Saturday 26 November 2011

ကလစ်တစ်ချက် အသက်တစ်ချောင်း


“ဟိုကောင်လေးပေါ့၊ မျက်ခုံးကို ခဲတံနဲ့ ထိုးလိုက်တာ မျက်ခုံး  စုတ်သွားပြီ”

“ကျောင်းဘောလုံး ကွင်းထဲမှာ ပိန်တာလေးကို ဗလကြီးတွေက ၀ိုင်းထိုးလို့ အညိုအမည်းတွေ စွဲပြီး နှုတ်ခမ်း ကွဲသွားပြီ”

“ကောင်မလေး နှစ်ယောက် ရန်ဖြစ်တာ ငါးစိမ်းသည်တွေ ကျနေတာပဲ၊ ဆံပင်ဆွဲ ပါးရိုက်နဲ့”

ကလေးချင်း ခိုက်ရန်ဖြစ်မှုတွေ၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေဟာ ကျောင်းပရိ ၀ုဏ်ထဲမှာ ဖြစ်လေ့ ရှိခဲ့ပါတယ်။ အခု အချိန်ထိလည်း ဖြစ်နေဆဲလို့ ဆိုရမှာပါ။ ဒီလို ခိုက်ရန်ဖြစ်မှု၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာ ရလေ့ ရှိကြပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်ကလေး တွေကို ကျောင်းသာ လွှတ်ရတာ စိတ်မချ နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့် အမေရိက အပါအ၀င် အနောက်နိုင်ငံ အချို့မှာ စိတ်ရူး ပေါက်နေတဲ့ ကလေး တစ်ယောက်ယောက်က အဖေ့သေနတ် ယူလာပြီး ပစ်လိုက်တာကြောင့် အပြစ်မဲ့ ကလေးတွေ သေခဲ့ကြရဖူးတာမျိုး ကြားဖူးကြမှာပေါ့။

ဒီလိုနဲ့ တချို့မိဘတွေက သူတို့ သားသမီးတွေကို ကျောင်းမလွှတ်ကြတော့ဘဲ အိမ်မှာပဲ ဆရာခေါ်ပြီး စာသင်တာမျိုးကို အနောက် နိုင်ငံတချို့မှာ လုပ်လာကြပါတယ်။ ၂၀ ရာစု နှောင်းပိုင်းမှာ အင်တာနက် နည်းပညာ ပေါ်ပေါက်လာပြီမို့ ဘာသာရပ် ဆိုင်ရာ ပညာရပ်တွေကို ကိုယ့်အိပ်ခန်းလေးထဲက ကွန်ပျူတာက တစ်ဆင့် လေ့လာ သင်ယူနိုင်ကြပြန်တော့ မိဘတွေဟာ ကိုယ့်ကလေးကို ကိုယ့်အိမ်ထဲမှာပဲ ထားပြီး လုံခြုံရေး အတွက် စိတ်ချရပြီလို့ တွေးလာကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း နည်းပညာ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ နည်းပညာ ထွန်းကားလွန်းတဲ့ နိုင်ငံကြီးတွေမှာ ကလေးချင်း အနိုင်ကျင့် ဗိုလ်ကျမှုဆိုတာ ကိုယ်ထိ လက်ရောက် သိပ်မဖြစ်ကြတော့ပါဘူး။ ကလစ်တစ်ချက် ခေါက်ရုံနဲ့ လူတစ်ယောက်ကို သေစေနိုင်လောက်တဲ့ စိတ်ဒဏ်ရာမျိုး ပေးနိုင်တဲ့ ခေတ်မို့ ကိုယ့် အိပ်ခန်းထဲက ခုတင်ပေါ်မှာ အင်တာနက် လုပ်နေရင်းကို သေနိုင်လောက်တဲ့ မလုံခြုံမှုက ရှိလာနေပါပြီ။

