကို မှုတ်ထုတ်လိုက်ပေမဲ့ ရင်ထဲမှာ ချောင်မသွားဘဲ တင်းခံနေသေးတယ်။ စာမေးပွဲဖြေပြီးရင် အနည်းနဲ့အများ စိတ်လွတ်လပ် ပေါ့ပါးသွားမယ်လို့ ထင်ထားတဲ့အထင်ဟာလည်း တကယ့်ကို အထင်သက် သက်ပဲ ဖြစ်နေတော့တယ်။
''ဟေ့ ဖြေနိုင်လား''
''ဒီလိုပါပဲ''
ဘယ်အချိန်တည်းက စွဲလာမိမှန်းလည်းမသိတော့ဘူး။ စာမေးပွဲ ဖြေ ပြီးလို့ ထွက်လာတဲ့အခါတိုင်း 'ဒီလိုပါပဲ' ကိုပဲ ရေလဲဖြေနေမိတယ်။  တကယ် လည်း ဒီလိုပါပဲ။ ဘယ်နှစ်ခါများ ဒီစီမေးပွဲတွေကို ဖြေနိုင်ဖူးတယ်ရှိလို့လဲ။ အပုဒ်စေ့ဖြေဖြစ်ခဲ့တဲ့အခေါက်တောင် ခပ်ရှားရှားရယ်...။ တောင်ခြစ် မြောက်ခြစ်ခြစ်ပြီး ပြန်ထွက်ခဲ့ရတာချည်းမို့ အမှတ်ခြစ်တဲ့ဆရာ ဆရာမ တွေကိုတောင် အားနာသေးတယ်။ သူတို့လည်း စိတ်ညစ်ရှာမှာနော်။
ခက်တာက စာကျက်ဖို့မပြောနဲ့။ ဘာဆိုဘာကိုမှ စိတ်ဝင်စားလို့ မရ တာဘဲ။ စိတ်တွေကလည်း လေလိုက်တာ။ ကျွန်မမလိမ္မာဘူး၊ အင်း... အဲလိုပဲ ပြောရမှာပေါ့။ ကျောင်းသူတစ်ယောက်အနေနဲ့ စာမေးပွဲကျတယ်။ သားသမီးတစ်ယောက်အနေနဲ့ အမေနဲ့အဆင်မပြေဘူး။ လူတစ်ယောက် အနေနဲ့ ပန်းတိုင်ပျောက်သလိုဖြစ်နေတယ်။
ကဲ... ဘာကောင်းတာကျန်သေးလဲ။
''ပြန်ပြီလားကွ၊ စောထွက်လာတာပေါ့''
''ဒါပေါ့''
'ပြန်ပြီလား'တဲ့။ သဘောက အချိန်တန်အိမ်ပြန်ပေါ့လေ။ ပြောတော့ လွယ်သား။ ခု... ကျွန်မ ဘယ်ပြန်ရမလဲ။ 'အိမ်'လား။ ကျွန်မမှာ 'အိမ်' မရှိဘူး။ အင်းလေ အဖေမဲ့တဲ့၊ ရောဂါသည်အမေနဲ့မောင်ငယ်သုံးယောက် ရှိတဲ့၊ အမုန်းတွေ၊ မနာလိုခြင်းတွေ၊ မနှစ်မြို့ခြင်းတွေ၊ ရန်လိုခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးပိုင်ရှင်တွေရှိတဲ့ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းနေတဲ့ ဝါးတဲလေးဟာ 'အိမ်'လို့ဆိုရင်တော့ ကျွန်မရဲ့'အိမ်'ပဲပေါ့။ ကျွန်မမှာ 'အိမ်'ရှိတာပေါ့။
မှတ်မှတ်ရရ လွန်ခဲ့တဲ့အပတ်တနင်္ဂနွေနေ့က နောက်ဆုံးပဲ ကျွန်မ 'အိမ်' ခဏပြန်ခဲ့တာ။ ခဏမှ တကယ့်ကို ခဏလေးရယ်။
