Friday 2 December 2011

ကမ္ဘာ့ဖလား ဘောလုံးရဲ့ သမိုင်း

ဘောလုံး ဘယ်တုန်းက စကန်ခဲ့ကြတယ် ဆိုတာ မသဲကွဲပေမယ့် ရှေးဟောင်း ဂရိနဲ့ ရောမမှာ ဘီစီ တစ်ရာစုလောက် ကတည်းက လေသွင်းထားတဲ့ လုံးဝန်းတဲ့ အရာကို ခြေထောက်နဲ့ ကန်ကျောက် ကစားတယ် ဆိုတာ တွေ့ကြရသလို တရုတ်၊ ဂျပန်တို့မှာလည်း ဘီစီ ၂၀၀ ခုနှစ် ၀န်းကျင်လောက် ကတည်းက ဘောလုံးကို ကန်ကျောက် ကစားခဲ့တယ်လို့ မှတ်တမ်း ရှိခဲ့ပါတယ်။ ဒါ့အပြင် သမိုင်း မတင်မီ ကာလကတည်းက မြောက်ဖျားက အက်စကီးမိုး တွေနဲ့ ဘောလုံး ကစားဖို့ အင်္ဂလန်ကနေ ဂရင်းလန်ထိ သွားခဲ့တယ် ဆိုတာလည်း မှတ်တမ်းတွေက ဆိုပြန်ပါတယ်။ နောက်တော့ ဩစတြေးလျက အော်ဘိုရိုဂျင်းတွေရဲ့ မှတ်တမ်း ပန်းချီဟောင်းထဲမှာတောင် ဘောလုံးကန် နေကြတဲ့ ကလေးတွေရဲ့ ပုံကို တွေ့နိုင်ပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ ဘောလုံး ကစားနည်းနဲ့ ဘောလုံး ကတော့ အင်္ဂလန်က ဇာတ်လမ်း စတယ်လို့ပဲ အားလုံးက သဘော တူကြတာပါ။ ဘောလုံးပွဲတွေကို ကမ္ဘာအနှံ့ ပရိသတ် အများအပြားက အားပေးကြရာမှာ ခုနောက်ပိုင်း မှာတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲဟာ ပရိသတ် အများဆုံး ဘောလုံးပွဲ ဖြစ်လာပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပွဲကို ကိုယ်တိုင်ဖြစ်စေ၊ ရုပ်မြင်သံကြားမှ ဖြစ်စေ အားပေး ကြည့်ရှုသူ စုစုပေါင်း ၇၁၅ သန်း ရှိတယ်လို့ ဆိုတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် လေးနှစ်တစ်ခါ ကမ္ဘာ့ဖလားဘောလုံးပွဲ နတ်ရဲ့ ဖမ်းစားခြင်းကို ခံစားရတဲ့ အထဲမှာ မြန်မာ ပရိသတ်တွေ ပါနေတာ အသေအချာပါ။

ကိုယ်တိုင်လည်း ဘောလုံးကို ၀ါသနာ ပါပါတယ်။ သတိထားဖတ်ရင် ကိုယ်ဝါသနာ ပါတာ ဘောလုံးပွဲ မဟုတ်တာကို တွေ့မှာပါ။ ဟုတ်ကဲ့။ ဘောလုံးပွဲ ကြည့် ရတာကို ၀ါသနာပါတာထက် ဘောလုံးကန်ရမှာကို ပိုပြီး ၀ါသနာပါပါတယ်။ မှတ်မှတ်ရရ ဘောလုံးပွဲနောက်ခံ ၀တ္ထုတို တစ်ပုဒ်ကို ၁၉၈၅ တုန်းက သဘင်မဂ္ဂဇင်းမှာ “မှောင်ကာ မည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ” နာမည်နဲ့ ရေးဖြစ်တော့ ဘောလုံး ၀ါသနာအိုး နာမည်ရ စာရေးဆရာ တချို့က ၀တ္ထုက ပြောချင်တဲ့ မက်ဆေ့ခ်ျ အပြင် ဘောလုံးပွဲ သရုပ်ဖော်ထားပုံကို သဘောကျကြောင်း တခုတ်တရ အားပေးခဲ့ကြဖူးပါတယ်။ ဘောလုံးကို တကယ် ကန်တတ်မှ သည်ဝတ္ထုမျိုး ရေးနိုင်တာ ဆိုပြီး ကိုယ့်ရဲ့ ဘောလုံးကန် ၀ါသနာကို အသိအမှတ် ပြုခဲ့ကြဖူး ပါတယ်။ ထားပါတော့။