ကလစ်တစ်ချက် ခေါက်ရုံနဲ့ လူတစ်ယောက် သေသွားလောက်တဲ့ စိတ်ဒဏ်ရာကို ရစေတဲ့ အကြောင်းရင်းဟာ Cyberbullying လို့ ခေါ်တဲ့ ဆိုင်ဘာ အနိုင်ကျင့် ဗိုလ်ကျမှုကြောင့်ပါပဲ။ ဒီအနိုင်ကျင့် ဗိုလ်ကျမှုဟာ လက်သီးမထိုး၊ ဆံပင်မဆွဲ၊ ပါးမရိုက်ဘဲ လူတစ်ယောက်ကို ထိခိုက် နာကျင်စေ၊ အညိုအမည်း စွဲစေ၊ သေဆုံးစေပါတယ်။ ဒီအပြုအမူကို အများဆုံး ပြုမူကြတာဟာ အသက် ၇ နှစ်ကနေ ၁၇ နှစ် ကြားအရွယ် ကလေးငယ်တွေပါ။ ဒီ့ထက်ကြီးတဲ့ လူငယ်တွေနဲ့ လူကြီးတွေမှာလည်း အင်တာနက် စာမျက်နှာတွေက တစ်ဆင့် အနိုင်ကျင့်ဗိုလ်ကျတာ၊ သိက္ခာချတာတွေ ရှိပေမယ့် လူကြီးတွေမှာ ဖြစ်တဲ့အပြု အမူကိုတော့ Cyberstalking, Cyber harassment လို့ ခေါ်ကြပါတယ်။  ဒီအနိုင်ကျင့် ဗိုလ်ကျမှုမှာ လက်ရုံး အားကိုးပြီး အနိုင်ကျင့် ဗိုလ်ကျမှုနဲ့ မတူတာ ကတော့ လက်ရုံးအားကိုး ဗိုလ်ကျမှုမှာ အနိုင်ကျင့်သူဟာ အနိုင်ကျင့် ခံရသူကို လူလုံးပြပြီး (တစ်နည်းအားဖြင့်) ကိုယ်ဘယ်သူ၊ ဘယ်ဝါဆိုတာ ဖော်ပြပြီးမှ အနိုင်ကျင့်တာမျိုး ဖြစ်တယ်၊ ဆိုင်ဘာ အနိုင်ကျင့် ဗိုလ်ကျမှုမှာတော့ အနိုင်ကျင့် သူနဲ့ အနိုင်ကျင့် ခံရသူတွေဟာ တစ်ယောက်ကို တစ်ယောက် မြင်တောင် မမြင်ဖူးဘူး ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တစ်နည်းပြောရရင် လက်သည် မသဲကွဲဘဲလူသတ်တာမျိုးပေါ့။  လူသတ်လက်နက်ကတော့ စကားလုံးတွေပဲ ဖြစ် ပါတယ်။ လူတစ်ယောက်ရဲ့ သိက္ခာနဲ့စရိုက်ကို အထိခိုက်အစော်ကားဆုံးနဲ့ မဖွယ်မရာ အဖြစ်ဆုံး စကားလုံးတွေအားလုံးကို ရေးသားပြီး ကိုယ့် သားကောင်ဆီနဲ့ သူ့ပတ်ဝန်းကျင်ကလူတွေဆီကို ကလစ် တစ်ချက်ခေါက်လို့ အရောက်ပို့ပေး လိုက်နိုင်ရင် ဆိုင်ဘာလူသတ်မှုအတွက် အတော်ကြီး ပြီးပြည့်စုံနေပြီ ဆိုရမှာပါ။ ဒီလုပ်ရပ်တွေဟာ တယ်လီဖုန်း မက်ဆေ့ခ်ျပို့တဲ့နည်း၊ အီးမေးလ် သုံးတဲ့နည်း၊ သူတစ်ပါး အီးမေးလ်ကို မသမာတဲ့ နည်းနဲ့ ဖွင့်ဖောက်ဖတ်၊ အမျိုးမျိုး မဖွယ်မရာတွေ ပြုပြင် စီရင်ပြီး အဲဒီလူအစား တခြားသူတွေဆီ မက်ဆေ့ခ်ျတွေ ဖြန့်ဝေ၊ ဆိုရှယ်နက်ခ်ဝက်ခ်လို့ ခေါ်ကြတဲ့ ဖေ့ဘုတ်နဲ့ တွစ်တာတွေမှာ တခြားသူ တစ်ယောက်အကြောင်း မဟုတ်တမ်း တရားတွေ ပြောဆို မှတ်ချက်ပေး၊ ကိုယ့်ရဲ့ လျှို့ဝှက်အီးမေးလ် အကောင့်နဲ့ တခြား သူတွေကို လိုက်မိတ်ဖွဲ့ပြီး နောက်မှာ အဲဒီထဲက တစ်ယောက်ယောက် နာသာ ခံခက်အောင် ပက်ပက်စက်စက် ပြောစကားတွေကို လှမ်းပို့ ဆိုတာမျိုးတွေပါ။