သွားခဲ့ကတည်းက အမေရင်ကြပ်ပြန်ထနေတယ်ကြားလို့ပါ။ အမေနဲ့ မတွေ့ရတာကလည်း တစ်လနီးပါးတော့ ရှိပြီ။ ကျောင်းမှာ စာမေးပွဲလေး တွေ အလှည့်ကျစစ်တာကလည်း ဒီတစ်လလုံးပဲလေ။ ဒါကြောင့်လည်း မ နွေးတို့အိမ်ကို လလယ်လောက်မှ ရောက်ဖြစ်ပြီး အမေရင်ကြပ်ပြန်ထနေ တယ်ဆိုတာ သိရတာပေါ့။ မနွေးဆိုတာက ကျွန်မအဖို့ ကျေးဇူးရှင်အစစ် ပါပဲ။ ဒီကျောင်းတက်ဖြစ်တာကိုက မနွေးကျေးဇူးပေါ့။ ခုလည်း အမေ့အ တွက်ပါ ပိုပိုလိုလို ထည့်ပေးလိုက်သေးရဲ့။
အမေက ကျွန်မရောက်သွားတော့ နေကောင်းလို့ပါပဲ။ လက်ချုပ်လိုက် ဖို့ ယူထားတဲ့အင်္ကျီတွေ ထိုင်ချုပ်နေတာ။ ကျွန်မအိမ်ထဲ မဝင်ခင်ကတည်း က စိတ်ညစ်ရတာပဲ။  ကြီးမလေ ကျွန်မကို လိမ္မော်သီးငါးလုံးထည့်ထား တဲ့ ကျွတ်ကျွတ်အိတ်နဲ့တွေ့လိုက်တော့ မသိမသာ မျက်စောင်းထိုးပြီး 'သြော်... ဒေါ်ငယ်လား၊ ရှိသေးတယ်၊ ရှိသေးတယ်'တဲ့။ ရုတ်တရက်တော့ ကျွန်မတော်တော့်ကို စိတ်တိုသွားတယ်။ ကျွန်မဒီအိမ်ကိုပြန်လာတာ ကျွန်မ အမေဆီကိုလာတာမဟုတ်လို့ ဘယ်သူ့ဆီလာတာဖြစ်ရမှာတဲ့လဲ။ 'ရှိသေး တယ်' ကို နှစ်ခါထပ်ပြောသွားတာက ဘာသဘောလဲ။ ဒါ သက်သက်ရန် စကားတိုက်ခိုက်တာ။
ဒါပေမဲ့ ကျွန်မဘာမှ ပြန်မပြောခဲ့ဘူး။ သတိထားပြီးပဲ အိမ်ပေါ်လှမ်း တက်လိုက်တယ်။ မိုးရွာထားတာ မကြာသေးတော့ ဝါးလှေကားက ချော နေတာမို့ ကျွန်မ ယိုင်နဲ့နဲ့ဖြစ်သွားပြန်ရော။ ဒီမှာတင် အိမ်ခေါင်းရင်းမှာ အကြမ်းအိုးနဲ့ထန်းလျက်ပန်းကန် ဘေးချပြီး ဂျိုးသိန်းကို ဇိမ်နဲ့ဖွာနေတဲ့ ကြီး တော်စိန်ဆီက စိန်ခေါ်သံကို စကြားရတာပဲ။
'မတက်တာကြာတဲ့ ဝါးလှေကားကိုး၊ အုတ်လှေကားလိုတော့ မခိုင်ပေ ဘူးပေါ့ ထုံးစံပဲ'တဲ့။ ဘာဆိုင်လဲ။ ကျွန်မဘာသာ ကျွန်မ ဝေမိုးဖြူတို့ တိုက် မှာ တစ်လကိုးသီတင်း လိုက်နေတာ သူပြောစရာလား။ ကျွန်မအမေတောင် ဘာမှ ပြောတာမဟုတ်ဘူး။
''မိတိုး...ရေတစ်ခွက် သွားခပ်ပေးစမ်းပါ''
အမေက ကျွန်မတစ်ခုခုပြန်ပြော၊ ပြန်လုပ်တော့မှာကိုသိလို့ ထင်ပါ ရဲ့။ အာရုံလွှဲဖို့ ကြိုးစားတယ်။ ပထမတော့ ကျွန်မ အမေ့စကားကို လျစ်လျူ ရှုပစ်ဖို့ပဲ။ နောက်တော့ အမေစိတ်ဆင်းရဲမှာကို ကျွန်မမမြင်လိုတော့ဘူး။ အမေခိုင်းတာကိုပဲ လုပ်ပေးလိုက်ပါတယ်။