ကိုယ်ကန်ခဲ့ဖူးတဲ့ ဘောလုံးပွဲက ကတ္တရာ လမ်းမပေါ်မှာ တစ်တောင်လောက်မြင့်တဲ့ သစ်သားဂိုးတိုင် လေးထောင်ပြီး ကန်တဲ့ ဒဗလျူ ဘောပွဲလေးမို့ တကယ်ဆို စာမဖွဲ့လောက်ပါဘူး။ တက်နင်းမိရင် ပြားချပ်သွားပြီး ပါးစပ်နဲ့ ကပ်ပြီး မရွံမရှာ လေမှုတ်သွင်းရင် ပြန်ဖောင်းလာတတ်တဲ့ ပြန်ကြိတ် ပလတ်စတစ်နဲ့ လုပ်ထားတတ်တဲ့ ဘောလုံးလေးလောက်ကို ကန်ဖူးတာနဲ့တင် ဘောလုံးသမား ဖြစ်ဖူးတယ်လို့ မဆိုနိုင်တာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်က ရလာတော့ ဘောလုံးပွဲကို ကိုယ်တိုင်လည်း မနွှဲနိုင်၊ အချိန်မရတော့ အားလည်း မပေးနိုင်ဖြစ်နေတာ ကြာပါပြီ။ ဒါပေမယ့် ဘောလုံးဆိုတဲ့ ကန်ကျောက် ကစားရတဲ့ အရာကိုတော့ စိတ်ဝင်စားသေးတာ အမှန်ပါ။ သည်လိုနဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ရာသီမှာ ကမ္ဘာ့ဖလား ဘောလုံးများရဲ့ သမိုင်းကြောင်းလေးကို လှန်လှောရှာဖွေ ဖတ်ဖြစ်မိပါတယ်။ ဘောလုံးပွဲ အကြောင်း မဟုတ်ဘဲ ဘောလုံး အကြောင်းမို့ စိတ်မပျက် သွားစေချင်ပါဘူး။ ဘောလုံး သမိုင်းကလည်း ဘောလုံး ပွဲသမိုင်းလိုပဲ စိတ်ဝင်စားစရာပါ။

ဥရုဂွေး ၁၉၃၀
ကမ္ဘာ့ဖလားပွဲရဲ့ ပထမဆုံး ပွဲစဉ်ဟာ ၁၉၃၀ က ဥရုဂွေး နိုင်ငံမှာ ကျင်းပခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ ကစားခဲ့ကြပါတယ်။ အိမ်ရှင် ဥရုဂွေးက အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီတုန်းက ကန်ခဲ့တဲ့ ဘောလုံးရဲ့ရုပ်ကိုလည်း ကြည့်ကြပါဦး။ မိုက်တိုင်စင် လက်စွမ်းပြထားလို့ ဖြစ်ပျက်နေတဲ့ လက်အိတ်ပုံမျိုး ဖြစ်နေပါလား။ တကယ်တော့ အဲဒီတုန်းက ကန်ခဲ့တာ ဘောလုံးက နှစ်လုံးပါ။ ဖြစ်ရပုံက နှစ်ဖက် အသင်းတွေက သူတို့ ယူလာတဲ့ ဘောလုံးနဲ့ပဲ ကန်လိုခဲ့တာမို့ ပထမပိုင်းမှာ အာဂျင်တီးနားရဲ့ ဘောလုံးကို ကန်ခဲ့ကြပြီး ဒုတိယပိုင်းမှာ ဥရုဂွေးရဲ့ဘောလုံးကို ကန်ခဲ့ကြပါတယ်။ ပထမ ပိုင်းမှာ အာဂျင်တီးနားက နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ ဥရုဂွေးက လေးဂိုး-နှစ်ဂိုးနဲ့ နိုင်သွားတာပါ။ ဒါကိုကြည့်ရင် ဘောလုံးပွဲ အနိုင်အရှုံးမှာ သူ့ဘောလုံး၊ ကိုယ့်ဘောလုံးဆိုတဲ့ ဘောလုံးရဲ့ အခန်း ကဏ္ဍက အရေးပါ နေသလိုပါပဲ။ ရှေးခေတ်က တိရစ္ဆာန် သားရေကို ဘောလုံးအဖြစ် ဖန်တီးခဲ့တာဟာ ၁၉၄၀ လောက်အထိ မပြောင်းမလဲ ရှိနေခဲ့ပါတယ်။ ကစားပွဲကိုသာ လူတွေက စိတ်ဝင်စား ခဲ့ကြပြီး ကစားစရာကို တိုးတက်အောင် မတီထွင်နိုင်ခဲ့တဲ့ကာလတွေ ဆိုပါတော့။