တချို့ ဖြစ်ရပ်တွေမှာတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါ ဆိုတာ မဖော်ဘဲ လိင်နဲ့ အသက်၊ အလုပ်အကိုင်နဲ့ နေရပ်တွေ ပြောင်းထားပြီး မိတ်ဖွဲ့၊ ချစ်သူတွေ ဖြစ်လာတဲ့အထိ တစ်ဖက်လူကို ဆွဲဆောင်၊ ပြီးတော့မှ လူချင်း တွေ့ရအောင် ချိန်းပြီး လူချင်း တွေ့ကြတဲ့အခါ လိင်ဆိုင်ရာ မတော် မတရားမှုတွေ ပြုကျင့်၊ ငြင်းဆန်တဲ့အခါ လူသတ်မှု ကျူးလွန်တဲ့အထိ ဖြစ်ကြတာတွေ ရှိ ပါတယ်။ အဲဒီ ဖြစ်ရပ်မျိုးကိုတော့ Cyberbullying လို့မခ်ါနိုင်ပါဘူး။ Cyberbullying ဆိုတာ လူငယ် အချင်းချင်း ဆိုင်ဘာနယ် မြေထဲကနေ သိက္ခာနဲ့ မာနကို အရှက်ခွဲ နှိမ်ချအောင် လုပ်ဆောင်တာ သက်သက်ကို ခေါ်ပါတယ်။ လက်ကိုင်ဖုန်း၊ အီး မေးလ်၊ ယူကျုဘ်စတဲ့ ဆိုင်ဘာ နယ်မြေတွေကို အသုံး များကြတာကလည်း လူငယ်တွေပါပဲ။ 

လူငယ်တွေကြားမှာ ပြိုင်ဆိုင်ကြတာ၊ အနိုင် ယူကြတာနဲ့ ပြိုင်ဘက်ကို နည်းပေါင်းစုံနဲ့ အလဲထိုး ချင်ကြတာ သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလို့ ဖြစ်စေ၊ မသိကျွမ်းဘဲဖြစ်စေ တခြား တစ်ယောက်ကို ဆဲဆို ရှုတ်ချပြစ်တင် ကြိမ်းမောင်းခွင့်ဟာ ဆိုင်ဘာနယ် မြေမှာ အလွတ်လပ်ဆုံး ရနိုင်တဲ့ အခွင့်အရေး တစ်ခုပါ။ လူငယ် သဘာဝ အချစ်ရေးကြောင့် ဖြစ်ဖြစ်၊ အချင်းချင်း အစွမ်းပြချင်၊ ကျောချင်လို့ဖြစ်ဖြစ် ကတောက် ကဆတ်ဖြစ်ကြ၊ ရန်ဖြစ်ကြ၊ စောင်းမြောင်းကြ လုပ်ကြတာဟာ အပြင်လောကမှာ ဆိုရင် သိပ် မကျယ်ပြန့်သလို ချက်ချင်း ဆိုသလို စကား စကားချင်း၊ လက်လက်ချင်း၊ တုတ်တုတ်ချင်း တုံ့ပြန် နိုင်ကြတာမို့ ဒေါသပဲဖြစ်ဖြစ်၊ သောကပဲ ဖြစ်ဖြစ် ပြေပျောက်ဖို့ ဖြစ်နိုင်ပါတယ်။ အငြိုး အတေးရယ်လို့ ကျန်နိုင်ပေမယ့် ကျန်သူငယ်ချင်း အများစုက ဒီကိစ္စကို သိချင်မှ သိနိုင်မှာ ဆိုပြီး အစွဲ အလမ်းတော့ ဖြစ်ကျန်ခဲ လှပါတယ်။  ဒီအငြိုး အတေးဆိုတာကလည်း နောက်ထပ် သူငယ်ချင်းတွေကြား လက်စား ပြန်ချေနိုင်အောင် ကြိုးစား ရတာ လွယ်ကူလှတာမျိုး မဟုတ်တော့ အစိုင်အခဲ ဖြစ်လိုက်ရတယ် မရှိတော့ပါဘူး။