ကြီးတော်စိန်ကတော့ တစ်ခွန်း ဆိုင်ရှင်လိုပါပဲ၊ လုံးဝမလျှော့ဘူး။ တိုး တိုး တိုးတိုးနဲ့ 'တိုးတိုးမင်း' ဆိုတဲ့ ကျွန် ဘယ်လိုမသိတတ်ကြောင်း အသုံး မကျကြောင်း၊ မိုက်မဲကြောင်း၊ ဘဝမသိကြောင်း၊ တစ်ကိုယ်ကောင်းဆန် ကြောင်းတွေကို နားထောင်သူမဲ့ ရေရွတ်နေတယ်။
''အမေရင်ကြပ်နေပြန်လို့ဆို၊ တိုးလည်း စာမေးပွဲတွေ ဆက်နေလို့၊ မနေ့ ကမှ မနွေးဆီရောက်တာ၊ မနွေးကတောင် အမေ့အတွက် ငွေနဲ့ဒီလိမ္မော် သီးတွေ ပေးလိုက်သေးတယ်။ ဒါ... အမေပဲ စားနော်၊ ကျွေးချင်ရင်လည်း ဟိုသုံးကောင်ကို တစ်လုံးပေးပြီး ဝေစားခိုင်းပေါ့''
ကျွန်မက အမေ့လက်ထဲက အင်္ကျီနဲ့ အပ်ကို လွှဲယူပြီး ပြောလိုက်တော့ အမေက ထုံးစံအတိုင်း 'အင်း' တစ်လုံးပဲ ပြန်ဖြေတယ်။ တော်တော်လေး ကြာမှ 'စာမေးပွဲတွေ ဖြေနိုင်ရဲ့လား၊ ငစိုးတော့ ကျောင်းပြန်တက်နေတယ်' တဲ့၊ ငစိုးက ဒီနှစ်ရှစ်တန်းပြန်တက်တာလေ။ အမေစိတ်ညစ်မယ်ဆိုလည်း ညစ်ချင်စရာ။ ငစိုး၊ ငဖြိုးနဲ့ ငမျိုး သုံးယောက်လုံးက စာမတော်ကြဘူး။ ငမျိုးကဆို Óဏ်ရည်တောင် မပြည့်တပြည့်ရယ်။ အဲလိုတွေးမိပြန်တော့ လည်း ကျွန်မ စာကြိုးစားချင်စိတ်ပေါက်ပြန်ရော...။
ဘာပဲဖြစ်ဖြစ်လေ။ ကျွန်မ စာမေးပွဲတွေ ဘယ်လိုကျကျ တစ်နေ့မှာ ဆရာဝန်မတစ်ယောက်ဖြစ်လာမယ်ဆိုပြီး အမေကတော့ မျှော်လင့်ထားမှာ ပဲ။ ဒါကြောင့်လည်း ရေနံဆီဖိုးမလွယ်ရင် အမှောင်ထဲမှာ ငုတ်တုတ်ထိုင် နေရပြီး ရေနံဆီဖိုးလွယ်လို့ စာကျက်နေရင်လည်း အကြောင်းမရှိ အကြောင်း ရှာပြီး ခိုင်းရင်ခိုင်း၊ မခိုင်းရင် ပြဿနာမီးဇာကို အတင်းမီးညှိတတ်တဲ့ ဒီ အိမ်နဲ့ဝေးရာမှာ ရက်ရှည်စာကျက်ဖို့သွားမယ်လို့ ကျွန်မပြောတော့ အမေ မငြင်းမဆန် ခေါင်းညိတ်ခဲ့တာပေါ့။
ဝေမိုးဖြူအိမ်မှာ ဝေမိုးဖြူနဲ့ သူငယ်ချင်းများ စာကျက်ဖို့ အခန်းတစ်ခန်း ရှိကြောင်း၊ ကျွန်မတစ်ယောက်စာအတွက်လောက်ကတော့ သူတို့ရဲ့ 'ဂျင်း' ဆိုတဲ့ခွေးကို ကျွေးရသလောက်သာရှိကြောင်း၊ စာမေးပွဲအတွက် အရေးကြီး သည့် တစ်ကြိုမေးခွန်းများလည်း ရနိုင်စရာအကြောင်းရှိကြောင်း၊ ကြီးတော် စိန်တို့မိသားစုလိုလည်း ကျွန်မကို အချောင်တိုက်ခိုက်မည့်သူ မရှိကြောင်း တွေကိုတောင် ပြောပြစရာမလိုခဲ့ပါဘူး။
အဖေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ အမေဟာ ဘာကိုမှ သိပ်စိတ်မဝင် စားတော့တာကတော့ အသေအချာပါပဲ။ အဖေဆုံးစက အလုပ်တွေ အား ကြိုးမာန်တက်လုပ်သလောက် ကျွန်မ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့ အောင်တဲ့နေ့က 'ငါ အလုပ်လုပ်မယ်ဟာ... နင်ကျောင်းဆက်တက်ဖို့ ငါ အလုပ်လုပ်မယ်'လို့ ဟစ်ြေ<ွကးခဲ့တဲ့ အစ်ကိုမိုးတစ်ယောက် ကောက်ခါ ငင်းကာ မိန်းမခိုးသွားပြီးတဲ့နောက်ပိုင်းမှာ အမေဟာ ကျွန်မတို့မောင်နှမ တွေကို ဘာမှ သိပ်မပြောတော့ဘူးလို့ ကျွန်မထင်တယ်။
ဒါပေမဲ့ အဲဒီနေ့ကတော့ အမေကျွန်မကိုစကားတော်တော်ပြောတယ်။ ပထမပိုင်း ပြောတာတွေကတော့ ကျွန်မမျှော်လင့်ပြီးသားတွေပါ။ အမေ့ ယောင်းမကြီးတော်စိန်တို့မိသားစုက နှိမ်တာ၊ နိုင့်ထက်စီးနင်းလုပ်တာ ငမိုး နဲ့ငဖြိုး ရန်ခဏခဏဖြစ်တာ၊ ငမျိုး အနိုင်ကျင့်ခံရတာ၊ လက်ချုပ် အငှား ချုပ်တာကရတဲ့ဝင်ငွေက ဘယ်လိုမှ မလောက်ငနိုင်တာ၊ ရင်ကြပ်ပျောက် ဆေးကုန်နေတာ၊ ခုနောက်ပိုင်း ခဏခဏ နေမကောင်းဖြစ်နေတာ ဒါတွေ ပါပဲ။
နောက်တော့ 'မိတိုး အမေဟု တစ်ခါပြောထားတာ ဘယ်လိုလဲ၊ နင် လည်း အေးအေးဆေးဆေးစာကျက်နိုင်မယ်၊ မိနွေးဆီကလည်း သွားယူနေ စရာမလိုတော့ဘူးလေ'တဲ့။
ကျွန်မလက်ထဲက အင်္ကျီနဲ့အပ်ကို ဆတ်ခနဲ လွှတ်ချပြီး အမေ့မျက်နှာ ကို စေ့စေ့ကြည့်လိုက်တယ်။
''တိုး နှစ်ခါမပြောချင်ဘူးအမေ၊ အမေလည်း တိုးအတွက်ဆိုပြီး တိုး ကို မေရောင်းစားပါနဲ့၊ မနွေးရဲ့စေတနာမှာ ဘာမျှော်လင့်ချက်မှ မပါတာ တိုးသိတယ်အမေ၊ အမေ့သူဌေးလေးရဲ့ စေတနာကတော့ မျှော်လင့်ချက် တွေမှ အပြည့်၊ တိုး အချယ်လှယ်ခံဘဝကို မုန်းတယ်''
အမေက ကျွန်မစကားအဆုံးမှာ ကျွန်မချထားတဲ့အင်္ကျီနဲ့အပ်ကို ပြန် ကောက်ကိုင်လိုက်ပြီး ကျွန်မကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ပြီး တစ်ဖက် လှည့်သွားတယ်။
''နင့်အတွက်ပဲ မိတိုး၊ နင်ခုလိုသူများအိမ်မှာ မျက်နှာငယ်ခံနေနေရ တာကို ငါမကြည့်ရက်လို့၊ ငါမကြည့်ရက်လို့ဟဲ့''