ဘရာဇီး ၁၉၅၀
အဲဒီ အချိန်ထိ သူတို့ကစားတဲ့ ဘောလုံးက သားရေနဲ့ ချုပ်ထားတဲ့ ဘောလုံးပဲ ဖြစ်နေပါသေး တယ်။ သဲကြိုးကြီးတော့ မပါတော့ဘူးပေါ့။ နောက် လေထိုးလို့ ရအောင် လျှာခင်လေးလည်း တပ်ထားနိုင်လာပြီး ရေစိုတဲ့ ဒဏ်ကိုလည်း ခံနိုင်လာပါတယ်။

ဆွစ်ဇာလန် ၁၉၅၇
သည်အချိန်မှာတော့ ကမ္ဘာ့ဘောလုံး ဖက်ဒရေးရှင်းအသင်းကြီး(ဖီဖာ) ပေါ်နေပြီမို့ ကမ္ဘာ့ ဖလားပွဲတွေမှာ ကန်ကြရမယ့် ဘောလုံးရဲ့
အရွယ်အစား၊ အလေးချိန် စတာတွေကို အသင်း ကြီးက ပြဋ္ဌာန်း သတ်မှတ်ပေးပါတယ်။ ဆီးနှင်း တွေ ဖုံးတဲ့နေရာမှာ ကြည့်ကြရမယ့် ဘောလုံးပွဲမို့ အဲဒီနှစ်က ဘောလုံးကို လိမ္မော်ရောင် ဖြစ်ရမယ်လို့ သတ်မှတ်ခဲ့လေရဲ့။

ဆွီဒင် ၁၉၅၈
သားရေဘောလုံး မဟုတ်တော့ကတည်းက ဘောလုံးသမားတွေ အနေနဲ့ ဘောလုံးကို ကြိုက်သလို ဆွဲယူခေါက်ကျော် ကစားနိုင် လာခဲ့ပါတယ်။ သည် ၁၉၅၈ ကမ္ဘာ့ဖလားပွဲမှာတော့ နာမည်ကျော် ဘောလုံးသမား ပီလီက ကွင်းထဲကို စစ်မြင်းဟောင်း တစ်ကောင် စစ်ရေးပြ ပြေးနေသလို ဆည်းဆာအောက်မှာ ခြေစွမ်းတွေ ပြနိုင်ခဲ့ ပါတယ်။



ချီလီ ၁၉၆၂
ဘောလုံး စက်ရုံမှာ ထုတ်တဲ့ ဘောလုံးမျိုးကို စသုံးနေပြီ ဖြစ်ပါတယ်။ သည်အခါမှာတော့ ရေစို ခံနိုင်တဲ့ အပြင် အလေးချိန်လည်း ပိုပေါ့လာပြီဖြစ် ပါတယ်။

အင်္ဂလန် ၁၉၆၆
သည်နှစ် ဖလားပွဲမှာတော့ လိမ္မော်ရောင် ဘောလုံးကိုပဲ သုံးပြီး သည်ဘောလုံးကလည်း ရုရှကစား သမားလိုပဲ နာမည်ကျော် သွားပါတယ်။ “ဆန်တီရေးဂိုး”လို့ အမည် ပေးထားတဲ့ အဖြူရောင်နဲ့ အ၀ါရောင် ဘောလုံးတွေကို သုံးခဲ့ပေမယ့် လိမ္မော်ရောင် ဘောလုံးကိုတော့ ကမ္ဘာ့ဖလားပွဲ အတွက်ဆိုပြီး ရွေးချယ် အသုံးပြုလာပါတယ်။