ဒါပေမဲ့ ဆိုင်ဘာ နယ်မြေမှာတော့ စကားလုံးလေး တစ်လုံးနဲ့ တစ်ကမ္ဘာလုံးက သူငယ်ချင်းတွေ ကြားမှာ အရှက်နဲ့ သိက္ခာ ကျသွားအောင်လည်း စက္ကန့်ပိုင်း အတွင်း ကြံနိုင်ကျင့်နိုင် အနိုင် ယူနိုင်တာပါ။ နောက်ပြဿနာ တစ်ခုကတော့  ဒီလိုလုပ် ရပ်တွေကို လုပ်သူဟာ ဘယ်သူ ဘယ်ဝါရယ်လို့ အများက မသိရအောင်လည်း ကောင်းကောင်းကြီး လုပ်နိုင်တာမို့ ကိုယ်က စကားလုံးချင်း တုံ့ပြန် ချင်တာတောင် အရာ မရောက်နိုင်ဘဲ ကိုယ့်မှာသာ လိပ်ခဲတည်းလည်း ဖြစ်ပြီး သောကနဲ့ ဒေါသ ဝေရ တတ်ပါတယ်။

အဲဒီကနေ အစွဲအလမ်း ကြီးလာရင် မခံနိုင်တဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ကြတာတွေ ဖြစ်လာကြတော့တာပါ။ အများအားဖြင့် အမေရိကနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဆယ်ကျော် သက်ဝန်းကျင် လူငယ်တွေကြား  ဒီပြဿနာက ကြီးထွား လာနေပါတယ်။ ဆိုင်ဘာ အနိုင်ကျင့် ဗိုလ်ကျ ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုတွေ တိုးပွား လာနေသလို ဒီလို အမှုမျိုး ကျူးလွန်ခဲ့ကြောင်း ရှာဖွေဖော်ထုတ် နိုင်တဲ့အတွက် အရေးယူ ခံရတဲ့ ဆယ်ကျော်သက် လေးတွေလည်း တိုးပွား လာနေပါတယ်။

ဆိုင်ဘာ အနိုင်ကျင့် ခံခဲ့ရဖူးသူတွေက နောင်မှာ ဆိုင်ဘာ အနိုင် ကျင့်သူများ ဖြစ်လာကြတာတွေလည်း ရှိနေ ပါတယ်။ ယူကျုဘ်မှာ တင်ထားတဲ့ သူ့ရဲ့ အမှတ်မထင် အပြုအမူ တစ်ခု အကြောင်း လက်ကိုင်ဖုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယို ကလစ်ကြောင့် စိတ်အညစ် ကြီးညစ်၊ အရှက်ကြီး ရှက်ကာ တံတား တစ်ခုပေါ်က ခုန်ချ သတ်သေသွားတဲ့ ဆယ်ကျော်သက် ကလေးက သူ ဒီလို မလုပ်ခင် သူ့ဖေ့ဘွတ်မှာ နှုတ်ဆက် စကားတိုလေး ရေးသွားခဲ့ပါသေး တယ်။ ကလစ်တစ်ချက် ခေါက်ပြီး သူတစ်ပါးကို အရှက်သိက္ခာ ကျအောင် လုပ်နိုင်ကြသလို ကလစ် တစ်ချက် ခေါက်ပြီးလည်း ဘ၀ရဲ့ နောက်ဆုံး ကာလအတွက် နှုတ်ဆက်  သွားတတ်ကြတာဟာ ဆယ်ကျော်သက် လူငယ်တွေ ဖြစ်လာ နေပါတယ်။