''ဘာမှမျက်နှာငယ်စရာမရှိဘူးအမေ၊ ဝေမိုးဖြူတို့တစ်အိမ်လုံးက နား လည်မှုအပြည့်ရှိတယ်''
''ဘယ်လောက်နားလည်မှုရှိရှိလေ၊ ယာယီပဲဖြစ်မှာပေါ့ အခိုက်အတန့် ပဲပေါ့''
သည်တစ်ခါတော့ ကျွန်မ ငိုင်နေခဲ့မိတယ်။ ဟုတ်တော့လည်း ဟုတ် တာပါပဲ။ တစ်သက်လုံး မပြောနဲ့၊ တစ်လလောက်နေရရင်ကို ကျွန်မ မလွတ် လပ်သလို ဖြစ်လာပြန်ရော။ အဖေရှိကတည်းက အဖေ အဖြူဆိုင်သွား ရင် နောက်ကလိုက်၊ ဘေးမှာထိုင်ပြီး အမြည်းလိုက်စားတဲ့ ကျွန်မဟာ အမေ ကြိုက်တဲ့ ဂျိုးသိန်းအပြင် ဒူးယားကိုပါ အဖော်တစ်ယောက်လို တရှိုက် မက်မက် ကြိုက်နေမိလေတော့ အစစအရာအရာ စည်းစနစ်နဲ့ သပ်သပ် ရပ်ရပ်ရှိနေတဲ့ ဝေမိုးဖြူတို့တာဟာ ကျွန်မအဖို့ ကြီးကျယ်ခန်းနား သီးခြား ဆန်နေပြန်ရော။ တကယ်တော့ ကျွန်မနဲ့ မတန်ဘူးလို့ ဆိုရမလား။ ဘယ်လို ပြောရမလဲ။ အမေကတော့ ဒါတွေကို ရိပ်မိပုံရပါတယ်။
''စာမေးပွဲရှိသေးတယ်ဆို၊ ပြန်ချင်ပြန်တော့လေ''
ငိုင်နေခဲ့မိတဲ့ ကျွန်မကို အမေက ပြောလိုက်တဲ့စကားလေ။ 'ပြန်ချင် ပြန်တော့လေ' တဲ့။ ပြန်တယ်ဆိုတာ အိမ်ပြန်တာပေါ့။ ဒီအိမ်က ဘယ်သူ့ အိမ်လဲ။
ကျွန်မ ဘာမှ ပြန်မပြောတော့ဘူး။ ဝါးထရံမှာချိတ်ထားခဲ့တဲ့ ကျွန်မ ရဲ့ အနက်ရောင်လွယ်အိတ်နွမ်းလေးကို ထယူလိုက်တယ်။ မြတ်ကောင်းရဲ့ 'အိုးလေးနဲ့ခပ်တဲ့ရေ' ဆိုတဲ့ ပန်းချီကားကိုတောင် သတိရသွားမိပါရဲ့။
''ပြန်တော့မလို့လား၊ ညည်းမောင်တွေ လမ်းထိပ်မှာ အရုပ်ပစ်နေတယ်''
ကြီးတော်စိန်က စကားမရှိစကားရှာ ပြောပေမဲ့ ကျွန်မပါးစပ်တွေ နှုတ် ခမ်းတွေကတော့ လုံးဝအလုပ်မလုပ်ချင်တော့ဘူး။
''ဒီအပတ်ထဲမှာ စာမေးပွဲတစ်ခုရှိတယ်၊ အဲဒါပြီးရင် အမေ့ဆေးဝယ် လာခဲ့မယ်၊ နှစ်ရက်လောက်နေပြီးရင် ဟိုအိမ်မှာပဲ စာမေးပွဲပြီးတဲ့အထိ နေ လိုက်မယ်၊ ရေးဖြေတွေပြီးမှပဲ တစ်ခေါက်ပြန်လာမယ်လေ''
ကျွန်မ အမေ့ကို အစီအစဉ်တွေကြေညာရင်း နှုတ်ဆက်လိုက်တယ်။ ဖိနပ်ချွတ်ရောက်တော့လည်း မြတ်ကောင်းရဲ့ 'အမေက ပန်းနာသည်၊ မောင် ညီမငယ်ငါးယောက်'ဆိုတဲ့ ပန်းချီကို သတိရပြန်ရော။ မိန်းမစီးဖိနပ်ဟာဒေါက်မြင့်ဖြစ်မနေတာလေးပဲ ကွာတယ်လေ။ ကျန်တာပန်းချီကားထဲကလို ပါပဲ။