မက္ကဆီကို ၁၉၇၀
ဖီဖာက ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ အတွက် ဘောလုံးကို မိတ်ဆက် ပေးလာပါတယ်။ ထုံးစံက လေးထောင့်ဆန်တဲ့ ထောင့်တွေနဲ့ ပုံမျိုးကနေ ခြောက်ထောင့် သဏ္ဌာန် ဘောလုံးပုံစံကို ပထမဆုံး အကြိမ် ပြောင်းလဲလိုက် တာဖြစ်ပြီး သည်ပုံစံဟာ သည်နေ့ခေတ် ဘောလုံး ပုံစံပါပဲ။ အမေရိကန် ဗိသုကာ ပညာရှင် ရစ်ချတ် ဘခ်မင်နစ်စတာဖူလာက ပစ္စည်းပစ္စယ အနည်းဆုံး သုံးပြီး ဖန်တီးနိုင်မယ့် ဘောလုံးမျိုးကို တီထွင် ဖို့ ကြိုးစားရာကနေ ခြောက်ထောင့် ဘောလုံးနဲ့ ငါးထောင့် ဘောလုံးတွေ ပေါ်လာကာ သူ့ကို ဂုဏ် ပြုတဲ့ အနေနဲ့ အဲဒီ ဘောလုံးတွေကို “ဘခ်မင်နစ် စတာ“ဘောလုံးလို့ ခေါ်ခဲ့ကြပါတယ်။ ၁၉၇၀ ကမ္ဘာ့ဖလား ပွဲမှာ တရားဝင် သုံးခဲ့တဲ့ “တယ်လ် စတား”ဘောလုံးက နာမည်ကျော် Adidas ကုမ္ပဏီ က ထွက်ပါတယ်။ ဒါ့အပြင် အဖြူနဲ့ အမည်း အကွက် ဘောလုံးကို သုံးဖို့ ဆုံးဖြတ်ခဲ့တာကတော့ အဲဒီနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသမှာ ဖြစ်တဲ့ အတွက် ရုပ်မြင်သံ ကြားကြည့်တဲ့ ပရိသတ်က မြင်နိုင်အောင် ဖြစ်ပါတယ်။ အဲဒီခေတ်က ရုပ်မြင်သံကြားက အဖြူ အမည်းပဲ ရှိသေးတာကိုး။

အာဂျင်တီးနား ၁၉၇၈
သည်နှစ်မှာ ထုတ်ခဲ့တဲ့ ဘောလုံးကတော့ နောက်အနှစ် နှစ်ဆယ်လုံးလုံး စံပြုသုံးစွဲဖြစ်စေမယ့်ဘောလုံးပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ နာမည်ကျော် အကကိုအစွဲပြုပြီး “တန်ဂို”လို့ အမည်ပေးထားပါတယ်။ သည်ဘောလုံးမှာ ပန်နဲလ် ၃၂ ခုပါပြီး အရွယ်တူ စက်ဝိုင်းဆယ့်နှစ်ခု အနေနဲ့ မြင်ကြရမှာ ဖြစ် ပါတယ်။ သားရေဘောလုံးဖြစ်ပေမယ့် ဗိငျိေ ရဲ့ ဓာတုပစ္စည်း တစ်မျိုးနဲ့ ဖုံးအုပ်ထားကာ ဘောလုံးဟာ ရေစိုလည်း ပိုခံကာ ကိုင်တွယ်ရတာလည်း ပိုလွယ်လာပါတယ်။

အက်စပါနား ၁၉၈၂
စပိန်မှာ ကျင်းပတဲ့ ၁၉၈၂ ဖလားပွဲမှာတော့ “တန်ဂို”ဒီဇိုင်းကို အပြောင်း အလဲမရှိ ဆက်သုံးခဲ့ပါတယ်။ Adidas က အဲဒီအချိန်မှာ သူ့ဘောလုံးကို ချုပ်သားတွေ အားလုံး ရေကြား မခိုနိုင်အောင် လုပ်ထားတာမို့ ရေစိုနိုင်တဲ့ အနေ အထားမှာတောင် ဘောလုံးထဲမှာ ရေ၀င် မခိုအောင်၊ ရေခိုရေစိုပြီး အလေးချိန် ပိုမလာအောင် အထူး သတိထား ဖန်တီး ပေးလာပါတယ်။ ဒါပေမယ့် မျှော်လင့် သလိုတော့ ကောင်းမလာခဲ့ပါဘူး။ အများအားဖြင့် ချုပ်သားတွေဟာ ခံနိုင် ရည် သိပ်မရှိကြပါဘူး။ သည်လိုနဲ့ တစ်လုံးလုံး သားရေနဲ့ချုပ်တဲ့ ဘောလုံးကို အဓိက ကျတဲ့ပြိုင်ပွဲတွေမှာ နောက်ထပ် မသုံးဖြစ်ကြတော့ပါဘူး။