ဒီနေရာမှာ လူငယ်တွေ အထူးသဖြင့် ကစား ကွင်းနဲ့ လမ်းတွေပေါ်မှာ ပြေးလွှား လှုပ်ရှားဆော့ ကစားနေရမယ့် အရွယ်လို့ ယူဆကြတဲ့ ဖူးငုံလေး တွေက ဘာလို့များ ကလစ်ခေါက်ပြီး ဘ၀ကို အလောင်းအစား တစ်ခုလို သဘောထား လာကြ ပါလိမ့်။ ကိုယ့်စကားလုံး တစ်လုံး၊ ကလစ် တစ်ချက်ကြောင့် သူများဘ၀ နစ်နာ ဆုံးရှုံး သွားတာကို ဘာလို့များ ပျော်မွေ့ လာကြတာပါလိမ့်။ သူတစ် ပါးရဲ့ မတရား စော်ကား ထိပါးတဲ့ စကားလုံးလေး တစ်လုံး၊ ၀ါကျလေး တစ်ဝါကျလောက်ကို ခံစားပြီး ဘာလို့များ အသက် စွန့်ချင်လောက်အောင် စိတ်အားငယ်ကြပါလိမ့်။ ဒီလိုအမေးနဲ့ အတွေး တွေလည်း ဖြစ်လာရပါတယ်။ အမေရိကက မိဘတွေနဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံက လူကြီး တချို့ကတော့ နည်း ပညာတိုးတက် လာမှုကို အပြစ် တင်ကြပါတယ်။ ဒီလို နည်းပညာ တိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုးလို့ မြင်တဲ့ အမြင်ကို စိတ်ပညာရှင် အချို့က လက် မခံပါဘူး။ နည်းပညာရဲ့ အားနည်းချက် ဆိုပေမယ့် အသက် ရှစ်နှစ်၊ ကိုးနှစ်လောက်နဲ့ လက်ကိုင် ဖုန်းကို ၂၄ နာရီသုံးနေကြတာ၊ တခြား အားကစားနည်းတွေကို သိပ်မကစား ကြတော့ဘဲ အင်တာနက် ဂိမ်းကစား နေကြတာတွေကို ထောက်ပြကြ ပါတယ်။ ဒီအရာတွေဟာ ကလေးတွေ အတွက် လိုအပ်တဲ့ နည်းပညာများ မဟုတ်ဘဲ နည်းပညာကို အလွန်အကျွံ သုံးစွဲကြတာလို့ အဖြေထုတ်လို့ ရနေတယ်လေ။ ပညာရှင် တစ်ယောက်က ဒီလို ဆိုင်ဘာ အနိုင်ကျင့်မှုတွေရဲ့ တရားခံဟာ နည်းပညာ မဟုတ်ဘဲ အမူအကျင့် ဆိုးတွေကြောင့်လို့ ဆိုပါတယ်။

ဒီအဆိုကို သဘော တူပေမယ့် မုန့်လုံး စက္ကူကပ်ဖြစ်စေမယ့် ငြင်းချက်တစ်ခုကို တွေးမိသွား ပါတယ်။ အဲဒါကတော့ စက်မှုခေတ်ပြောင်း တော်လှန်ရေး ကာလမှာ လူတွေဟာ ကာယနဲ့ဉာဏ အားကိုးပြီး စက်ကိရိယာတွေကို တီထွင် သုံးစွဲရတာမို့ အလွန် အလုပ် လုပ်ကြရ ပါတယ်။ ရူပဗေဒ သဘောအရ အလုပ်ဆိုတာ ခွန်အားသုံးပြီး အရွေ့ရှိမှ အလုပ်လို့ သတ်မှတ်နိုင်တာလို့ ဆိုသကိုး။ ဒီတော့ အဲဒီခေတ်မှာ လူတွေက ခွန်အား သိပ်မသုံးရဘဲ ရွေ့မယ့် တစ်နည်းအားဖြင့် အလုပ်ဖြစ်မယ့် ကိရိယာ သစ်တွေကို တီထွင်သုံးစွဲ လာကြပါတယ်။ ဒါပေမဲ့ လူတွေက ကာယရော၊ ဉာဏအားကိုပါ သုံးစွဲ ရပါသေးတယ်။

အဲဒီကနေ နည်းပညာ တော်လှန်ရေး ကြီးဖြစ်လာတော့ လူတွေက ဉာဏအားကို ပိုသုံးလာကြပြီး ကာယအားကို ချွေတာ လာကြပါတယ်။ ဒါပေမဲ့ အလုပ်ကတော့ ပိုဖြစ်လာတယ်လို့တောင် ပြောနိုင်ပါတယ်။ ကမ္ဘာကြီး သေးသလို ဖြစ်သွားရတာ နည်းပညာကြောင့်ပါ။ ကာယအားနဲ့ဆောက်ထားတဲ့ လမ်းတံတားတွေကြောင့် မဟုတ်ဘဲ ကွန်ပျူတာ ကွန်ရက်တွေ၊ အင်တာနက် စနစ် ချိတ်ဆက်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အသိပညာများကြောင့် ဖြစ်ပါတယ်။ အဲဒီ အချိန်ကို ရောက်တော့ သိပ်ကို ဖွံ့ဖြိုးပါတယ် ဆိုတဲ့ နေရာတွေမှာ ကာယအားကို ပက်ပက်စက်စက် ချွေတာလာ ကြတာပါ။ ဒီတော့ ဘာကိစ္စပဲဖြစ်ဖြစ် ထိုင်ရာမထ၊ အရွေ့ရယ်လို့ ဘာအရွေ့မှ မရှိဘဲ အလုပ် လုပ်လိုလာကြပါတယ်။ အဲဒီလို လုပ်နိုင်အောင်လည်း ဥာဏ အားကိုးနဲ့ အစွမ်းကုန် ကြိုးစားကြတာမှာ တကယ်ပဲ ထိုင်ရာက ထစရာ မလိုဘဲ စိတ်ထဲက ရေသောက်ချင်တယ်လို့ တမ်းတ လိုက်ရင်တောင် အိမ်နံရံနဲ့ ခေါင်မိုးမှာ တပ်ဆင်ထားတဲ့ စစ်ဆေးရေး ကွန်ပျူတာ ချစ်ပ်များက အတပ် သိပြီးတော့ နောက်ဖေး မီးဖိုချောင်ထဲက စက်ရုံဆီ လှမ်းအကြောင်းကြားပြီး ရေတစ်ခွက်ကို အလိုက်တသိ ယူလာကာ ပါးစပ်နားမရောက်ရုံတစ်မည် လာပေးတော့ မယ့်ခေတ်ကြီးဆီ ချီတက် နေပါပြီ။