အဲဒီနေ့က ဝေမိုးဖြူတို့အိမ်ရောက်တော့ ကျွန်မ ငိုတယ်။ အမေက ကျွန်မကို နားမလည်ဘူးလို့ ကျွန်မထင်မိပြန်တယ်။ နဂိုကမှ စာထဲစိတ်ဝင် စားဖို့ အတော်လေးကြိုးစားရတဲ့ကျွန်မ အဲဒီတစ်ပတ်လုံး စာကိုဟုတ်တိပတ် တိ ကျက်လို့ မရပြန်ဘူး။ ဒါနဲ့ပဲ ထုံးစံအတိုင်း စာမေးပွဲကို ဖြေတယ်ဆိုရုံ ဖြေဖြစ်ပြန်ရော။
စာမေးပွဲအောင်မှ ဖြစ်မယ်ဆိုတဲ့ အသိဟာ ရင်မှာ ခေါင်းထောင်မြဲ ထောင်နေပေမဲ့ စာအုပ်ကို ကိုင်ထားရင်းက အရက်ခိုးဝေ အဖေ့မျက်နှာ၊ မျှော်လင့်ချက်မဲ့သလို အေးစက်မှုန်မှိုင်း အမေ့မျက်နှာ၊ အရာရာကို အလို မကျ သုန်မှုန်တွေဝေ မောင်ငယ်တွေမျက်နှာ။ ကျွန်မ ဆေးကျောင်းတက် ရမယ်လို့ သိရတဲ့နေ့ကစပြီး ပြောင်းလဲသွားတဲ့ မျက်စချီ၊ မျက်စောင်းထိုး၊ နှုတ်ခမ်းရွဲ့ ကြီးတော်စိန်တို့မိသားစုရဲ့မျက်နှာ၊ သနားသလိုလို မတူမတန် သလိုလို၊ စိတ်ပျက်လက်လျော့သလိုလို အကြည့်တွေနဲ့ အတန်းထဲကလူတွေ  ရဲ့ မျက်နှာတွေကို မြင်နေမိလေတော့ စာအုပ်ပိတ်ပြီး ဒူးယားထဖွာ၊ နှင်း ဆီနက်ထည့်၊ တွေ့ကရာသီချင်းကောက်ဆိုနဲ့ အာရုံပြောင်းပြစ်လိုက်ပြန် ရော...။
နောက်တော့လည်း 'တိုးတိုးမင်း' ဆိုတဲ့ ကျွန်မအတွက် ဂုဏ်ပုဒ်ဆိုး၊ သတင်းဆိုးတွေ ရှုတ်ချကြည့်၊ အထင်သေးကြည့်တွေ၊ သရော်ပြုံး၊ လှောင် ပြုံးတွေဟာ ရိုးအီလို့ ဖန်တစ်ရာတေနေပါပြီ။ စာမေးပွဲကျတာ အတန်း မမှန်လို့၊ ကျောင်းခေါ်ချိန် မပြည့်တာ၊ အမေက ငြိုငြင်တာ၊ မောင်တွေက စိမ်းလာတာ၊ သူငယ်ချင်းတွေက အားပေးရတာ၊ အတန်းထဲက လူတွေက ရှောင်ကြတာ၊ ဘာတစ်ခုမှ အဆန်းတကျယ်မဟုတ်တော့ဘူး။
တစ်ခါတစ်ခါတော့လည်း ကျွန်မ ထိုင်တွေးကြည့်တယ်။ ကျွန်မ ဒီ ကျောင်း ဆက်မတက်ဘဲ ရရာအလုပ်တစ်ခုခု ဝင်လုပ်ရင်ပေါ့။ ကျွန်မ ကိုယ်တိုင်က တွန့်ဆုတ်နေသလို အမေ့အတွက်လည်း ထိခိုက်မယ်လို့ တွေး မိပြန်တော့လည်း ထီထိုးချင်စိတ်များတောင် ပေါက်မိပြန်ရဲ့။
တစ်ခုတော့ရှိတယ်... ကျွန်မ ညံတာပေါ့လေ။ သူများတွေအလုပ် လုပ်ရင်း ကျောင်းတက်ကြတာတောင် စာမေးပွဲအောင်ကြသေးတာ...။ တကယ်တော့ အရေးကြီးတာက ကျွန်မ ကျောင်းမြန်မြန်ပြီးဖို့ပဲ။
''တီ... တီ...''