ဂျာမဏီ ၁၉၇၄
Adidasျ ရဲ့ “တယ်လ်စတား” ဘောလုံးက အောင်မြင်သွားတော့ ၁၉၇၄ ဖလားပွဲ အတွက် လည်း Adidas ကိုပဲ ဖီဖာက ကော်မရှင်ပေးပြီး ဘောလုံး ဖန်တီးခိုင်းပါတယ်။ အဲဒီနောက် နောက်ကိုးနှစ်အထိ Adidasက ပြိုင်ပွဲ ဘောလုံးတွေချည်း ထုတ်ဖြစ်ခဲ့ရာက ကမ္ဘာ့အားကစား လောကမှာ နာမည်ရ ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၇၄ မှာ သုံးခဲ့သမျှထဲမှာ အလုံးဝန်းဆုံးသော အဖြူအမည်း ကွက်ကြား ဘောလုံးတစ်မျိုး ထွက်ပေါ်လာပါတယ်။ “တယ်လစတားဒါ လပ်စ်”လို့ အမည်ရပါတယ်။ ဒါ့အပြင် အဖြူ ရောင်သက်သက် ဘောလုံးဖြစ်တဲ့ “တယ်လ်စတားချီလီ”ကိုလည်း ထုတ်ပေးခဲ့တာမို့ ဂျာမနီမှာ ကျင်းပတဲ့ ၁၉၇၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကတော့ ပြိုင်ပွဲ ဘောလုံးနှစ်မျိုးကို ကစားခဲ့တဲ့ ပထမ ဆုံးနဲ့ တစ်ခုတည်းသော ဖလားပွဲဖြစ်ခဲ့ပါတယ်။

မက်ဆီကို ၁၉၈၆
သည်နှစ်မှာတော့ Adidas ကပဲ “အဇ်တီကာ”ဆိုတဲ့ သားရေ မပါတဲ့ ဓာတုပစ္စည်းနဲ့ ထုတ်တဲ့ ဘောလုံးကို ဖန်တီးပေးခဲ့ပါတယ်။ ရေမစုပ်တဲ့ အတွက် ဘောလုံးက ကြာရှည်လည်း ခံလာပါတယ်။ ဒါ့အပြင် တောင်ပေါ်မြင့်မားတဲ့ ဒေသနဲ့ အပူချိန် မြင့်မားတဲ့ ဒေသတွေမှာ သုံးတဲ့ အခါ ပိုကောင်းလာသလို မိုးရေထဲမှာလည်း သုံးလို့ ပိုအဆင်ပြေလာပါတယ်။ “တန်ဂို” ဒီဇိုင်းကို မစွန့်ဘဲ အမည်းရောင် အစင်းကြား နေရာမှာ “အဇ်တီကာ”ဒီဇိုင်းကို လှယ်သုံးထားတာပါ။

အီတလီ ၁၉၉၀
သည်နှစ်ဖလားပွဲက သည်ဘက်ခေတ်မှာ အညံ့ဆုံးပွဲ ဖြစ်ပေမယ့် ရေစို၊ ရေခို လုံးဝကင်းတဲ့ ဘောလုံး “အီထရပ်စကို ယူနီကို”ကို ပထမဆုံး အနေနဲ့ စတင် အသုံးပြုခဲ့ကြပါတယ်။ ပေါ်လီယူရီသိန်း အလွှာကို အတွင်းမှာ ခံထားတဲ့ အတွက် ဘောလုံးက အပေါ့လွန်ပြီး ဂိုးဖမ်းသမားတွေ ခုန်ဖမ်းရာမှာ မှန်းရခက်စေခဲ့ပါ တယ်။ သည်ဘော လုံးမှာ တြိဂံနှစ် ဆယ်ပါဝင်တဲ့ ဒီဇိုင်းနဲ့ စက်ဝိုင်း ဆယ့်နှစ်ခု သဏ္ဌာန် ဖြစ်အောင် ဖန်တီးထားပြီး “ခြင်္သေ့ ခေါင်းသုံးခု”ကို လည်း ထည့်ထား ပါသေးတယ်။ အဲဒီ ပွဲမှာ အင်္ဂလန် အသင်းဟာ အကြို ဗိုလ်လုပွဲထိ ရောက်လာပြီးမှ ပြစ်ဒဏ် ဘောနဲ့ ဂျာမနီကို ရှုံးသွားခဲ့ပါတယ်။