ဒီတော့ ဒီခေတ်ရဲ့ ကလေး သူငယ်များ အနေနဲ့ မြေမနင်းသား၊ ဖုန်မရှူ သူကလေးများ ဖြစ်လာကြတာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဖန်သားပြင်ပေါ်က ပုံရိပ်တွေရဲ့ဆွဲဆောင်မှုက အားကောင်းလွန်းတော့ ကလေးတို့ဘာ သာဘာဝ ကာယအားနဲ့ ဆော့ကစားကြရမယ့် အလုပ်ကို ကလစ်ခေါက်ပြီး လုပ်ကြည့်ဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမဲ့ သူတို့ ကစားခွင့်ရတဲ့ ဂိမ်းတွေ ဆိုတာ တူတူပုန်းတမ်း၊ စိန်ပြေးတမ်း၊ ထုပ်ဆီးတိုးတမ်း၊ ဂျင်ပေါက်တမ်း၊ သဲအိမ်ဆောက်တမ်းတွေ မဟုတ်တော့ပါဘူး။ အပေါ်အောက်နဲ့ ဘယ်ညာ မြားတွေရယ်၊ မော့စ်ရယ်ကို သုံးပြီး တစ်ဖက် ရန်သူကို အရင် ဦးအောင်သတ်၊ မသတ်ရင် ကိုယ် အသတ် ခံရမှာမို့ တရစပ် သတ်လိုက်မှ ဂိမ်းအိုဗာတဲ့ အခါ အမှတ်များများ ရနိုင်မယ့် ဂိမ်းမျိုး၊ အန္တရာယ်တွေ၊ ထောင်ချောက်တွေ အမျိုးမျိုးကို ဥာဏအား၊ ကလစ်ခေါက်၊ မြားရွေ့လျင်မြန်မှု အားတွေသုံးပြီး ကစားရတဲ့ ဂိမ်းမျိုး ဖြစ်နေပါတယ်။

ဒီတော့ ငယ်စဉ်တောင်ကျေး ကလေး ဘ၀လို့ ပြောရိုးပြောစဉ် ပြောရပေမယ့် လူသတ်နည်း၊ ပြိုင်ဘက်ကို အနိုင်ယူနည်းတွေ ကြွယ် ကြွယ်၀၀ကြီး တတ်မြောက်ထားတဲ့ ကလေးမျိုးတွေ ဖြစ်နေပါတယ်။ ဒီကလေးတွေဟာ သူကလွဲရင် နောက်ထပ် လူသားတစ်ဦးကို ဆက်ဆံပြော ဆိုဖို့ အခွင့်အရေး သိပ်မရှိလှပါဘူး။ တူတူပုန်းတမ်း ကစားဖို့ ဘယ်သူ အရင်ရှာ လှည့်ဆိုတာ သိရအောင် ကျား၊ ဗိုလ်၊ သေနတ်ဆွဲပြီး ညှိနှိုင်း အဖြေ ရှာရတဲ့ လူလူချင်း ဆက်ဆံရေး နည်းပညာကို အသုံးချခွင့်လည်း သူ့မှာ မရှိလှပါဘူး။ အဲဒီလို ကလေးမျိုးက အရွယ် ရောက်လာတော့ သူငယ်ချင်း အပေါင်းအသင်း ရယ်လို့ မည်မည်ရရ မရှိဘဲ အထီးကျန် နေမှုကို ဖြေဖျောက်ဖို့ အတွက် ကြိုးစားရ ပါတယ်။