ကားဟွန်းသံကြောင့် ကျွန်မရဲ့အတွေးရေယဉ်ကြောဟာ ရုတ်တရက် တန့်ရပ်သွားတယ်။ မှန်မှန်ကြီးလှမ်းလာတဲ့ ခြေအစုံဟာလည်း ရပ်သွားပြန် တယ်။
''တိုး... နင်မလိုက်ဘူးလား''
တိုယိုတာကိုရိုလာအဖြူပေါ်က ဝေမိုးဖြူက လှမ်းမေးလိုက်တယ်။
''အေးဟာ ဒါကြောင့် နင့်ကို မစောင့်ဘဲ ထွက်လာခဲ့တာပေါ့''
''နင်ဘယ်နေ့ပြန်လာမှလဲ၊ လာလေ... ငါလိုက်ပို့မယ်''
''နေပါစေ မိုးဖြူ၊ ငါလိုင်းကားနဲ့ပဲ ပြန်ချင်လို့၊ အင်း... နှစ်ညအိပ် ပြီး ငါပြန်လာခဲ့မယ်လေ''
''အိုကေ... ငါသွားမယ်၊ နက်ဖြန်မှ တွေ့တာပေါ့၊ ကျောင်းတက် မယ် မဟုတ်လား''
''အေး''
ဝေမိုးဖြူကို လက်ပြပြီး မှတ်တိုင်ဆီ ခပ်သုတ်သုတ်လှမ်းလာခဲ့တယ်။ အိမ်ရောက်ရင် အမေနဲ့ ပြဿနာမဖြစ်ချင်ဘူး။ အို... ဘယ်သူ့ဆို ဘယ် သူနဲ့မှ ပြဿနာမဖြစ်ချင်ဘူးလေ။
စိတ်ကိုတတ်နိုင်သလောက်ထိန်းမယ်လို့ စဉ်းစားတယ်။ စာကိုလည်း အင်တိုက်အားတိုက်ကျက်နိုင်အောင် ကြိုးစားမယ်။ ဒီနှစ်အောင်ရမယ်။ ဆပ်ပလီမထိဘဲနဲ့ကို အောင်ရမယ်။ နောက်နှစ်ဖိုင်နယ်ပတ်ဝမ်း...။ ကျွန်မအတွေးဟာ အနီရောင်သန်းလာတယ်။ စိမ်းစိုလာတယ်။
တကယ်တော့ ကျွန်မတို့သားအမိတစ်တွေဟာ ကျွန်မတို့ရဲ့ဘဝဟာ ကျွန်မအပေါ်မှာ အတိုင်းအတာတစ်ခု အသိမူတည်နေတယ်လေ။ ကျွန်မ ဘွဲ့ရလို့ အလုပ်လုပ်နိုင်ပြီဆို ကျွန်မတို့သားအမိရဲ့ ဝင်ငွေဟာ တော်တော် လေးအဆင်ပြေလာမယ်။ အမေလည်း သူဌေးလေးကိစ္စကို မေ့သွားနိုင်မယ်။
အဲဒီမာနတော့ ကျွန်မမှာရှိနေသေးတယ်။ အဲဒီကိစ္စကိုတော့ ကျွန်မ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိဘူးလေ။ အမေကတော့ သူ့သမီးမျက်နှာ မငယ်ရအောင်လို့ အကြောင်းပြတာပဲ။ ခက်တာက တကယ်ပဲနံရံလေး ဘက်ထဲမှာ မျက်နှာငယ်နေရမယ်ဆိုတာ အမေတကယ်မသိတာလား။ သိ ပေမဲ့ တော်သေးရဲ့လို့ တွေးတာပဲလား။
ပေတစ်ရာလမ်းပေါ်မှာတော့ ကားတွေဟာ အစုန်အဆန် မောင်းနှင် နေကြလေရဲ့။ ကျွန်မစဉ်းစားမိသေးတယ်။ ကျွန်မရော ခုဘာတွေထူးလို့ လဲ။ မနွေးတို့ပေးတဲ့ငွေနဲ့ ဝေမိုးဖြူတို့ကျွေးတဲ့ထမင်း၊ ခွင့်ပြုတဲ့အရိပ်တွေ အောက်မှာ ကျွန်မ စုန်မျောနေတာပဲ။ ဟုတ်တယ်... အမေ့အတွက် ငွေ ရှာမပေးနိုင်တာကို မေ့ထားလို့ရချင်ရမယ်။ ခွင့်လွှတ်လို့ရချင်ရမယ်။ အမေ့ နားမှာ တိုးတိုးဖော်အဖြစ် မနေနိုင်တာကတော့ ကျွန်မမကောင်းဘူး။ အမေ နဲရ ကျွန်မ တစ်ခါတစ်ခါ နားလည်မှု လွဲတာကလည်း ဒါကြောင့်ပဲ ထင် တယ်။