ယူအက်စ်အေ ၁၉၉၄
သည်နှစ်မှာတော့ နာဆာက ကြယ်ရှာဖွေရေး အစီအစဉ်တွေ လုပ်နေချိန်မို့ Adidas က အဲဒါကို ဂုဏ်ပြုပြီး “ကွက်စထရာ”လို့ နာမည် ပေးပါတယ်။ အမှန်တော့ “တန်ဂို” ဒီဇိုင်းပါပဲ။ အထဲမှာ ရေမြှုပ် ခံထားတာ ပိုသွားတဲ့ အတွက် ဘောလုံးက ပေါ့သွားကာ ကိုင်တွယ်ရ ပိုလွယ်သွားပါ တယ်။

ပြင်သစ် ၁၉၉၈
“တန်ဂို” ဒီဇိုင်းကို အခြေခံပြီး ပြင်သစ် အလံရဲ့ အရောင်များ ဖြစ်တဲ့ အဖြူ၊ အနီ၊ အပြာ တွေနဲ့ ခြယ်သထားတဲ့ “ထရိုင်ကိုလော” ဘောလုံးကို Adidas က မိတ်ဆက်ပေးခဲ့ပါတယ်။ သည် ဘောလုံးမှာ ဓာတုရေမြှုပ် အလွှာ တစ်ခုကို နည်းပညာသစ် အောင်မြင်မှု အဖြစ် တွေ့ရပြန်ပါတယ်။ သည်နည်းပညာကတော့ ဘောလုံးရဲ့ အတွင်းပိုင်းမှာ လေပူဖောင်းငယ်လေးတွေ ရှိနေပြီး အဲသည် ပူဖောင်းလေးတွေထဲကို လေဖြည့်တင်း ထားတာမို့ ဘောလုံးဟာ တွန်းကန်ရုန်းကြွအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ပါဝင် ကစားကြတဲ့ အသင်းတိုင်းနဲ့ ကစား သမားတိုင်း သဘောကျ ခဲ့ကြကာ ခေတ်သစ်ကမ္ဘာ့ ဖလားပွဲများ အနက် အကောင်းဆုံး ပွဲနှစ်လည်း ဖြစ်ခဲ့ပါတယ်။

ကိုးရီးယား/ဂျပန် ၂၀၀၂
မူလ“တန်ဂို”ဒီဇိုင်းပေါ်မှာပဲ အခြေခံကာ “ဖီဗာနိုဗာ”ဆိုတဲ့ ဘောလုံးကို မိတ်ဆက်ပေးခဲ့ ပါတယ်။ အာရှယဉ်ကျေးမှုကို အခြေခံပြီး ဖန်တီးထားတယ်လို့ ဆိုပါတယ်။ အတွင်းပိုင်း လေပူဖောင်းလေးများ ပါဝင်တဲ့ ရေမြှုပ် အလွှာကို ပြုပြင်လိုက်ကာ ဂိုးသမားတွေ မှန်းရလွယ်အောင် ရည်ရွယ်ပါတယ်။ ဒါပေမယ့် ကစားသမားအား လုံးလိုလိုက ဘောလုံးဟာ သိပ်ကို ပေါ့နေပြီး မှန်းဆ ကိုင်တွယ်ရ ခက်ခဲ့တယ်လို့ ညည်းတွားခဲ့ကြ ပါတယ်။

ဂျာမနီ ၂၀၀၆
သုံးဆယ့် နှစ်နှစ်တိုင်တိုင် နန်းစံခဲ့တဲ့ သုံး ဆယ့်နှစ်ပင် န်နဲလ်ဘောလုံးခေတ် ကုန်သွားပါပြီ။ အခုတော့ ဆယ့်လေးပင်န်နဲလ် ဘောလုံးခေတ် စတင် လိုက်ပါပြီ။ “တင်းမ်ဂိစ်”လို့ခေါ်ပါတယ်။ Adidas က ချုပ်ရိုးတွေလည်း အသုံးမပြုဘဲ ပင်န် နဲလ်တွေကို ဆက်ထားတဲ့ သည်နည်းပညာသစ်မှာ ပင်န်နဲလ် အရေအတွက် နည်းသွားတာဟာ အောင်မြင်မှုလို့ ဆိုပါတယ်။ ဒါကြောင့် သည်ဘောလုံးဟာ နေပူပူ မိုးရွာရွာ ရေစိုစို ဘယ်လိုဖြစ်ဖြစ် အလေးချိန် မပြောင်း၊ စွမ်းဆောင်ရည် မပြောင်း နိုင်ဘူးလို့လည်း ဆိုပါတယ်။