နည်းပညာရဲ့ သားငယ်၊ သမီးငယ်လေးများက မရှိတဲ့ အပေါင်းအသင်းကို ပြင်ပ ကမ္ဘာမှာ ဘယ်လို ရှာရမယ်ဆိုတာ ဘ၀ အတွေ့အကြုံ မရှိခဲ့တဲ့ အတွက် သူကျွမ်းကျင်တဲ့ ဆိုင်ဘာ နယ်မြေထဲမှာပဲ အပေါင်းအသင်း ရှာပါတယ်။ ဖေ့ဘွတ်၊ တွစ်တာ အပါအ၀င် ချက်ရွမ်း၊ ဂျီတော့ခ် အစုံမှာ အဖွဲ့ဝင် ဖြစ်ပြီး ဖြူသည်မည်းသည် မသဲကွဲ၊ ကျား၊ မ မကွဲပြား တဲ့ နာမည် စာလုံးပေါင်းများ ပိုင်ဆိုင်သူ ဆိုင်ဘာ လူသားများစွာကို သူ့ရဲ့အပေါင်းအသင်းများ အဖြစ် လက်ခံဖို့၊ ဖိတ်ခေါ်ဖို့ ကြိုးစားကြတော့ တာပါပဲ။ ဒီလိုနဲ့ မိတ်ဆွေ အရေအတွက် တိုးပွား ရင်ပြီးရော ကိုယ့်လူလား၊ သူ့ဘက်သားလား၊ ဂြိုဟ်သားလား၊ လူ့ငနွားလား ဘာမှသိပ်မစဉ်း စားဘဲ သူငယ်ချင်း ဖွဲ့လိုက်တာ ကမ္ဘာ အနှံ့မှာ မိတ် ဆွေပေါင်း ထောင်ချီလာပါရော။

အဲဒီထောင် ဂဏန်းရှိတဲ့ ဆိုင်ဘာမိတ်ဆွေတွေထဲမှာ စုန်းပြူး တစ်ယောက်တလေ ပါလာပြီး ကိုယ့်ကို ရည်ရွယ် သည်ဖြစ်ဖြစ်၊ မရည်ရွယ်ဘဲဖြစ်ဖြစ် တိုက်ခိုက် အနိုင် ကျင့်လာတဲ့ အခါမှာတော့ ကိုယ့်ရဲ့ ဆိုင်ဘာ ကမ္ဘာထဲမှာ မျက်နှာပျက်၊ ဂုဏ်ငယ် ရချေရဲ့လို့ တွေးပြီး အသက်ကိုပါ စွန့်မိ သွားကြတာများ လား။ ဒါမှမဟုတ် ပြိုင်ဘက်ကို အရင်ဦးအောင် သတ်ရမယ် ဆိုတဲ့ ငယ်သိကို လက်တွေ့ ကျင့်သုံးဖို့ ကြိုးစားလာကြတာများလား။ အတွေးတွေ ပွားမိပါတယ်။

အမေရိက ပညာရှင် အချို့ကတော့ ဆိုင်ဘာ အနိုင်ကျင့်မှုတွေဟာ နည်းပညာကို တတ်ကျွမ်း သူတွေက လုပ်ကြသလို မတတ်တတတ်တွေကလည်း တစ်ခါတလေမှာ အနိုင်ကျင့်ဖို့ မရည်ရွယ် ဘဲ မတတ်တတတ်လုပ်ရာက အနိုင် ကျင့်သလို ဖြစ်သွားတတ်တာမျိုးလို့ ဆိုပါတယ်။ ဒီလိုအနိုင် ကျင့်ခံရမှုကို ကာကွယ်ဖို့ နည်းလမ်း ဆိုတာလည်း အတော့်ကို နည်းပါးတယ်လို့ ဆိုပါတယ်။ ကိုယ့် ဆိုင်ဘာ အကောင့်တွေကို ကိုယ်လုံခြုံအောင် စောင့်ရှောက်ကြဖို့ပဲ တတ်နိုင်တာပါ။ ဒါပေမဲ့ ဒီလို အနိုင်ကျင့် ခံရလို့ သေကြောင်း ကြံကြတယ် ဆိုတဲ့ အမှုကိုတော့ ကောင်းကောင်းကြီး ကာကွယ် နိုင်ပါသတဲ့။