ခုလိုတွေးမိတော့လည်း အမေ့ကို သနားမိတယ်။ ကျွန်မအတွက် အမေ အားလုံးတာဝန်ယူချင်ရှာမှာ... မတတ်နိုင်လို့သာ...။ မနွေးတို့ဆိုတာ က ဘာပဲပြောပြော သွေးဝေးသေးတယ် မဟုတ်လား။ အင်း... ကျွန်မ သာ ကျွန်မအတွက် ငွေရှာနိုင်ရင် အနည်းနဲ့အများပေါ့လေ။ ကျောင်းလခ သက်သက်ပဲ ဖြစ်မှာပေါ့။ အဲဒီအတွေးကတော့ ကျွန်မဦးနှောက်ထဲ ရောက် ချည်ထွက်ချည်ပါပဲ။
ခက်တာက ငွေကိုသမ္မာအာဇီဝနဲ့ရှာမယ်။ ကျွန်မကျောင်းစာတွေကို လည်း အနှောင့်အယှက်မဖြစ်စေရဘူး။ အဲလိုနည်းနဲ့ငွေရဖို့ဆိုတာက မလွယ် ဘူးလေ...။
ခုပဲကြည့်၊ နောက်လထဲမှာ စာမေးပွဲကြီး စစ်မယ်။ စာတွေအားလုံး မျက်ဘဲ ရွေးကျက်ရင်တောင် ကျက်ရမယ့်စာအုပ်ပုံက ကျွန်မတစ်ရပ်နီးပါး ရှိရော့မယ်။ ကဲ... ကျွန်မ ဘယ်လိုလုပ် ငွေရှာရမလဲ။ ဘွဲ့ရပြီးရင်တော့ ငွေရှာလို့လွယ်မယ်။ အရေးကြီးတာက ဘွဲ့မြန်မြန်ရဖို့။ ခုလာမယ့် စာမေး ပွဲအောင်အောင်မြင်မြင်ဖြေဖြစ်ဖို့။
စာမေးပွဲဖြေပြီးရင် ထုံးစံအတိုင်း လက်ချုပ်ချုပ်ကူမယ်။ နောက် စိတ် ကူးသစ်အရတော့ ကျူရှင်ပေးမယ်။ ဝေမိုးဖြူမောင်လေးကို မှာထားရမယ်။ ခြေနိုင်လက်နိုင် လေးတန်းကနေ ခုနစ်တန်းထိပေါ့။ စိတ်လေတာတွေလည်း လျော့သွားမယ် ထင်တယ်လေ။ ဒီလိုပါပဲ။ ကျွန်မတစ်ခါတစ်ခါ စိတ်ကူး ပေါ်တတ်တယ်။ နောက်တော့လည်း ဒီလိုပါပဲ။ အရာမထင်ဖြစ်ဘူး။ ဒီ တစ်ခါတော့ အရာထင်မှကို ဖြစ်မယ်လို့ ထင်တယ်။
ခုတလော 'အိမ်' ဆိုတာကို တမ်းတနေတတ်တယ်လေ။ စိတ်က လေ တော့ 'အိမ်' ဆိုတဲ့အကြောင်းလည်း တွေးမိပြန်တယ်။ စာမေးပွဲတွေ အတွက် တော့ ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ထားရဦးမယ်လို့ ကျွန်မထင်တယ်။
ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့ကျွန်မ 'အမေ့အိမ်' ပြန်မယ်။ နောက်နှစ်ရက် မှာ 'ဝေမိုးဖြူအိမ်' သွားမယ်။ ရေးဖြေပြီးတဲ့နေ့ 'အမေ့အိမ်' ပြန်မယ်။ အခု အမေ့အိမ်ဟာ ကြီးတော်စိန့်အိမ်မဟုတ်တော့တဲ့ 'အမေ့အိမ်' ဆိုတာဟာ 'အမေနဲ့ကျွန်မတို့မောင်နှမတွေရဲ့အိမ်' သာလျှင် ဖြစ်မယ့် တစ်နေ့နေ့ မ ရောက်ခင်မှာတော့ ကျွန်မဟာ ခြေသလုံးအိမ်တိုင်ဖြစ်နေရဦးမှာပါပဲ။
ရှေ့က ဆေးခန်းနဲ့တွဲလျက်ဆေးဆိုင်လေးမှာ အမေ့အတွက် ဆေးဝင် ဝယ်လိုက်တယ်။ မှတ်တိုင်ဘက်လျှောက်လာပြီး ဘတ်စ်ကားလာရာလမ်း ဆီ မျှော်ငေးကြည့်လိုက်တယ်။
ခုချိန်မှာတော့ ကျွန်မဟာ ကျွန်မရဲ့ ခြေအစုံပေါ်မှာရပ်လို့...။ ကျွန်မ ရဲ့ခန္ဓာကိုယ်ဟာ ကျွန်မရဲ့ခြေအစုံကို တိုင်ပြုအားယူလို့ပေါ့။
မသီတာ(စမ်းချောင်း)
စံပယ်ဖြူမဂ္ဂဇင်း၊ဇန်နဝါရီလ၊ ၁၉၈၈ခုနှစ်။

1 comment:

  1. တိုးတိုးမင်းကို အားပေးသွားပါတယ် ဆရာမ။

    ReplyDelete