တောင်အာဖရိက ၂၀၁၀
သည်နှစ် ဘောလုံးကိုတော့ တောင်အာဖရိကရဲ့ လူမျိုးနွယ်စု ဆယ့်တစ်ခုကို ဂုဏ်ပြုတဲ့ အနေနဲ့ အရောင် ဆယ့်တစ်ရောင်နဲ့ ဖန်တီးထားပြီး “ဂျဘူလာနီ”လို့ အမည်ပေးထားပါတယ်။ ဇူးလူးဘာသာ စကားအရ “ပွဲတော်”လို့ အနက်ရပြီး Adidas က တောင်အာဖရိကရဲ့ ယဉ်ကျေးမှု ပေါင်းစုံရာ လူ့အဖွဲ့ အစည်းကို ကိုယ်စားပြုပေးထားတယ်လို့ ဆိုပါတယ်။ နည်းပညာ အနေနဲ့လည်း ဆန်းသစ်ထားပြန်ပါတယ်။ ပင်နန်နဲလ် အနေနဲ့ ရှစ်ခုသာ ပါဝင်တော့မှာ ဖြစ်ပြီး ချုပ်ထားတာမျိုးလည်း လုံးဝ မဟုတ်ပါဘူး။ သည်တစ်ခါ ဘောလုံးကတော့ ဂေါ့ဖ်ဘောလုံး တည်ဆောက်ပုံ နည်းပညာကို သုံးထားတဲ့ အတွက် မျက်နှာပြင်မှာ အချိုင့်လေးတွေ ပါနေမှာ ဖြစ်ပါတယ်။ သည်လိုပါခြင်းအားဖြင့် လေထဲမှာ ဘောလုံး လွင့်တက်သွားရာမှာ အကောင်းဆုံး ဖြစ်နိုင်သလို မြေပြင်မှာလည်း အလွယ်ဆုံး ထိန်းဆ ကိုင်တွယ်နိုင်မယ်လို့ ယူဆထားပါတယ်။ မျက်နှာပြင်မှာ အချိုင့်ပါမယ့် ပထမဆုံး ဘောလုံးကို သည်နှစ်ကမ္ဘာ့ ဖလားပွဲမှာ ဘယ်လို ကစားကြမယ် ဆိုတာကတော့ စောင့်ကြည့်ကြရုံပေါ့။

ဘောလုံးကို ကန်တာထက် ဘောလုံးပွဲ ကြည့်တာကို ၀ါသနာပါသူ (ဒါမှမဟုတ် ၀တ္တရားနဲ့ ၀ဋ်တရားအရကြည့်သူ)တွေ များလာတဲ့ သည်ခေတ်မှာ ဘောလုံးပွဲ အကြောင်းတွေက စာမျက်နှာတွေ ပေါ်မှာ ပလူပျံနေပါတယ်။ ကွင်းထဲမှာ အမှန်တကယ် ပလူပျံနေတဲ့ ဘောလုံး တစ်လုံးမှာလည်း သူ့ သမိုင်းနဲ့သူ ရှိနေတာကို သတိထား မိကြစေချင်ပါတယ်။ သူ့ကို ကန်ကျောက် ကစားကြမယ့် ခြေထောက် တွေကြားမှာ အကောင်းဆုံး အသုံးတော် ခံနိုင်ဖို့ သူကလည်း အမျိုးမျိုး ကြိုးစားပြီး အကောင်းဆုံး ပြင်ဆင်နေသလို သူကျောချရမယ့် မြေရဲ့ အမှတ်အသား အတွက်လည်း ကိုယ်စားပြုနိုင်အောင် ကြိုးစား နေတဲ့ ဘောလုံး တစ်လုံးရဲ့သမိုင်းမှာ အားကျ ဆင်ခြင်စရာတွေ ရှိနေတယ်ဆိုရင် မဟုတ်ဘူးလို့ လောင်းချင် အဲ... ငြင်းချင်ကြသေးလား။
 မသီတာ၊စမ်းချောင်း၊
Ref; History of the World Cup Football 1930 to 2010 by
Willie Gannon at Bleacher report FIFA website.

No comments:

Post a Comment