ကာကွယ်နည်းကတော့ အဲဒီလို အနိုင်ကျင့်တဲ့ စကားလုံးတွေ၊ စာတွေ၊ လုပ်ရပ်တွေ အားလုံးကို လျစ်လျူ ရှုလိုက်ဖို့ပါပဲတဲ့။ တုံ့ပြန်မှု မရှိတဲ့သူကို ဘယ်လို လူမျိုးကမှလည်း ရေရှည်မှာ အနိုင် မယူ နိုင်ပါဘူး။ အနိုင်လည်း ကျင့်နိုင်မှာ မဟုတ်တော့ ပါဘူး။ ဒါဟာလည်း တကယ်မှန်တဲ့ စကားပါပဲ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် ဆိုသလို တစ်ဖက်က အသံတွေ မတရားထွက်ပြီး ကိုယ့်ကို ခွပ်နေ၊ ရန်ရှာ နေချိန်မှာ ကိုယ့်ဘက်က လက်တုံ့ပြန်ဖို့ မဆိုထားနဲ့ ဘာဆိုဘာမှ မဖြစ်သလို မသိကျိုးကျွန် နေလိုက်တဲ့ အခါမှာ အနိုင်ကျင့် သူဟာ တစ်ဖက်သတ် ရန်ရှာ နေသူရယ်လို့ ပတ်ဝန်းကျင်က လွယ်လွယ်ပဲ သဘော ပေါက်သွားမှာပါ။

အဲဒီတော့ စိတ်ဆိုး ဒေါသဖြစ်၊ ၀မ်းနည်း အားငယ်သွား ဆိုတာမျိုးတွေ ဖြစ်စေချင်လို့ အနိုင်ကျင့်လိုက်တာ မှာဘာမှ တုံ့ပြန်မှု မရှိတာ သေချာသွားရင် ဘယ်သူ ကမှ ဒီလုပ်ရပ်ကို ဆက်မလုပ်ချင်တတ်ကြတော့ ပါဘူး။ ကိုယ်နဲ့စိတ် ထိခိုက် နာကျင်မှုရှိမှ အနိုင် ကျင့်ခံရတယ်လို့ ဆိုနိုင်မှာမို့ ကိုယ်က ဘာမှမဖြစ် ဘူးဆိုရင် ကိုယ့်ကို အနိုင် ကျင့်သူကလည်း အနိုင် မရနိုင်တော့ပါဘူး။ ဒီတော့ ကလစ်တစ်ချက် အသက်တစ်ချောင်း ပေးဆပ်စရာလည်း မလိုတော့ဘူးပေါ့။ နောက်ဆုံး အနေနဲ့ ဓမ္မပဒထဲက အဆို တစ်ခုကို မျှပေးချင်ပါတယ်။ သူတစ်ပါးအပေါ် ဆိုင်ဘာ နယ်မြေမှာ အနိုင်ကျင့် ဗိုလ်ကျချင် နေသူတွေ အတွက်ရော၊ အနိုင်ကျင့် ဗိုလ်ကျခံ နေရသူတွေ အတွက်ပါ ရည်ရွယ်တာပါ။ ခံစား နားလည်ကြကာ လူသား အချင်းချင်း ဘယ်လိုနည်းများနဲ့ မဆို အနိုင်ကျင့် ဗိုလ်ကျခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

“အကြင်သူသည် ရန်တုံ့ မမူလိုသော၊ သန့်စင်သော၊ အပြစ်မဲ့သောသူ တစ်ဦးအား မိုက်ရိုင်း စော်ကား ပြုကျင့်၏။ သို့ပြုခြင်း အတွက် ပေါ့ပါးသော ဖုန်မှုန့်များကို လေဆန်တွင် ပစ်လိုက်သည့်ပမာ မကောင်းမှုသည် ပစ်သူလူမိုက် အပေါ်သာလျှင် ပြန်ကျမြဲတည်း” (ဓမ္မပဒ)  

မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁) 

2 comments:

  1. နည်းပညာကွန်ယက်ထဲမှာ ငြိနေကြတဲ့ လူငယ်တွေအတွက် လမ်းပြနိုင်တဲ့အတွက်... သိတ်ကောင်းတဲ့ ဆောင်းပါးလေးပါဆရာမ။

    ReplyDelete
  2. နေရာတိုင်းမှာ အကျိုး+အပြစ် ဒွန်တွဲနေတတ်တာမို့ လူငယ်လေးများ သတိထား သုံးစွဲကြရင် အကောင်းဆုံးပါဘဲ။
    ဆောင်းပါးလေးက ခေတ်ကာလပေါက် လူငယ်လေးတွေအတွက် ဒက်ထိပါဘဲ။

    ReplyDelete